#ဗညားရှိန်း
အပိုင်း(၁၂)
တစ်လခန့် ရန်ကုန်မှာနေပြီး ရှိန်း၏မိခင်နှင့် အစ်မဖြစ်သူ မန္တလေး ပြန်သွားကြ၍ သူဇာနှင့် ရှိန်းပါ မန္တလေးကို လိုက်သွားကြသည်။ ဖြူပြာက လိုက်ချင်သည်။ လိုက်လို့မဖြစ်သေး။ ဆေးတိုက်စာရင်းများကတစ်ဖက်၊ အိမ်မှာလည်း မူရာနှင့် မောင်နှစ်ယောက် ပြဿနာ၊ သူတို့နှင့် မေမေ့ကို တစ်ယောက်တည်းထားခဲ့၍ မဖြစ်သေး။ စိတ်ထဲမှာတော့ သူ မလိုက်တောင် မေမေ့ကို မန္တလေး လိုက်စေချင်သည်။ ဒီအချိန်သည် ဖေဖေ့အတွက် လိုအပ်သောအချိန်မှာ မေမေ ဖေဖေ့အနားမှာ ရှိသင့်သည်။
ဖြူပြာသည် မေမေ့ကို စကားစကြည့်သည်။
“မန္တလေးကို မေမေ လိုက်သွားဖို့ကောင်းတယ်”
အေးက ဖြူပြာ့စကားကို မကြားသလို ဖွာထုတ်လိုက်သော မီးခိုးတန်းကို တမျှော်တခေါ် ငေးကြည့်နေသည်။
"ဖေဖေကလည်း လာစေချင်မှာ၊ မေမေကြီး ဆေးခန်းတက်ဖို့ လာတော့လည်း မေမေက တစ်ရက်တောင် မေမေကြီးကို သွားမကြည့်ဘူး၊ ဘာဖြစ်လို့လဲ”
"နေပါဦး...၊ နေမကောင်းဘူးဆိုတာ သူက ငါ့ကို ဘာဖြစ်လို့ မပြောသလဲ"
“ဪ.. မေမေကလည်း ပြောနေဖို့လိုသေးလား၊ ဖြူပြာတို့ မေမေ့ကိုလည်း ပြော၊ ထမင်းပို့ ပျာယာခတ်နေတာ၊ ဖေဖေကိုယ်တိုင် ပြောမှဆိုတော့ ဒါက နာရေး၊ မပြောဘဲနဲ့ကို မေမေက အလိုက်တသိ သွားရမယ်"
“အောင်မယ်.…… မဖြူပြာ၊ ညည်းက အမေလား၊ ငါက အမေလား၊ ပြောစမ်းပါဦး။ တိုက်ရိုက် ငါ့ကိုမပြောရင် ငါ မသွားဘူး၊ ငါနေမကောင်းတော့ ဖြူပြာတို့ဖေဖေက လက်ဖျားနဲ့တို့လို့လား၊ သူ့အမေကျတော့ ပွေ့ပွေ့ပိုက်ပိုက် ပြုစုမှာ ငါမကြည့်ချင်ဘူး၊ မန္တလေးမှာကတည်းက သိတယ်၊ အမေ ထမင်းစားမယ်ဆို ပျာနေတာ၊ သူက ခွံ့ပေးမတတ်”
“မေမေကလည်း မေမေကြီးကို ဒီလိုပြုစုရင် ဖေဖေ့ကလည်း မေမေ့ကို ပြုစုမှာပေါ့၊ မေမေတောင် သမီးတို့ ဖေဖေတို့ ပြုစုတာကို ခံချင်သေးတာပဲ၊ သူ့သားပြုစုတာကို မေမေကြီးကလည်း ကြိုက်မှာပဲ၊ ဖေဖေကလည်း မေမေကြီးကို သူပြုစုသလို မေမေကိုယ်တိုင်က ပြုစုတာ လိုလားမှာပေါ့"
“သူ့အမေမှာ ဂရုစိုက်မယ့်လူတွေ ပြည့်လို့၊ ဆေးတိုက်တစ်ခုလုံး ရှိန်း ဖင်မနေကြတာ၊ ဟိုကောင်မကိုလည်း နည်းနည်းမှ မကြည့်ချင်ဘူး"
“ဘယ်ကောင်မလဲ"
“ဟို မလေးနုဆိုတာ၊ နင့်အဖေက ဆေးတိုက်တစ်ခုလုံး အပ်ထားတာ ငါ အားလုံးသိတယ်”
ဖြူပြာမှာ အံ့အားသင့်သွားသည်။ အေးကို ပြန်ကြည့်နေမိသည်။ ရောဂါများ ထလာပြန်ပြီလား။ စကားပြောတာလည်း နင်တွေ ငါတွေနှင့် ဖြစ်လာသည်။
“အန်တီမလေးက ဆရာဝန်အနေနဲ့ မေမေကြီးကို လူနာတစ်ယောက်လို ဂရုစိုက်တာပါ၊ မေမေ့အနေနဲ့က ယောက္ခမတစ်ယောက်ကိုး၊ ဂရုစိုက်ချင်တဲ့စိတ် ဖေဖေ့မှာ ရှိမှာပေါ့”
"မလိုပါဘူး၊ မလိုပါဘူး၊ ညည်းတို့အဖေက ဘယ်တုန်းက မေမေ့ကို လူရာသွင်းလို့လဲ”
"ဖြူပြာသိရသလောက် စူပါမားကက်ဖွင့်တုန်းက မေမေ မလိုက်ကတည်းက ဖေဖေကလည်း မေမေ့ကို ဘယ်မှမခေါ်တော့တာ၊ ဒီပွဲတွေ တက်ချင်တက်၊ မတက်ချင်နေ၊ မေမေကြီးကိစ္စ၊ ဖေဖေ ပြောပြော မပြောပြော မေမေက အလိုက်တသိ သွားစေချင်တယ်၊ ဖြူပြာ့ကို စိတ်မဆိုးပါနဲ့၊ ဖြူပြာက အဖေနဲ့အမေ အဆင်ပြေစေချင်လို့ စေတနာနဲ့ ပြောတာပါ”
အေးသည် ဘာမှ ပြန်မပြောသေး။ လက်တွေ တုန်လာကာ ပါးစပ်ကလည်း အသံမထွက်ဘဲ တစ်ခုခု ရွတ်ဆိုနေသလိုပင်။ မျက်နှာကလည်း တစ်စုံတစ်ခုကို ခံပြင်းနေသလို၊ ဖြူပြာ့ကို စူးစူးစိုက်စိုက် ကြည့်နေသည်။ ဖြူပြာက လေသံကို တတ်နိုင်သမျှ အေး၍ ဆက်ပြောသည်။
"အခု အချိန်ရသေးတယ် မေမေ၊ မန္တလေးကို လိုက်မယ်မို့လားဟင်၊ ဖြူပြာနဲ့ အတူသွားရအောင်လေ”
"လိုက်သွားရအောင် သူ့အမေက ဘာဖြစ်နေလို့လဲ”
“သားအိမ်ကင်ဆာ၊ သားအိမ်ထုတ်ပစ်ရအောင်လည်း အသက်ကကြီးတော့ ခွဲစိတ်ဒဏ် မခံနိုင်ဘူး၊ ဒါ့ကြောင့် ဆေးပဲပေး ပြန်လွှတ်လိုက်ရတာ၊ ဆရာဝန်တွေက ခြောက်လပဲခန့်မှန်းတယ်၊ တခြားရောဂါတစ်ခုခုက မဖောက်ရင်၊ အပြုအစုလည်းကောင်း၊ သီလရှိသေးရင်တော့လည်း ပိုခံမှာပေါ့လေ၊ ဒါ့ကြောင့် ဖေဖေက သူ့မေမေရဲ့ နောက်ဆုံးအချိန်ဆိုပြီး ကိုယ်တိုင်လိုက်သွားတာ”
“ဒါလောက်ဖြစ်နေတာ သူက ငါ့ကို ပြောဖို့သင့်တယ်၊ အစစ တိုင်တိုင်ပင်ပင် မယားရယ်လို့ မေမေ့ကို နေရာမထားပါဘူး၊ ဟင်း... လူရာကိုမသွင်းဘူး၊ ဒီဆေးတိုက်တစ်ခုလုံး ဖွင့်တာတောင် မေမေ့ကို ဘာတစ်လုံးမှ မတိုင်ပင်ဘူး”
ဖြူပြာကတော့ အကြောင်းသိပြီးဖြစ်သည်။ ဖေဖေသည် ဘာမဆို သမီးဖြစ်သူ သူ့ကို ပြောထားပြီးသား၊ စူပါမားကက်ဖွင့်စဉ်က အေးကို တိုင်ပင်တော့လည်း စူပါမားကက် အရောင်းစာရေးမလေးတွေကို ဖေဖေ ခြေတော်တင်ချင်လို့ဟူသော စွပ်စွဲချက်ကြောင့် ဖေဖေက နောက်ပိုင်း ဘာကိုမှ မေမေ့ကို မတိုင်ပင်ခြင်းဖြစ်သည်။
"ထားပါတော့ မေမေ၊ အခုက နာရေးကိစ္စလေ၊ ဖေဖေ့ရဲ့ မေမေတစ်ယောက်လုံး နေမကောင်းတဲ့ကိစ္စ"
"ဟုတ်ပါတယ်၊ သူ့အမေ ဆေးခန်းတင်ထားတုန်းက အိမ်မှာလည်း ဧည့်သည်တွေ ရောက်နေတယ်လေ၊ ဖေဖေ စစ်ကိုင်းမှာ အရေးပိုင်လုပ်တော့ တိုင်းမင်းကြီးက ဦးစိန်ချော၊ သူ့သမီးနဲ့ မေမေက သိပ်ခင်တာ၊ သူ့သမီး အိမ်လာတည်းတော့ မေမေက ဂရုစိုက်ရတာ"
အေးအေးလေသံက ပြောင်းသွားပြန်သည်။
“ဟုတ်ပါတယ်၊ ဧည့်သည်ထားခဲ့ပြီး တစ်ရက်တလေတော့ မေမေ သွားသင့်တယ်၊ ခုလည်း မန္တလေးကို လိုက်သင့်တယ်၊ အချိန်မီပါသေးတယ် မေမေ"
ဖြူပြာ့စကားဆုံးတော့ အေးအေးက မတုန်မလှုပ် ငူငူကြီး လုပ်နေပြန်သည်။
"ဟိုကောင်မကပဲ အရေးပါနေတာ၊ အခုလည်း သူ့အမေ ရန်ကုန်မှာ ဆေးကုမှာကို မေမေ့ကို ကြိုတင်ပြီး ဘာလို့မပြောလဲ၊ ဒီကောင်မကို အရင်ပြောတယ်၊ အဲဒီကောင်မကို ကြည့်မရဘူး၊ သူက ဒေါက်တာမဆိုတော့ တစ်ပန်းသာနေတာ၊ မေမေနေမကောင်းရင် အဲဒီဆေးတိုက် မတင်နဲ့၊ အသေခံမယ်”
ဖြူပြာသည် အမေကို နားမလည်သလို ကြည့်နေသည်။
“ဆေးတိုက်ကို တဖြည်းဖြည်းနဲ့ အပိုင်စီးလာမှာ၊ ငါမသိဘူးအောက်မေ့လို့၊ ပြီးတော့ နင်တို့အဖေကို သိမ်းပိုက်မှာ”
ဖြူပြာက စိတ်ပျက်သွားသည်။
"ဟာ... မေမေကလည်း မေမေရယ်၊ သူများသားသမီး ဒီလိုမပြောပါနဲ့၊ အန်တီမလေးက မေမေကြီးကိုကုရမယ့် ဆရာဝန် ဆိုတော့ ဖေဖေက လူနာရောဂါကို အန်တီမလေးနဲ့ အရင်တိုင်ပင်တာပေါ့၊ မေမေ အန်တီမလေးကို အထင်မလွဲပါနဲ့၊ ဖေဖေနဲ့ အန်တီမလေး ဒီဆေးတိုက်မှာ လက်တွဲလုပ်မှ ဖေဖေ အရက်လည်း အလွန်အကျွံမသောက်တော့ဘူး၊ ဟိုမိန်းမတွေနဲ့လည်း မတွဲတော့ဘူးဆိုတာ မေမေ သတိထားမိလား”
“အေးပေါ့ ... ဒီကောင်မ တစ်ကောင်လုံး ဆေးတိုက်ရှိနေတာ တခြားသွားဖို့ လိုသေးလား။ နင်တို့အဖေက အဲဒီဟာမ ပြောစကားတော့ နားထောင်တယ်၊ အရက်မသောက်နဲ့ဆို မသောက်ဘူး၊ မိန်းမ မပွေနဲ့ဆို မပွေဘူး။ ငါ့စကားတော့ နားမထောင်ဘူး၊ ဘယ်လောက်ခံပြင်းစရာကောင်းလဲ"
“ခက်လိုက်တာနော်"
ဖြူပြာက ခေါင်းကုတ်လိုက်ရင်း...
“ပြောပုံပြောနည်းကရော လိုသေးတယ်လေ၊ မေမေ ဖေဖေ့ကိုများ ဘယ်တုန်းက အေးအေးဆေးဆေး ပြောဖူးလဲ”
"မယားငယ်လေသံနဲ့တော့ မပြောတတ်ဘူးဟေ့"
”ပြောပြန်ပြီ မေမေကလည်း၊ အန်တီမလေးက ဒီဆေးတိုက်ဖွင့်ကတည်းက ဆရာဝန်တွေ ၊ အလုပ်သမားတွေအားလုံး အရက်မသောက်ရဘူးလို့ စည်းကမ်းလုပ်ထားတော့ ဖေဖေကလည်း ဒီနည်လမ်းကို လိုက်နာရလို့ ဆေးတိုက်မှာ အရက်မသောက်တာ၊ ဧည့်ခံပွဲမှာလောက်ပဲ သောက်တယ်၊ အန်တီမလေးကို ကျေးဇူးတင်သင့်တယ်"
"ဘာ... ငါ့လင်အပိုင်စီးမယ့်မိန်းမကို ငါက ကျေးဇူးတင်ရမလား"
"မေမေက ပြောရင်း လွန်လာပြီ၊ အလုပ်သဘော ဖေဖေ့ကို အန်တီမလေးက ဆက်ဆံနေရတာ၊ အန်တီသက်မာကို မေးကြည့်ပေတော့၊ မေမေပြောသလိုပဲ ဖြစ်နေတယ်ပဲထား၊ မေမေ အန်တီသန္တာလှိုင်ကျတော့ အိမ်ကိုတောင် ဝင်ထွက်ခွင့်ပြု၊ အန်တီလှိုင်ပေးတဲ့ လက်ဆောင်တွေတော့ယူပြီး ..."
“နင်တို့ ဘာနားလည်လို့လဲ၊ လင်ကို အလကားပေးရမယ့်အတူတူ တန်ရာတန်ကြေး ယူရတယ်လေ၊ လင်ငှားခ"
ရင့်သီးသော စကားလုံးတွေကြောင့် ဖြူပြာ စိတ်ညစ်သွားသည်။ စကားမဆက်ချင်တော့။
"နင်တို့အဖေက ငါ့ကို ဘာပေးလို့လဲ”
အေးအေးသည် လက်ထဲမှ ဆေးလိပ်ကို ပြာခွက်ထဲ ဆောင့် ချိုးချလိုက်သည်။ ဖြူပြာက ဆက်ပြောလျှင်လည်း အချိုးမပြေတော့၍ မပြောချင်တော့ပေ။ တစ်လတစ်သိန်းငွေကို ဖေဖေက ဖြူပြာကတစ်ဆင့် မေမေ့ကို ပေးနေကျ၊ ဖြူပြာအသိပင် ဖြစ်သည်။ အမေတစ်ယောက်လုံး၏ ထင်မြင်ယူဆချက် လွဲနေသည်ကို သူ ဘယ်လိုမှ ပြော၍မရသည်ကိုသာ စိတ်ညစ်နေသည်။ လင်ကို ငှားစားနေရသောသဘောဖြစ်နေသည်။ မေမေ့စကားလုံး သုံးပုံကို မကြိုက်၊ အန်တီမလေးအပေါ် မေမေ့အယူအဆ သဘောထားကိုလည်း မကြိုက်။ အန်တီတင်သက်မာကိုသာ ဆေးတိုက်ရောက်မှ အကူအညီတောင်းယူတော့မည်။ သူ့အဘွား၏ နောက်ဆုံးအချိန်ကို အေး မသွားပါက ဖေဖေနှင့် မေမေ ကွာဟချက် ပိုမိုကြီးမားလာတော့မည်ကို ဖြူပြာ သိပါသည်။
ဆေးခန်းရောက်တော့ တစ်ယောက်နှင့်တစ်ယောက် တွေ့ဖို့ အလုပ်မအားကြ၊ နံနက်စာ စားချိန်တွေကလည်း မတူ။ ယနေ့လည်း ခွဲစိတ်ခန်းကို မလေးနုတို့ ဝင်ရတော့ နေ့လယ်စာ နှစ်ချက်တီးမှ စားရသည်။ မလေးနုက ထမင်းစားပွဲမှာ တင်သက်မာကို ပြောပြနေသည်။
“ညက ရှိန်းဆီက ဖုန်းလာတယ်၊ ဒေါ်ဒေါ်အခြေအနေမကောင်းဘူး၊ မလေး လိုက်လာပါတဲ့”
“ဟုတ်လား လိုက်သင့်တာပေါ့၊ မင်း လိုက်မယ်မို့လား”
တင်သက်မာက ထမင်းစားရင်း ပြန်မေးလိုက်သည်။
"မိတ်ဆွေတစ်ယောက်အနေနဲ့ရော မလေးရဲ့ အလုပ်ရှင်ရဲ့ အမေအနေနဲ့ သွားသင့်ပါတယ်၊ ဒါပေမဲ့ သက်မာ မင်းတို့က မလေးကို လိုက်ခိုင်းတာထက် ရှိန်းဇနီးကို လိုက်ခိုင်းဖို့သင့်တယ်၊ မလေး မသွားချင်လို့ မဟုတ်ပါဘူး၊ လူနာတစ်ယောက်အနေနဲ့ သွားချင်ပါတယ်၊ ဟိုမှာလည်း ဆရာဝန်ကြီးတွေ ရှိတာပဲ”
“မလေးကို ရှိန်းက အားကိုးတာပေါ့"
“အားကိုးတယ်”
"အေးလေ၊ ဘာပဲဖြစ်ဖြစ် ရှိန်းက မလေးကို အားကိုးတယ်”
“သက်မာရယ်”
မလေးက စကားမဆက်ဘဲ ထမင်းဆက်စားနေသည်။ မကြာခင် ဖြူပြာ ဝင်လာသည်။
“အန်တီတို့နှစ်ယောက်ကို စောင့်လိုက်ရတာ"
ဖြူပြာသည် ထမင်းဝိုင်း ဝင်ထိုင်လိုက်သည်။
“ဖြူပြာ စားပြီးပြီလား"
“ပြီးပြီ၊ အန်တီသက်မာကို ဖြူပြာပြောချင်တာကတော့ မေမေ့ကို နားချပါဦး"
ဖြူပြာက အရင်းမရှိ အဖျားမရှိ ပြောလိုက်သည်။
“ဘာကိုလဲ"
သက်မာက မေးလိုက်၏။
"မန္တလေးကို လိုက်သွားသင့်တယ်လေ၊ မေမေကြီး အခြေအနေက နေ့လား ညလားဆိုတော့ ဖြူပြာ မေမေနဲ့အတူ လိုက်သွားချင်တယ်၊ ဖြူပြာတစ်ယောက်တည်းသွားရင် ရပါတယ်။ ဒီလိုအချိန်မှာ မေမေလိုက်မလာရင် ဖေဖေက ပိုစိတ်ဆိုးမှာ၊ အန်တီသက်မာ သူငယ်ချင်းကို အန်တီ လိုက်ပြောပါဦး”
မလေးနုရော တင်သက်မာပါ.. ငေးကြောင်ကြောင်နှင့် စဉ်းစားနေစဉ် အခန်းစောင့်သူငယ်လေးက လာခေါ်သည်။
“အန်တီမလေးကို ဖုန်းလာနေပါတယ်"
မလေးနုက ကမန်းကတန်း အခန်းပြင်ထွက်သွားသည်။ သူတို့ချည်းကျန်တော့မှ ဖြူပြာက စကားပြန်စသည်။
"မေမေ့ကို အန်တီသက်မာ သွားပြောမယ်မို့လား"
“တို့ အခုပဲ ပြောနေတာ၊ ညက ရှိန်း ဖုန်းဆက်တယ်တဲ့၊ မလေး လိုက်လာဖို့၊ အန်တီသက်မာက သွားဖို့ တိုက်တွန်းနေတာ”
“ဟာ... မဖြစ်ဘူး မဖြစ်ဘူး အန်တီသက်မာ၊ မေမေက အန်တီမလေးကို အထင်လွဲနေတာ၊ ဖေဖေက သူ့ဆီ ဖုန်းမဆက်ဘဲ အန်တီမလေးဆီကို ဆက်မှန်းသိရင် မိုးမီးလောင်မှာ၊ ခုပဲ မေမေနဲ့ စကားပြောလာတာ၊ မေမေကလေ ...”
ဖြူပြာသည့် သက်မာနားနားကို ကပ်ကာ သူ့အမေ မလေးကို စွပ်စွဲသမျှ ပြောပြနေဆဲ အပြင်မှ ခြေသံကြား၍ စကားစရပ်လိုက်သည်။ မလေးနုသည် ဖြည်းညင်းစွာ ဝင်လာ၍ ထိုင်ချရင်း ပြောလိုက်သည်။
“ဖြူပြာရေ ဆောရီးပဲ၊ မင်းတို့မေမေကြီး ခုမနက်ပဲ ဆုံးသွားပြီ၊ ခု ဖုန်းက သူဇာ မန္တလေးက ဆက်တာ”
“ဟင်...”
ဖြူပြာရော တင်သက်မာပါ ငိုင်သွားကြသည်။
“အန်တီသက်မာ ခု ဖြူပြာနဲ့ အိမ်လိုက်ခဲ့ပါ၊ မေမေ့ကို နားချပါဦး၊ အန်တီမလေး ဖြူပြာနဲ့ မေမေ မန္တလေးလိုက်ဖို့ ကားဖြစ်ဖြစ် မီးရထားဖြစ်ဖြစ် ရရာနဲ့ စီစဉ်ပေးဖို့ စာရေးကြီးဦးသက်ထွန်းကို ပြောပေးပါ"
တင်သက်မာမှာ ထမင်းဆက်မစားတော့ဘဲ ဖြူပြာနှင့် လိုက်သွားရတော့သည်။ မလေးနုအဖို့ အဘွားကြီးဆုံးသည့်အတွက် စိတ်မကောင်းပါ။ ဒါပေမဲ့ မဆုံးခင်က ရှိန်း မန္တလေးလိုက်လာဖို့ ခေါ်သည်ကိုတော့ သူ မသွားချင်၊ စိတ်က အလိုလို ထင့်နေသည်။ ယခုတော့ မန္တလေးသွားဖို့ ပြဿနာက အလိုလို ဖြေရှင်းသွားပြီ။ အသက်ဆိုင်ဆုံး ဒေါ်အေးအေးသွားခြင်းက ပို၍သင့်မြတ်သည်မဟုတ်ပါလား။ ဖြူ ပြာနှင့် အေးတို့သွားဖို့အတွက် လက်မှတ်စီစဉ်နေစဉ် သက်မာထံက ဖုန်းလာပြန်သည်။
“မလေး အခြေအနေက သိပ်တင်းမာနေတယ်၊ အေးက သေမှတော့ မလိုက်တော့ဘူးတဲ့လေ၊ သူ့ရဲ့ အတွေးအခေါ်တွေက မမှန်တော့ဘူး၊ သက်မာနဲ့ ဖြူပြာပဲ လိုက်သွားတော့မယ်၊ လက်မှတ်စီစဉ်လိုက်တော့၊ ဒါပဲ ကိုယ်အချိန်မရှိဘူး၊ အိမ်ကိုလည်း ပြောရဦးမယ်"
သက်မာက ဖုန်းချလိုက်၏။
မလေးနုသည် ဘာမှ ပြန်မပြောနိုင်တော့ပါ။ ထိုနေ့ညက လီယိုအိပ်စ်ပရက်စ်နှင့် ဖြူပြာနှင့် သက်မာ မန္တလေး လိုက်သွားကြသည်။ ရှိန်းဆေးတိုက်ပိုင်ရှင် ဦးဗညားရှိန်း၊ ဒေါ်အေးအေးတို့၏ မိခင်ကြီး ဆုံး၍ ဝမ်းနည်းကြောင်းသာ ရှိန်းဆေးတိုက်အနေနှင့် သတင်းစာထဲ မလေးနုက ထည့်လိုက်ရသည်။
အပိုင်း(၁၃)ဆက်ရန်
----------------
0 Comments