အန်ကယ်နဲ့ဦးလေး - မစန္ဒာ

အံကယ်နဲ့ ဦးလေး (မစန္ဒာ)
_____________________

ကျွန်မတို့ အိမ်က စာအုပ်စင်တွင် ဦးထွန်းတင်(မန်းတင်) သို့ဟု ရေးပြီး အောက်ဘက်တွင် မောင်လှဟု လက်မှတ်ရေးထိုးထားသော စာအုပ်တော်တော်များများ ရှိပါသည်။ စာအုပ်တိုင်းသည် မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်၊ လူငယ်များ ကြီးပွါးတိုးတက်စေလိုသောစိတ်၊ လမ်းမှားလျှောက်မိမှာ စိုးရိမ်သောစိတ် စသော စိတ်စတနာများနှင့် ထုံမွှမ်း မွှေးကြိုင်နေသည်ဟု ကျွန်မထင်သည်။

ကျွန်မ၏ ဖခင်နှင့် ဦးလေးလှ၊ ဒေါ်ဒေါ်မာတို့သည် အတော်ကလေး ခင်မင်ရင်းနှီးကြပါသည်။ သို့သော် ကျွန်သည် ဦးလေးလှကို နှစ်ခါသာ မြင်ဖူးလိုက်ပါသည်။ အကယ်၍ မေမေသာ ၁၉၇၂ ခုနှစ်က ပေါင်ရိုးကျိုးပြီး မန္တလေးဆေးရုံ မတက်ခဲ့ရလျှင် မြင်ဖူးလိုက်ရမည်ပင် မထင်ပါ။

မေမေ့ကို ရန်ကုန်ဆေးရုံကြီးတွင် ဦးစွာတင်ပြီး ခွဲစိတ်ခဲ့ရာ ဆက်ထားသော သံချောင်းရိုး ပြုတ်ထွက် သွားပြီး မအောင်မမြင် ဖြစ်ခဲ့ရသည်။

'နဂိုက ဦးလှက ဦးစံဘော်နဲ့ ပြခိုင်းနေတာ၊ ဖေဖေက သားသမီးတွေ ရှိတဲ့ ရန်ကုန်ကို ရွေးမိလို့...'

ဖေဖေက မချိတင်ကဲ ပြောရှာသည်။ မေမေကတော့ သုံးလလောက် ချိုင်းထောက်ကြီးနှင့် နေရပြီး နောက်ဆုံးတော့ အရိုးမဆက်ဘဲ ပြုတ်ထွက်သွားသည်ဆိုတော့ တရားနှင့် ဘယ်လိုဖြေဖြေ မျက်ရည်တော့ ကျရှာသည်။

ထိုစဉ်က မန္တလေးဆေးရုံကြီးမှ အရိုးအထူးကု ဆရာ၀န်ကြီး ဦးစံဘော်သည် မေမေကဲ့သို့ ပေါင်ဆုံရိုး ကျိုးသူများကို ဆင်စွယ်အစားသွင်းပြီး ကုရာ အထူးအောင်မြင်နေချိန် ဖြစ်သည်။

ဖေဖေ တာ၀န်ထမ်းဆောင်နေရသည်က တောင်ကြီး၊ ကျွန်မတို့ မောင်နှမတွေက ရန်ကုန်၊ မေမေ့ကို တင်ရမည့်ဆေးရုံက မန္တလေးဆိုတော့ ကျွန်မတို့ မိသားစု အတော်လေး ကသီလင်တ ဖြစ်ခဲ့ကြသည်။ နေရေး ထိုင်ရေး၊ သွားလာ စားသောက်ရေး ကိစ္စအ၀၀ကို ဖေဖေ၏ ငယ်သူငယ်ချင်းဖြစ်သူ ဦးသိန်းမောင်နှင့် ဒေါ်အမက တာ၀န်ယူ ကူညီခဲ့ကြသည်။ သူတို့၏ စေတနာမေတ္တာနှင့် ကျေးဇူးကား ဆပ်၍မကုန်နိုင်အောင် ကြီးမားလှပါသည်။ ဆရာ၀န်ကြီး ဦးစံဘော်နှင့်တော့ ဦးလေးလှနှင့် ဒေါ်ဒေါ်မာတို့က အသေအချာ ပြောဆိုအပ်နှံပေးကြပါသည်။ ဦးလေးလှသည် ဦးစံဘော်နှင့်သာမက သူ၏ဇနီး သမားတော်ကြီး ဒေါက်တာ ဒေါ်မြင့်မြင့်ခင်နှင့်ပါ ခင်မင်ရင်းနှီး ကြသူများ ဖြစ်သဖြင့် မေမေ့အတွက် အစစအရာရာ အဆင်ပြေအောင် ကူညီ ဆောင်ရွက်ပေးကြပါသည်။

ထိုအချိန်အထိ ဦးလေးလှကို ကျွန်မ မမြင်ဖူးသေးပါ။ ဖေဖေနှင့်သာ ဆက်သွယ်လုပ်ကိုင်နေခြင်းဖြစ်၍ ရန်ကုန်မှ ကျွန်မက ဦးလေးလှနှင့် ဒေါ်ဒေါ်မာတို့ ကူညီနေကြောင်းကိုသာ အကြမ်းဖျင်း သိထားပါသည်။

မေမေ ထပ်မံခွဲစိတ်ရမည့် အချိန်ရောက်တော့ ကျွန်မ ခွင့်ရက်ရှည်ယူကာ မန္တလေး လိုက်သွားရသည်။ မေမေ့ဘေးတွင် နေ့ရောညပါနေကာ ပြုစုရသည်။ ထိုအချိန်ကျမှ ဆေးရုံပေါ်မှ မေမေ့ဆီသို့ လူမမာမေးရောက်လာ ကြသော ဦးလေးလှနှင့် ဒေါ်ဒေါ်မာကို မြင်ဖူးခဲ့ရခြင်း ဖြစ်သည်။

ဦးလေးလှသည် အသားဖြူ၍ အနည်းငယ်၀သည်။ မျက်နှာထားနူးညံ့ချိုသာကာ စကားပြောတော့လည်း လေသံက ပျော့ပျောင်းသည်။ ဒေါ်ဒေါ်မာက အသားဖြူဖြူပါးပါးနှင့် မန္တလေးသူပီပီ ယဉ်ကျေးဖွယ်ရာ မြန်မာဆန်ဆန် ချောပါသည်။

ဦးလေးလှရော ဒေါ်ဒေါ်မာနှင့်ပါ ကျွန်မသည် ပထမဦးဆုံးအကြိမ် စကားပြောဖူးခြင်း ဖြစ်သည်။ ပြောဖူးလျှင် ပြောဖူးချင်းပင် ဇာတ်လမ်းက စပါတော့သည်။

ကျွန်မတို့ မိသားစုသည် မိဘဆရာသမားတို့၏ သွန်သင်ဆုံးမမှုနှင့်မို့ မျိုးချစ်စိတ် နည်းသူများ မဟုတ်ကြပါ။ မိမိဘာသာ မိမိစကားကိုလည်း တန်ဘိုးထား မြတ်နိုးတတ်သည်ဟု မိမိကိုယ်မိမိ ထင်ထားပါသည်။ သို့သော်လည်း ရာနှုန်းပြည့် မမှန်ကန်ကြောင်း ထိုအချိန်ကျမှ သိပါတော့သည်။ ခေတ်ရေစီးကြောင်းထဲတွင် မျောမှန်းမသိ အလိုက်သင့် မျောပါနေသဖြင့် အံကယ်နှင့် အံတီ ဟူသော အခေါ်အဝေါ်များနှင့် ရင်းနှီးကျွမ်း၀င်နေ သည်မှာ မည်မျှ ကြာမှန်းပင် မသိတော့ပါ။ ထိုစကားများသည် ကျွန်မတို့၏ မြန်မာစကား မဟုတ်မှန်းပင် မေ့လျော့ နေသည်အထိ ဖြစ်ပါသည်။

ကဲ ဦးလေးလှနှင့် ကျွန်မ အပြန်အလှန် ပြောဆိုပုံလေးကို မှတ်မိသမျှ ပြန်ရေးပြချင်ပါသည်-

"ညက မေမေ အိပ်နိုင်ရဲ့လား သမီး"

"ခွဲပြီးစ ထုံဆေးပျယ်တော့ အရမ်းနာတယ် အံကယ်၊ အိပ်ဆေးပေးပေမယ့် အိပ်လို့တော့ မပျော်ဘူး"

"အေးကွယ် ဦးလေးလှတို့လည်း မနေ့ညနေက လာကြမလို့ပဲ၊ လာခါနီးမှ ဧည့်သည် ရောက်လာလို့"

"ရပါတယ် အံကယ်ရယ်.... အံကယ်တို့ အများကြီး ကူညီထားတာ ဖေဖေကလည်း အရမ်း ကျေးဇူးတင် နေတာပါ"

"ဒါ... ဘာမှ မဖြစ်လောက်ပါဘူးကွယ်၊ သမီးဖေဖေနဲ့ ဦးလေးလှက ဒီလောက်ရင်းတဲ့ မိတ်ဆွေတွေပဲဟာ"

ထိုစဉ် ဒေါ်ဒေါ်က ၀င်ပြောပါသည်။

"သမီးမေမေက မုန့်တီ စားချင်တယ်တဲ့၊ နက်ဖြန်ခါ မနက်စာ ဒေါ်ဒေါ်မာ ပို့ပေးမယ်..."

"မေမေက မန္တလေးရောက်ရင် မုန့်တီမှ စားချင်တာ အံတီရဲ့..."

"ဟုတ်တာပေါ့ကွယ်... မုန့်တီကလည်း ဒေါ်ဒေါ်မာတို့ မန္တလေးမှာမှ ကောင်းတာကိုး"

စကား လေး ငါး ဆယ်ခွန်းလောက် ပြောပြီးသောအခါ ကျွန်မ ရိပ်မိလာပါတော့သည်။ ကျွန်မက အံကယ်၊ အံတီ ခေါ်လိုက်တိုင်း ဦးလေးနှင့် ဒေါ်ဒေါ်ဟု မသိမသာ ပြင်ပေးနေကြောင်း ဖြစ်သည်။ ရိပ်မိသိရှိသည်နှင့် တပြိုင်တည်း ကျွန်မလည်း မိမိကိုယ်မိမိ မလုံမလဲနှင့် ရှက်မိကာ မျက်နှာတွေ ပူလာပါသည်။

မြန်မာစာသည် တို့စာ၊ မြန်မာစကားသည်တို့စကားဟု တခါမျှ မကြွေးကြော်ခဲ့သော်လည်း ဦးလေးလှနှင့် ဒေါ်ဒေါ်မာက လေချိုချို လေအေးအေးလေးနှင့် လက်တွေ့ကျင့်ဆောင်နေသူများ ဖြစ်ကြောင်း တစိမ့်စိမ့်တွေးရင်း ချစ်ခင်လေးစားစိတ်များ ယိုဖိတ်လာပါသည်။

ဦးလေးလှနှင့် နောက်တခါတွေ့တော့ ကျွန်မက ပါးသွားပြီမို့ အံကယ်ဟူသော စကားကို မသုံးရဲတော့ပါ။ ဦးလေးလှဟုသာ တွင်တွင်ခေါ်တော့သည်။ ဦးလေးလှကလည်း သတိထားမိလို့ ပြုံးတာလား၊ သူ့နဂို ပြုံးတာလား တော့မသိ၊ ချိုသာစွာ ပြုံးနေသည်ကို သတိထားမိပါသည်။ ကျွန်မကို စာအဆက်မပြတ် ရေးရန်၊ အသက်ကြီးတော့ လည်း စာတွေ ရင့်ကျက်လာမည့်အကြောင်း အားပေးခဲ့ပါသည်။ ရှက်ရှက်နှင့် ၀န်ခံရလျှင် ထိုစဉ်က ကျွန်မသည် 'ဂျီဟောသူ' တို့၊ 'ပန်းစကား' တို့ ရေးနေဆဲမို့ အသက်ရော ကလောင်ပါ အလွန် နုနေဆဲ ဖြစ်ပါသည်။

ဒီလိုနှင့်ပင် နှစ်ပေါင်းအစိတ်လောက်ကို ကူးခတ်မျောပါရင်း ကျွန်မလည်း ငါးဆယ်ကျော်အရွယ် ရောက်လာပြီ ဖြစ်သည်။ ထိုမျှသော နှစ်အတိုင်းအတာတွင်း ဆုံးပါးခဲ့သော သူများက မနည်းတော့ပြီ၊ မေမေ ဆေးရုံတက်ရစဉ်အချိန် ကွက်ကွက်ကလေးက လူများကိုပင် ကြည့်၊ ဦးလေးလှနှင့် ဦးလေးဦးသိန်းမောင် သာမက ဆရာ၀န်ကြီး ဦးစံဘော်လည်း မရှိတော့ပေ။ ထို့နောက် ဖေဖေလည်း ကျွန်မတို့ကို ခွဲခွါသွားခဲ့ပြီ ဖြစ်သည်။

ဖေဖေမဆုံးမီ လေးငါးနှစ်က ဖေဖေ့ကို ညဘက် နှိပ်နယ်ပေးရင်း ဦးလေးလှနှင့် ဒေါ်ဒေါ်မာတို့အကြောင်း စကားစပ်၍ ပြောမိသည်။ ထို့နောက် ဦးလေးလှ၊ ဦးသိန်းဖေမြင့်၊ သူတို့ သုံးဦးသည် အံကယ်၊ အံတီခေါ်လာလျှင် လက်မခံဘဲ ဦးလေး၊ ဒေါ်ဒေါ်ဟူ မသိမသာ ပြင်ပေးကြောင်း ပြန်ပြောမိတော့ ဖေဖေက သဘောကျစွာနှင့် ခေါင်းတဆတ်ဆတ်ငြိမ့်ရင်း 'အဲဒီအကြောင်း သမီး ၀တ္ထုရေးဖို့ကောင်းတယ်' ဟု ပြောသည်။

"ဖေဖေတို့ မြန်မာစကားမှာ ဦးလေး၊ ဦးကြီး၊ ဘထွေး၊ ဘကြီး၊ ဒွေးတော်၊ မိကြီး၊ အရီး၊ အဒေါ် စသဖြင့် ပေါ့လေ အခေါ်အဝေါ်ကို ကြည့်ပြီး တော်စပ်ပုံကိုပါ သိတဲ့ အသုံးအနှုန်း အခေါ်အဝေါ်တွေ ရှိတယ်။ ဘယ်လောက် ချစ်စရာ ဂုဏ်ယူစရာ ကောင်းလဲ။ ဒါပေမယ့် အဲဒါတွေကို မေ့ပြီး အံကယ်၊ အံတီလုပ်နေတာ တွေးကြည့်ရင် အတော် စိတ်ပျက်ဖို့ ကောင်းတယ်။ ဖေဖေတောင် ဒီခေတ် ရေစီးကြောင်းထဲ မျောနေတော့ ကိုယ့်ကို အံကယ်ခေါ်ရင် ဦးလှတို့လို ပြင်ပြောဖို့ သတိမရခဲ့ဘူး။ သမီးပြောတဲ့ ဦးသိန်းဖေမြင့်တို့၊ ဦးလှတို့၊ ဒေါ်အမာတို့ရဲ့ အရင်းခံ စိတ်ဟာ ဘယ်လောက်ချစ်ဖို့၊ လေးစားဖို့ကောင်းလဲ၊ မြတ်နိုးဖို့ကောင်းသလဲ"

ဖေဖေက အားပါးတရ ပြောသည်။ ထို့နောက် ကျွန်မကို "အဲဒီအကြောင်း ရေးဖြစ်အောင်ရေးစမ်းသမီး" ဟု ထပ်ပြောသည်။ ကျွန်မကလည်း ဖေဖေ့ကို ခြင်ထောင်ဖိပေးနေရင်း "ဟုတ်ကဲ့ဖေဖေ" ဟုပြောခဲ့သည်။ သို့သော် ဖေဖေကွယ်လွန်သွားသည်အထိ မရေးဖြစ်ခဲ့ပါ။

ယခုတော့ ကျွန်မအသက် ငါးဆယ်ကျော်လာပြီ ဖြစ်ပါသည်။ မိမိကိုယ်မိမိ သိပ်မကြီးသေးဟု ထင်သော်လည်း ကြီးလှပြီဖြစ်ကြောင်းကိုတော့ မကြာခဏ သတိရမိပါသည်။ ခရီးသွားစဉ်၊ လမ်းသွားစဉ်၊ စျေး၀ယ်စဉ် တွေ့တွေ့သမျှ လူများသည် ကျွန်မကို 'အံတီ' ဟု အခေါ်များ နေကြပြီ ဖြစ်သည်။ တခါတရံ စျေးရောင်းသူ အမျိုးသမီးကြီးကို ကြည့်ရင်း "အင်း.... ကြည့်ရတာ ငါ့ထက်ကြီးပုံပဲ၊ အစ်မလို့ ခေါ်ရင် မမှားပါဘူး" ဟု စဉ်းစားနေမိစဉ် သူက ဦးအောင် 'အံတီ' ခေါ်သွားသည်များလည်း မကြာခဏပင်၊ ရင်းနှီးသူများကတော့ အလွယ်တကူပင် 'အံတီချို' ဟု ခေါ်သည်။ ထိုသို့ ခေါ်လာလျှင် ကျွန်မသည် ဒေါ်ဒေါ်မာ့လို 'ဒေါ်ဒေါ်ချို' ဟုဂရုတစိုက်နှင့် ပြင်ပေးရန် မကြိုးစားမိသည်ကိုတော့ ၀န်ခံလိုပေသည်။ သူတို့ ခေါ်သလိုပင် ကိုယ့်ကိုယ်ကို အလွယ်တကူ 'အံတီ' ဟု ပြောလိုက်မိတတ်သည်။ အံကယ်တွေ အံတီတွေ လှိုင်ဘောလယ်နေသော ပတ်၀န်းကျင်တွင် ကျွန်မလည်း 'အံတီချို' ဖြစ်နေသည်မှာ အတော်ကြာပေပြီ၊ ရှင်းရှင်း၀န်ခံရလျှင် ကျွန်မသည် အားကောင်းကောင်းနှင့် စီးနေသော ရေစီးထဲတွင် ဘာကိုမှ အားမထုတ်ဘဲ အလိုက်သင့် စီးမျောနေသူ ခပ်ပျင်းပျင်း ခပ်ပျော့ပျော့ လူတဦးသာ ဖြစ်ပါသည်။

ဦးလေးလှတို့ကတော့ မြစ်တပြင်လုံး ရေစီးတန့်အောင် မလုပ်နိုင်ရင်နေ ငါ့အနားမှာတော့ ရေစီးနှေးစေ ရမယ်ဟု ကြိုးစားပြီး တမံတုတ်ခဲ့သူများ ဖြစ်ကြပါသည်။ သို့သော် သူတို့သည် ဘာကြွေးကြော်သံကိုမျှတော့ ကြွေးကြော်မသွားကြရှာပေ။

အံကယ်တွေ အံတီတွေ လှိုင်ဘောလည်နေသော မြို့ရွှေဂုန်တွင် ကျင်လည်နေထိုင်ရင်း အံကယ်သံ၊ အံတီသံကြားတိုင်း ကျွန်မရင်ထဲ၌ အတန်ငယ်တော့ ပူဆာဆာ ဖြစ်သွားတတ်သည်။ ထို့နောက် ဦးလေး ဦးသိန်းဖေမြင့်နှင့်တကွ ဦးလေးလှနှင့် ဒေါ်ဒေါ်မာကို သတိရသည်။ ရွှေရောင်၀င်းနေသော သူတို့၏ နှလုံသားများကိုလည်း ဖွင့်လှစ်၍ မြင်ရသလိုရှိရင်း မကြာခဏပင် လက်အုပ်ချီမိုး၍ ရှိခိုးကန်တော့မိပါသည်။

-----------------------
မစန္ဒာ

Post a Comment

0 Comments