သူတော်ကောင်းဆိုသည်မှာ -မစန္ဒာ (ဝတ္ထုတို)

သူတော်ကောင်းဆိုသည်မှာ (မစန္ဒာ)
_____________________________

"သူခိုး... သူခိုး ...သူခိုး"

"လိုက် ... လိုက်၊ ဟိုဘက်ပြေးတယ် ... လိုက်”

"ချစ်အောင်ရေ... မဲလုံးရေ၊ အဲဒီ ရှေ့က ဆီးပြီးပိတ်ပါဟ၊ ငါ---မသား သူခိုးကို "

အသံကို အရင်ကြားပြီး အိပ်ပျော်ရာမှနိုးတာလား၊ နိုးလာပြီးမှ ထိုအသံတွေကိုကြားတာလား၊ ခင်သက်မော်သည် သူ့ကိုယ်သူ အသေအချာ မသိလိုက်ချေ။ လူနှင့် စိတ်နှင့် ကပ်မိသောအချိန်တွင်တော့ ရင်တွေ တဒုန်းဒုန်း ခုန်ကာထိတ်လန့်နေမိပြီ ဖြစ်သည်။

"မအေ -- သူခိုး၊ သေချင်လို့ခိုးတဲ့သူခိုး၊ ညှာစရာမလိုဘူးတဲ့နော်၊ တစ်ခါတည်း မသာပေါ်ပေးလိုက် "

"ဘုရား ... ဘုရား"

ခင်သက်မော်က သူ့ရင်ဘတ်သူဖိရင်း သံဗုဒ္ဓေဂါထာကို အလိုလို ရွတ်မိပြီးသားဖြစ်နေသည်။ စားပွဲပေါ်မှနာရီလေးကို ခေါင်းထောင်ကြည့်လိုက်တော့ အမှောင်ထဲမှာ လင်းနေသောဒိုင်ခွက်နှင့် လက်တံလေးများက နှစ်နာရီမှ ဆယ်မိနစ်စွန်းနေပြီဖြစ်ကြောင်းကို ညွှန်ပြနေသည်။

တကယ့်ကို အိပ်ကောင်းသည့်၊ အိပ်မောကျသည့် အချိန်ဖြစ်သည်။ အင်း ....သူခိုးဆိုတာကလည်း အိမ်ရှင် အိပ်ကောင်းမှ သူက ခိုးကောင်းတော့မှာပေါ့ဟု ယောင်မှားမှားတွေးနေမိစဉ် တစ်ဖက်ခုတင်တွင် အိပ်နေသော အိမ်ဖော်မလေး မိထွေးက "မိရင်တော့ သတ်ကြတော့မယ် ထင်တယ်၊ ကျွန်မကြောက်တယ် မမလေးရဲ့ "ဟု တုန်တုန်ယင်ယင်နှင့် လှမ်းပြောသည်။

"အေး .. ငါလည်း ကြောက်တာပဲ"

ဟိုဖက်လမ်းကလူငယ်လူရွယ်တွေ အလွန်စည်းလုံးကြပြီး အတော်လေးလည်း သွေးဆိုးကြလေသည်။ အရင်လကပင် သူခိုးတစ်ယောက်ကို ဖမ်းမိကြသေးသည်။ သူခိုးကိုဖမ်း၍ ချုပ်ထားပြီး တစ်ယောက်တစ်လက် ဝိုင်း၍ လက်စွမ်းပြကြသည်မှာ အသက်ပျော့ပျော့သာ ကျန်တော့သည်ဟု ကြားသိရသည်။

"ဟာ"

ခြံစည်းရိုးကိုကျော်ပြီး ခုန်ချလိုက်သောအသံက သိပ်မကျယ်လှသော်လည်း ခင်သက်မော် အသေအချာ ကြားလိုက်သည်။ ကြားလိုက်သည်နှင့် တစ်ပြိုင်နက်တည်း "ဟို ဘယ်သူလဲ"ဟု အလန့်လန့် အဖြန့်ဖြန့် ဖြစ်သွားစဉ် အိမ်ဘေးမှကပ်ပြီး တဖုတ်ဖုတ်ပြေးသွားသော အသံက ခြံနောက်ဘက်သို့ ရောက်သွားလေသည်။

"မမလေး ကြားလား"

"အေး"

"သူခိုးထင်တယ်"

"အေး"

မထွေး၏အသံတွေက တုန်နေသည်။ ခင်သက်မော်ကတော့ အသံပင်ကောင်းကောင်းမထွက်။ စိတ်ထဲတွင်တော့ "သူခိုး သူခိုး၊ ခြံနောက်ဘက်ကို ဝင်ပြေးပြီ"ဟု အသံကုန်အော်နေမိပြီး လူကတော့ မွေ့ရာနှင့်ကျော တစ်သားတည်းနေအောင် ကပ်ထားမိလေသည်။

"မအေ သူခိုး၊ ဒီနားတင်ပျောက်သွားတယ်"

"ဒီခြံထဲ ဝင်သွားလားမသိဘူး"

"မြောင်းထဲဆင်းပြီး စိမ်ချင်လည်း စိမ်နေမှာ၊ သက်ဝေအောင် ဒီမှာ မီးလာထိုးစမ်း၊ ချစ်မောင် မင်းလက်ထဲက ဝါးလုံးနဲ့ မြောင်းထိ မွှေကြည့်စမ်း၊ တွေရင် အသေသာရိုက်သတ်"

"ဘုရား ဘုရား"

ခင်သက်မော်က သူ့ရင်ဘတ် သူဖိရင်း ဘုရားတမိပြန်သည်။ သည်လူအုပ်၏ လက်ထဲသို့ ရောက်သွားလျှင် ကိုရွှေသူခိုး ကျန်းမာရေးအခြေအနေသည် ချက်ချင်းကြီး ဆိုးရွားသွားနိုင်ပါသည်။

"ငါတော့ ခြံထဲဝင်ပြေးတယ်ထင်တာပဲ၊ အိမ်ရှင်တို့ ... အိမ်ရှင်တို့"

ထိုအသံသည် သက်ဝေအောင်၏အသံ ဖြစ်သည်ကို ခင်သက်မော် မှတ်မိသည်။ လူပုံကလေးက ဖြူဖြူသွယ်သွယ်၊ ပျော့နွဲ့နွဲ့နှင့် နူးညံ့ဟန် ရှိသော်လည်း လက်ရဲဇက်ရဲနှင့် တုတ်တစ်ပြက်ဓားတစ်ပြက် လုပ်တတ်ကြောင်း သိထားရသည်။ ဟိုတစ်ခါတုန်းကမိသောသူခိုးကိုလည်း လက်သီးနှင့်ထိုးရုံမက ဓားနှင့်ပါခုတ်မည်လုပ်နေသေးကြောင်း ကြားခဲ့ရသေးသည်။

"မမလေး ကျွန်မတော့ သေးပေါက်ချင်နေပြီ"

မထွေး၏အသံက ငိုသံပါနေသည်။ သူ့ခုတင်ပေါ်မှလှိမ့်ဆင်းလာပြီး ခင်သက်မော်၏ခုတင်ဘေးတွင် လာပြီးဝပ်နေသည်။

"အိမ်ရှင်တို့... အိမ်ရှင်တို့"

"ဟော ...!ဟော ခေါ်နေပြန်ပြီ၊ ဒုက္ခပါပဲ၊ သေတော့မှာပဲ"

"ဘာဖြစ်လို့ ငါတို့က သေရမှာလဲတဲ့၊ အရေးထဲ"

စိတ်တိုလာသော ခင်သက်မော်က ငေါက်ဆတ်ဆတ်ပြောရင်း အိပ်ရာပေါ်မှ ထရန်ဟန်ပြင်သည်။ သို့သော် ရင်တွေက တဆတ်ဆတ်ခုန်နေပြီး မောဟိုက်ဟိုက်ဖြစ်နေ၍ လှုပ်ပင်မလှုပ်နိုင်ဘဲ အားအင်တွေ ကုန်ခမ်းနေသလို
ခံစားနေရသည်။

"ကျွန်မတို့သေမှာမဟုတ်ပါဘူး၊ သူခိုး မမလေးရဲ့ ၊ သူခိုးသေမှာ"

ခင်သက်မော်၏လက်မောင်းကို အားကိုးတကြီးနှင့် လာပြီး ဆုပ်ကိုင်ထားသော မထွေး၏လက်များက တုန်ယင်အေးစက်နေသည်။ သူက အင်မတန် အသည်းငယ်တတ်သူဖြစ်သည်။ ဈေးသွားလျှင်ပင် ငါးစိမ်းသည်က ငါးအရှင်လတ်လတ်များကို တခွပ်ခွပ် ထုနေပြီဆိုပါက ထိုအနားတွင် ကြာရှည်မနေတော့ဘဲ ကျောခိုင်းပြေးတတ်သူဖြစ်သည်။

"အိမ်ရှင်တို့ ... အိမ်ရှင်တို့"

"ဟော .... ဟော ...ခေါ်နေပြန်ပြီ"

"အသာနေစမ်းပါ မထွေးရယ်၊ နင်ကလည်း ငါတို့တွေ အသာငြိမ်နေလိုက်ရင် ပြီးတာပဲ၊ ခြံတံခါးကိုတော့ သူတို့ အတင်းကျော်မဝင်ပါဘူး"

ခင်သက်မော်က မထွေး၏ကျောကို အားပေးသလို ပုတ်လိုက်ပြီး အိပ်ရာမှ ဖြည်းဖြည်းလေး ထသည်။ မီးမှိတ်ပြီး ခန်းဆီးချထားသော သူတို့အခန်းထဲကို အပြင်ကလူတွေ ဘယ်လိုမှ လှမ်းမမြင်နိုင်မှန်း သတိမထားမိဘဲ ပုန်းလျှိုး ကွယ်လျှိုး လှုပ်ရှားရင်း အမေတို့ရှိရာ အပေါ်ထပ်သို့ အသာစမ်း၍ တက်သွားသည်။ လှေကားထိပ်တွင် ရပ်နေသော သူ၏ဖခင် ဦးမောင်မောင်ဒွေးက 'သမီးလား'ဟု ခပ်တိုးတိုး လှမ်းမေးသည်။

"ဘယ်လိုလုပ်မလဲ အဖေ"

အဖေ့ကိုမြင်တော့ ခင်သက်မော် အတော် အားရှိသွားသည်။ သူလည်း အထွေးလိုပင် ဖြစ်သည်။ အသံတွေ တုန်ပြီး လက်ဖျားတွေ အေးနေသည်။

"ခြံတံခါးဖွင့်ပေးလိုက်ရင်တော့ အဲဒီအကောင် သေမှာပဲ"

"သူ ... သူ နောက်ဖေးမှာ တကယ်ရှိနေတာလားဟင်"

နောက်ဖေးဘက်ကိုပြေးသွားသော်လည်း နောက်ဖေးစည်းရိုးကို တစ်ခါထပ်ကျော်ကာ နောက်ဖေးလမ်းကြားမှ ထွက်ပြေးသွားချင် သွားမှာဟု တွေးနေမိသောအတွေးက မှိန်သွားသည်။

'သူဝင်လာကတည်းက ခြေသံကြားလို့ အဖေသိလိုက်တယ်၊ ဒါနဲ့ အပေါ်ထပ်ရေချိုးခန်းကနေ လှမ်းပြီး ကဲကြည့်နေတာ၊ အဲဒီအကောင် ရေစင်ပေါ်ကို ပြိုးပြိုးပျာပျာနဲ့ တွယ်တက်သွားတာမြင်လိုက်တယ်"

"ဟယ် အခု ရေစင်ပေါ်မှာပေါ့"

"ဟုတ်တယ်၊ တိုင်ကီဘေးမှာဝပ်နေမှာပေါ့"

လမိုက်ရက်ဖြစ်သည့်အပြင် သူ့မိခင် ဒေါ်ခင်မေချောက ရှိသမျှ မြေကလေးကွက်ကွက်တွင် သရက်၊ မာလကာ၊ ပိန္နဲ စသည်များကို အုံ့ဆိုင်းနေအောင်စိုက်ထား၍ မှောက်မိုက်မိုက်အခြေအနေက ကိုရွှေသူခိုးကို အထောက်အကူပြု
နေသည်။

"ဒီလောက်တောင် ဆူညံနေတာ မနိုးဘူးတဲ့ဗျာ၊ အတော်ကို အအိပ်ကြီးတို့အိမ်ရှင်တွေ ၊ အံ့ရော"

"အိပ်လို့ရယ် ပျော်၌ ဆင်အော်လို့ မနိုး ဟိုး ...ဟိုး... ဟိုး.."

မကျေမနပ်ပြောပြီး ရယ်သွမ်းသွေးနေသော အသံများကို ကြားနေရသည်။ တစ်ယောက်ကတော့ သူခိုးကိုထုမည်ဟု ကိုင်လာသော အုတ်ခဲပိုင်းကို မြောင်းထဲသို့ လွှဲပြီးပစ်ပေါက်လိုက်ဟန်ရှိသည်။ ဗွမ်းခနဲ မြည်သွားသော အသံနှင့် အတူ "ဟကောင် ဒီမှာ စင်ကုန်ပြီဟ"ဟု အော်လိုက်သော အသံကိုပါ ကြားရသည်။

"အိပ်ချင်ဟန်ပဲ ဆက်ဆောင်နေရအောင်နော် အဖေ"

"အေး အဲဒါပဲ ကောင်းပါတယ်၊ ဒီကောင်သေသွားတာနဲ့စာရင် တို့သားအဖတွေ အအိပ်ကြီးလိုက်ကြတာလို့ နာမည်ပျက်တာက မထောင်းတာလှပါဘူး၊ ကဲ.. ကဲ ...သမီးလည်း သွားအိပ်တော့"

ဦးမောင်မောင်ဒွေးက အိပ်ခန်းထဲ လှည့်ဝင်သွားသည်။

"အမေရော အဖေ”

ခင်သက်မော်က ခပ်တိုးတိုး လှမ်းမေးသည်။ အမေကလည်း ရင်တုန်မောတတ်တော့ သွေးဆေးလေးများ တိုက်ရမလားဟု စဉ်းစားနေမိသည်။

"သမီးရဲ့ အမေကတော့ ထုံးစံအတိုင်း ဒေါမနဿ သဟဂုတ်ပဲလေ၊ သူခိုးကိုဖမ်းမိပြီး ထောင်းကြ သတ်ကြမှာကိုလည်း စိုးရိမ်၊ ဒီနေရာ ဒီဌာန ကိုယ့်ပိုင်နက်ထိမှာ ဒီဗာလာနံရှိနေမှန်းသိရက်နဲ့ ငြိမ်နေရတာကိုလည်း စိတ်မချမ်းသာဆိုတော့ ဒီသူခိုး ဘေးကင်းရန်ကင်းဖို့ ဥပဒေရဲ့အဆုံးအမ ခံယူနိုင်ပါစေဆိုပြီး ဒေါသကလေးတကဲကဲနဲ့ ဆုတောင်းမေတ္တာပို့နေလေရဲ့"

ခင်သက်မော် အခန်းထဲသို့ လှမ်းကြည့်လိုက်တော့ ခြင်ထောင်ထဲတွင် ကျုံ့ကျုံ့ကလေးထိုင်ကာ လက်အုပ်ချီဆုတောင်းနေသော အမေ့ကို တွေ့ရသည်။

ခင်သက်မော် ခြေဖော့ဆင်းပြီး အိမ်အောက်ထပ်သို့ ပြန်ဆင်းလာခဲ့သည်။ မှောင်နေသော်လည်း ကိုယ့်အိမ်ဖြစ်၍ အထာသိနေသောခြေထောက်များက ဘာကိုမျှ ခလုတ်မတိုက်မိချေ။ အခန်းထဲရောက်တော့ ပြတင်းပေါက်နား ရောက်နေသောမိထွေးကို တွေ့ ရသည်။ ခန်းဆီးလေးကို အသာဟကာ အပြင်ဘက်ကို လှမ်းကြည့်နေသည်။

ခင်သက်မော်လည်း သူ့နောက်နား အသာကပ်ကာ သူ့လိုပင် ချောင်းကြည့်မိသည်။ ရုံးစုရုံးစုလုပ်နေသူ ဆယ့်သုံး လေးယောက်ခန့် ရှိသည်။

"ဒီလောက်ဆူနေတာ မနိုးဘဲ အိပ်နေတာ အံ့ပါရဲ့ တဲ့၊ ပြောနေကြတယ်၊ မမလေးကြားလား”

မထွေးက အပြင်ကလူတွေ ကြားသွားမှာ စိုးရိမ်သလို လေသံကလေးနှင့် ပြောသည်။ သူကလည်း လေသံကလေးနှင့် "ပြောတော့ပေါ့ဟယ်၊ ဘယ် တတ်နိုင်မှာလဲ"ဟု ပြန်ပြောမိသည်။ ရေစင်ပေါ်တွင် ဝပ်ရင်း ကြောက်ဒူးတုန်နေရှာမည့် ကိုရွှေသူခိုး၏ကံကြမ္မာသည် သူတို့နိုးခြင်း မနိုးခြင်းနှင့် တိုက်ရိုက်သက်ဆိုင်နေလိမ့်မည်ဟု တစ်ခါတရံမျှပင် မတွေးခဲ့ဖူးချေ။

"ငါတော့ ပြန်အိပ်တော့မယ်"

ခင်သက်မော်က အိပ်ရာထဲပြန်ဝင်သည်။ ကိုရွှေသူခိုးက ရေစင်ပေါ်တွင် ဘေးကင်းရန်ကင်းရှိနေသည်ဟုဆိုတော့ မထွေးလည်း ရှူးရှူးမပေါက်ချင်တော့ပေ။

အိပ်ရာထဲရောက်တော့လည်း အိပ်ပျော်နိုင်မည် မဟုတ်။ ချုံပုတ်ကို တုတ်နှင့် လိုက်ရိုက်လိုက်၊ ရေမြောင်းထဲကို ခဲနှင့် ပစ်လိုက်လုပ်နေသော အသံများကို နားတစွင့်စွင့်ဖြစ်နေသည်။ နောက်တော့လည်း ဇွဲကောင်းသူ သုံး လေယောက် မှအပ တဖြည်းဖြည်း လူစုကွဲသွားသည်။

"မမလေး"

"ဘာလဲဟ"

"သူခိုးက ဘယ်အရွယ်လောက်ရှိပြီလဲဟင်၊ ဘဘကြီးတွေ့လိုက်တယ်ဆို"

"ဪ မထွေးရယ်၊ မှောင်မှောင်မဲမဲမှာ အရိပ်လောက်ပဲ တွေ့ လိုက်ရတာ သိမလားတဲ့၊ နေဦး ရေစင်ပေါ်ကဆင်းလာမှ နင်စောင့်ပြီး မေး၊ ထမင်းစား ဖိတ်ချင်လည်း ဖိတ်လိုက်ဦး"

ခင်သက်မော်က စိတ်တိုတိုနှင့် အဒေါ်တူး၍ ပြောလိုက်သော်လည်း အတီးအတနိုင်လှသော မထွေးက "အံမာလေး မမလေးရယ်၊ ထမင်းစားတော့ မဖိတ်ရပါဘူး၊ ခင်မှမခင်သေးတာ" ဟုပြောသည်။ ခဏနေတော့ "ကျွန်မတို့ကို သူသိပ်ပြီး ကျေးဇူးတင်နေမှာ မမလေးရဲ့ ၊ သူ့အသက်ကို ကယ်လိုက်တာမဟုတ်လား"ဟု ပြောပြန်သည်။

ခင်သက်မော်ကတော့ ခြင်ထောင်အမိုးကို စိုက်ကြည့်ရင်း "အင်း ....ကျေးဇူးပဲတင်နေမလား၊ အပြင်ဘက်ကလူတွေလို 'အအိပ်ကြီးလိုက်တဲ့ အိမ်ရှင်တွေ အံ့ရောဗျာ'လို့ သြချနေမလား၊ ဘယ်သူသိနိုင်မလဲ"ဟု တွေးနေမိသည်။ 

သူက ကျောင်းဆရာမဆိုတော့ ဗာလာနံလူမိုက်ထဲတွင် အကျုံးဝင်သော ထိုသူခိုးကို ဆုံးမချင်စိတ်ပေါက်နေသည်။

သူများပစ္စည်းခိုးယူသော အဒိန္နဒါနာကံ၏အကုသိုလ်အကျိုးဆက်များပုံကို ပုံတိုပတ်စလေးတွေ ဝေဝေဆာဆာနှင့် ပြောပြလျှင် လိမ္မာ၍များလာလေမလားဟု တွေးနေမိသည်။

"အဒိန္နဒါန်၊ ကျူးလွန်ပြန်မှု၊ ပစ္စည်းနည်းမွဲ၊ ဆင်းရဲငတ်ဘိ၊ လိုရှိမရ၊ ဘောဂပျက်စီး၊ ရေမီးသူခိုး၊ မွေခံဆိုးနှင့် ၊ မင်းဆိုး အပြား၊ ရန်မျိုး ငါးကြောင့် ၊ ပျက်ပြားဥစ္စာ၊ ပြစ်များစွာသည်၊ အဒိန္နာဒါန် အပြစ်တည်း"ဟု ရေရွတ်ပြီး ရှင်းလင်းပြချင်နေသည်။

ထို့နောက်တစ်ဖန် 'ဒီလောက်တောင် ဒုက္ခရောက်ပြီး အထိတ်တလန့် ဖြစ်ခဲ့ပြီးမှတော့ ဒီသူခိုးလည်း နောင်ကြဉ်ရောပေါ့၊ ထပ်ပြီး ခိုးရဲမှာ မဟုတ်ပါဘူး'ဟု တွေးနေမိပြန်သည်။ 'အခုလည်း ဘယ်အချိန်ကျမှ ရေစင်ပေါ်က ဆင်းလာရဲပါ့မလဲ' ဟု တွေးရင်းတောရင်း နံနက်လေးနာရီထိုးသွားသည်အထိပင် အိပ်မပျော်။ 

မထွေး၏ အသက်ရှူသံမှန်မှန်က နာရီသံတစ်ချက်ချက်နှင့်အတူ စည်းဝါးကျကျဖြစ်နေတော့မှ သူ့ကိုချော့သိပ်သလိုဖြစ်ကာ မျက်တောင်တွေ တဖြည်းဖြည်း စင်းငိုက်လာသည်။ ထို့နောက် အိမ်ဘေးမှ ကပ်ခါ ပြန်ထွက်လာမည့် သူခိုး၏ခြေသံကို နားစွင့်ရင်းစွင့်ရင်း ပြန်လည်အိပ်ပျော်သွားသည်။

အံမာ၊ အိပ်မက်ထဲတွင် ကိုရွှေသူခိုးကို တွေ့နေသေးသည်။ မျက်နှာကိုလည်း မသဲကွဲ၊ လူဟန်ကိုလည်း မသဲကွဲချေ။ အမှောင်ရိပ်ခပ်ကျကျတွင် ယို့ယို့ကလေးရပ်ရင်း 'ကျေးဇူးကြီးပါတယ် ဆရာမရယ်၊ ဒီကျေးဇူးကို တစ်နေ့နေ့ ဆပ်ပါ့မယ်' လို့ပြောသည်။ သူက ဆုံးမစကားတွေကို အလောတကြီ ပြောတော့ စိတ်ညစ်ဟန်နှင့် နောက်တဖြည်းဖြည်းဆုတ်ရင်း 'အဲဒါတွေကိုတော့ နားမထောင်အားသေးဘူးဆရာမရဲ့ ၊ ခိုးစရာတွေ ရှိသေးတယ်'ဟု ခပ်တိုးတိုး ပြောရင်း မှိန်ကာပျောက်သွားသည်။

ထိုနေ့နံနက်တွင် ခင်သက်မော် ခုနစ်နာရီကျော်မှ အိပ်ရာကနိုးတော့သည်။ ရှစ်နာရီခွဲလျှင် ကျောင်းသွားရတော့မည်မို့ တစ်ခါတည်း ရေမိုးချိုးကာ အဝတ်အစားလဲပြီး အခန်းထဲမှ ထွက်လာခဲ့သည်။

"သမီးရေ ...လာ၊ ထမင်းကြော်လေး စား"

ထမင်းစားခန်းထဲတွင် ရောက်နှင့်နေသော အဖေနှင့်အမေက ဆီးခေါ်ကြသည်။ မျက်နှာချင်းကြာကြာဆိုင်လျှင် စကားအပေါက်မတည့် ဖြစ်တတ်သော ခင်သက်မော်၏မိဘနှစ်ပါးက အခုတော့လည်း ကြည်သာရွှင်ပြနေကြသည်။

"ညက သူခိုး ဘယ်အချိန်မှထွက်သွားလဲ၊ သိလား အဖေ"

"မသိပါဘူးကွာ၊ ဝင်သက်ထွက်သက်လေး မှတ်ရင်း နားတော့ စွင့်အထားသား၊ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် ဘယ်အချိန် အိပ်ပျော်သွားမှန်းတောင် မသိလိုက်ဘူး"

"ရေစင်ပေါ်ကနေ တော်တော်နဲ့ကို ဆင်းရဲမှာမဟုတ်ဘူး သမီးရဲ့ ၊ ဒီလိုသူတော်ကောင်းတွေ နေတဲ့ခြံထဲ ခုန်ဝင်မိလို့သာ ဒီအကောင် အသက်ရှင်တာ၊ နို့မို့ဆိုရင် မလွယ်ဘူး၊ အမေဖြင့် ဒီမနက် ဈေးတောင်မသွားရဲဘူး၊ တော်ကြာနေ ညက အိပ်လှချေကလား၊ မနိုးဘူးလား ဘာလားနဲ့ မေးကြစမ်းကြမှာစိုးလို့"

လူသားတစ်ဦး၏ ဘေးဒုက္ခနှင့် အသက်အန္တရာယ်ကို အကာအကွယ်ပေးနိုင်ခဲ့သဖြင့် သူ့မိခင် ဒေါ်မေချောက ဝမ်းမြောက်ကြည်နူးနေဟန်ရှိသည်။ ဒီကြားထဲမထွေးက "ကျွန်မသာ သူခိုးဆိုရင် အမေကြီးတို့ ဘဘကြီးတို့ကို ရှိခိုးပြီးမှ ခြံထဲကပြန်ထွက်မှာ" ဟု ထပ်မြှောက်နေသေးသည်။

ပြဿနာ။ အဲ ပြဿနာကတော့ ဖိနပ်စီးတော့မည်ပြုသောအခါမှ စခြင်းဖြစ်သည်။ ခင်သက်မော်မှာ ခိုစိမ်းဖိနပ်အစိမ်းရောင်လေးတစ်ရန်ရှိသည်။ သူက ဆရာမဆိုတော့ ကျောင်းလုံချည်စိမ်းနှင့် လိုက်ဖက်ရန် အစိမ်းရောင်အောက်ခံတွင် ဘော်ကြယ်အစိမ်းလေးတွေ ထိုးထားသော ဖိနပ်ကို ရှားရှားပါးပါး ရှာဝယ်ထားခြင်း ဖြစ်လေသည်။ အခု အဲဒီဖိနပ်ကို မတွေ့ရတော့။

"မထွေးရေ ... ငါ့ဖိနပ်တွေ့မိလား"

မထွေးက ခေါင်းခါသည်။
"မမလေးဖိနပ် သူခိုးစီးသွားပြီထင်တယ်"ဟု ရယ်ကျဲကျဲနှင့် ပြောသည်။

"သူခိုးက ယောက်ျားပါဟဲ့၊ ဘော်ကြယ်ထိုးထားတဲ့ မိန်းမဖိနပ်တော့ မစီးပါဘူး၊ စီးချင်းစီးရင် ယောက်ျားဖိနပ်ပဲစီးမှာပေါ့"

ခင်သက်မော်က စိတ်ရှုပ်ရှုပ်နှင့် ပြောရင်း အ​ဖေ့ဖိနပ်ကို ကြည့်မိသည်။

"ဟောတော့ အ​ဖေ့ဖိနပ်လည်း မတွေ့တော့ဘူး"

ဒီတစ်ခါတော့ သူ၏အဖေရော အမေပါ ခေါင်းထောင်လာကြသည်။

"ဟ ငါ့ဖိနပ်အသစ်ကြီးလား"

"တစ်နေ့ကပဲ အမေဝယ်ခဲ့တာ၊ မြမာလာဖိနပ်လေ၊ နှစ်ထောင့်ငါးရာတောင်ပေးခဲ့ရတာဟဲ့၊ မရှိတော့ဘူးလား"

ခင်သက်မော်က ဖိနပ်ချွတ်သံပန်းနားက တုတ်ချောင်းလေးကို အငိုင်သားကြည့်နေမိသည်။ သူတို့၏ဖိနပ်ချွတ်က အပြင်ဘက်တွင် သံပန်းဆွဲတံခါးကိုသာ ကာရံထားသည်။ အတွင်းဘက်ကျမှ သစ်သားတံခါး ပိတ်လေတော့ ခိုးချင်စိတ်ရှိလျှင် တုတ်နှင့်လှမ်းဆွဲပြီး လက်နှိုက်ပြီး ထုတ်ယူနိုင်သည်။ အရင်တုန်းကတော့ ခြံဝင်းတံခါးကိုကျော်ဝင်ပြီး မည်သူကမျှ လာမခိုးဖူးခဲ့ချေ။ အခုမှ.. အခုမှ။

"ဟီ ဟိ၊ သူခိုးက သူ့အတွက်တင်မကဘူး၊ သူ့မိန်းမအတွက်ပါ ခိုးသွားပြီ၊ ဟီ ဟိ"

မထွေးက တဟိဟိရယ်နေသည်။ ခင်သက်မော်မျက်စောင်းထိုးလိုက်မှ ဇက်ကလေးပုကာ ဝင်သွားလေသည်။

"ဒါကြောင့်မို့လည်း တို့ရဲ့ မြတ်စွာဘုရားက မင်္ဂလာတရား သုံးဆယ့်ရှစ်ပါးထဲမှာ အသေဝနာစ ဗာလာနံကို ရှေ့ဆုံးက ဟောခဲ့တာပဲ၊ ငါတို့က ဒီဗာလာနံ လူမိုက်ကို ဝေးဝေးကမရှောင်ဘဲ ခြံထဲအဝင်ခံပြီး အတော်နီးနီး နေလိုက်တာကိုး၊ ဖိနပ်လောက်နဲ့ ပြီးသွားတာ ကံကောင်း"

ဦးမောင်မောင်ဒွေးက ပြောသည်။ ဒေါ်ခင်မေချောကတော့ သူကိုယ်တိုင်ဝယ်ခဲ့ရသော 'မြမာလာ'ဖိနပ်လေးကို နှမြော၍ မဆုံး။ 'နှစ်ထောင့်ငါးရာကြီးတောင်ပေးခဲ့ရတာ၊ နည်းတဲ့ငွေမှမဟုတ်တာ'ဟု တွေးရင်း တွေးရင်း ဒေါသတွေ
ဖြစ်လာသည်။ ခုနက ရွှင်ပြီးကြည်နေသော မျက်နှာသည် တဖြည်းဖြည်းနှင့် မှုန်ပြီး ရှုံ့လာသည်။

"ဒီလိုမှန်းသိရင် ညတုန်းက အိပ်ချင်ယောင်ဆောင်မနေလိုက်ပါဘူး၊ 'ဟောဒီမှာ ...ရေစင်ပေါ်မှာပါ' လို့အော်ပြီး တံခါးဖွင့်ပေးလိုက်ရ ကောင်းသား၊ ဟွန်း"

ခင်သက်မော်က နှုတ်ခမ်းကိုကိုက်ထားသည်။ သူကလည်း ဖိနပ်ကလေးကို နှမြော၍မဆုံး။

"ဒီလို ကျေးဇူးရှင် သူတော်ကောင်းကို ပြစ်မှားရဲတဲ့ လူ့ဗာလ၊ ဘုန်းကြီးလို့အသက်ရှည်ပါစေ။ ကျန်းမာလို့ချမ်းသာပါစေ။ သွားလေရာလာလေရာ ခလုတ်မထိ ဆူးမငြိဘဲ ဘေးရန်ကင်းရှင်းပါစေတော် "

ဒေါ်ခင်မေချောက အရှည်ကြီး ရေရွတ်နေသည်။ သူ၏အတွင်းစိတ်သည် သူ့နှုတ်ထွက်စကားနှင့် ပြောင်းပြန်ဖြစ်ကြောင်းကိုကား အားလုံး နားလည်ကြပြီးဖြစ်လေသည်။

"သူတော်ကောင်းပစ္စည်းကိုမှ ခိုးရဲတဲ့ လူဆိုးလူမိုက်"

ခင်သက်မော်က စိတ်ထဲမှ ထပ်ဆင့်ရေရွတ်ရင်း လှေကားအောက်တွင်ရှိသော။ဖိနပ်အဟောင်းများကို ဆွဲထုတ်သည်။ ထိုအထဲတွင် ပြုတ်ခါနီး၊ ပျက်ခါနီးဖိနပ်များ ရှိသည်။ သင့်တော်သောတစ်ရန်ကို ယူပြီးစီးသွားရန် ဖြစ်လေသည်။

"အလကား၊ လူဆိုး၊ လူမိုက်၊ လူ့ဗာလ"

ဒေါ်ခင်မေချောက ရေရွတ်ပြန်သည်။ ခင်သက်မော်က ခေါင်းညိတ်ကာ ထောက်ခံသည်။ ဟုတ်ပါသည်။ အလကားလူ၊ နှစ်ပြားမတန်သည့်လူ၊ အပါယ်လားမည့်လူ၊ အကုသိုလ်တစ်ပုံတစ်ပင်ကြီး ထမ်းရွက်ထားသည့်လူ။

"သူတော်ကောင်းကို ပြစ်မှားတဲ့သူ"

ဒေါ်ခင်မေချောက ရေရွတ်ပြန်သည်။ ခင်သက်မော်က ခုနတုန်းကလို ခေါင်းညိတ်ထောက်ခံမည် ပြုပြီးမှ ခပ်ငေးငေး ဖြစ်သွားသည်။

"ဖိနပ်ကလေးတစ်ရံ နှစ်ရံ ပျောက်ရုံနဲ့ ဒီလောက်စိတ်ဆိုးပြီး စိတ်ဆင်းရဲနေတဲ့သူတွေဟာ သူတော်ကောင်းဟုတ်ပါ့မလား"

သူ့ခေါင်းထဲကို ဒီလိုအတွေးက ဘာကြောင့် ရောက်လာရသနည်း။ ခင်သက်မော်လည်းမသိချေ၊ အမေကတော့ 'သူတော်မှ ငါကောင်းနိုင်မှာပေါ့'ဟု မကြာခဏပြောတတ်သည်။ တစ်နေ့တုန်းက ဘာသာရေးစာစောင်ထဲတွင် မူ 'သူတော်ဖို့အတွက် ငါက ကောင်းရမှာ၊ ဒါမှ သူတော်ကောင်း'ဟု ရေးထားသည်ကို ဖတ်လိုက်ရသည်။

ဒါဆိုရင် ... ဒါဆိုရင်...။

လှေကားထစ်တွေကို ဣန္ဒြေရစွာ တစ်လှမ်းချင်းနင်းရင်း အိမ်ပေါ်ထပ်မှဆင်းလာသော ရွှေဝါက လှေကားအောက်တွင် ငုတ်တုတ်လေးထိုင်နေသော ခင်သက်မော်ကို ငုံ့ကြည့်နေသည်။ ထို့နောက် သူ့ရှေ့မှဖိနပ်ပုံပေါ်သို့ ပေါ့ပါးစွာ ခုန်ချလိုက်သည်။

"ပြောစမ်းပါ ရွှေဝါရယ်၊ ငါတို့တွေဟာ သူတော်ကောင်းအစစ် ဟုတ်ရဲ့ လားဟင်"

ခင်သက်မော်က တိုးတိုးလေး မေးလိုက်မိသည်။

ဖိနပ်ပုံဘေးတွင် ဟိုနမ်းဒီနမ်းနှင့် ကြွက်တို့၏အနံ့ကို ခံနေသော ရွှေဝါက ခေတ္တမျှ ငြိမ်သွားသည်။ ထို့နောက် သူ့သခင်မကို စိမ်းစိမ်းကြီး မော့ကြည့်ရင်း "ညောင် ဝေါင်
ဝေါင်"ဟု အာခေါင်သံနှင့် အော်လိုက်သည်။

ခင်သက်မော် သိချင်လှသည်။ ရွှေဝါ ဘာများပြောလိုက်သနည်း။
သိချင်စမ်းလှသည်။
-----------------------------------------------
မစန္ဒာ
လုံမလေး၊ ၂၀၀၃ ခုနှစ်၊ ဇွန်လ။

Post a Comment

0 Comments