ပန်းများကို ပွင့်စေသူ (ခင်နှင်းယု)
________________________
အပိုင်း(၁)
ဖြိုင်ဖြိုင်ကျလာသော နှင်းမှုန်တို့သည် အိပ်ပျော်နေကြသော ကရမက်ပန်းငုံတို့ကို နှိုးလိုက်လေပြီ။ မြောက်လေတွင် သွယ်ပြောင်းသော ပန်းနွယ်ဖြူတို့သည် လှုပ်ရှား ယိမ်းနွဲ့၍ ဆောင်းကို ကြိုလင့်၏။ ထို ရှုမဆုံးသော ကရမက်ပန်းတို့သာလျှင် ကျွန်မခြံတွင် ဖြိုးဖြိုးကြွလျက် ရှိခဲ့လေသည်။ ယခုလိုအချိန်တွင် စနိုးနှင့် မြတ်လေးဖြူတို့သည် သူ့ခြံတွင်များ ပွင့်၍နေကြလေပြီလား ....။
နောက်ဆုံး သူနှင့်တွေ့ခဲ့သောနေ့က ပန်းရေတံခွန် သွန်၍များ စီးနေသလား ဟု ထင်ယောင်မှားအောင်ပင် မြတ်လေးဖြူ၊ စနိုးနှင့် ကရမက်ပန်းပွင့်တို့သည် သူ့ခြံတွင် ပြိုင်တူ ပွင့်ခဲ့ကြသည်တကား။
ပန်းတို့၏ အရှင်သခင်၊ ပန်းများကို ပွင့်စေသူ။ သူ ပွင့်စေခဲ့သော ပန်းပွင့်လေးတို့သည် ယခုအချိန်တွင် သူ့အကြောင်းကို ဘယ်လိုများ သိမှတ်ရှာကြပေလိမ့်မည်နည်း။ အကယ်၍သာ သူ့နှလုံးသားသည် ပန်းကဲ့သို့ အပြစ်ကင်းမည်။ နှင်းကဲ့သို့ ဖြူစင်၍ အေးချမ်းမည်သာဆိုလျှင် သူ၏ လွမ်းတ ရှုချင်ဖွယ်ကောင်းသော အကြောင်းတို့သည် ကျွန်မနှင့်အတူ ကျန်ရစ်ခဲ့မည်ဖြစ်၏။
ယခုတော့ ကျွန်မသည် သူ့ကို ကြိုးစား၍ မေ့ပျောက်ပစ်ခဲ့ရသည်။
* * * * *
သူနှင့် မိတ်ဆွေဖြစ်ရခြင်းသည် ကြောက်မက်ဖွယ်ရာကောင်းသည်ဟု အများက ပြောဆိုကြသော်လည်း ကျွန်မက မယုံကြည်ခဲ့ပေ။
နောက်ဆုံး ရန်ကုန်၌ ပြန်လည်တွေ့ကြသည်တွင် သူ့အား အတွင်းဝန် ဦးထင်ပေါ်အဖြစ်နှင့် တွေ့ဆုံရလေသည်။
သူ့ပုံပန်းသဏ္ဌန်မှာ လှသည်ဟု မဆိုနိုင်သော်လည်း တွေးတောရခက်သော မူဟန်ပိုင်ရှင်ဖြစ်၍ ထူးဆန်းသည်ဟု ဆိုရပေမည်။ ပုခုံးထောင့် ကျယ်ကျယ်၊ ခြေတံရှည်ရှည်နှင့် နောက်ကကြည့်လျှင် ယောက်ျားပီသသော လူချောတစ်ယောက်လို ကြည့်၍ကောင်းပေသည်။ သူ့မျက်နှာကမူ မြင့်မားသော ခန္ဓာကိုယ်နှင့်မလိုက်အောင် ပုတိုလှသည်။ အများသောအားဖြင့် ထိုကဲ့သို့သော ခန္ဓာကိုယ်များတွင် ရှည်လျားသွယ်တန်းသော နှာတံများ ပါနေကျဖြစ်သော်လည်း သူ့နှာခေါင်းသည် အရင်းနိမ့်၍ အဖျားမှာ ပွထူကာ ဝက်နှာခေါင်းလို ရှိပေသည်။ အသားဖြူ၍ အစဉ်ပြုံးချိုနေသောကြောင့်သာ မျက်နှာမှာ အကြည့်ရမဆိုးပေ။ သေး၍ရှည်မျောမျော မျက်လုံးလေးများမှာ သူ ဘာကို စဉ်းစားနေသည်ကို အသိရခက်သော သဏ္ဌန်ရှိသည်။ တခြားသူများနှင့် စကားပြောနေစဉ် တဟဲဟဲနှင့် ရယ်မောကာ ကိုယ်ကို လှုပ်၍နေတတ်သည်။ လက်ချောင်းများမှာမူ တီးလုံးတစ်ခုခုကို တီးနေဟန်ရှိပေသည်။ စကားပြောလျှင်လည်း သက်တောင့်သက်သာ အေးအေးဆေးဆေးပင် ပြောတတ်ပေသည်။
ကျောင်းအတူနေစဉ်က သူ့တွင် ကြောက်မက်ဖွယ်ရာကောင်းသော အကျင့်ဟူ၍ ဘာမှ မတွေ့ရပေ။ ကျွန်မသူငယ်ချင်းတစ်ယောက်နှင့် တွေချိန်တွင် သူ့သတင်းကို စုံစမ်း၍ ကြည့်ရပေသည်။ ကျွန်မသူငယ်ချင်းမှာ နယ်ပိုင်ဖြစ်စပင် ရှိပေသေးသည်။
" ကိုထင်ပေါ်နဲ့ မိတ်ဆွေဖြစ်ရတာ ကြောက်စရာကောင်းတယ်တယ် ဆိုတာ ဘာဖြစ်လို့လဲ၊ ကျွန်မတို့ကျောင်းနေတုန်းကတော့ သူက လူရွှင်တစ်ယောက်ပဲ။ ဘာမှ လေးလေးနက်နက် ပြင်းပြင်းထန်ထန် မရှိလှပါဘူး "
သူငယ်ချင်းမှာ ကျွန်မမေးခွန်းကို မဖြေသေးဘဲ ခေတ္တ စဉ်းစား၍ နေပေသည်။
"ဒါက ငယ်ကြသေးလို့ ထင်တာပဲ။ လူတွေဟာ အလုပ်အကိုင်နဲ့ ဖြစ်လာကြတော့မှ အပြိုင်အဆိုင်တို့ အချစ်အမုန်းတို့ ဖြစ်လာပြီး မုန်းရင်မုန်းသလို ချစ်ရက် ချစ်သလို ပြုကြရင်းနဲ့ အကျင့်တွေ ပေါ်လာကြတာပဲ။ ကိုထင်ပေါ်က သူချစ်ရင်တော့ ကောင်းပါရဲ့။ သူ မုန်းလာရင် (ဆိုပါတော့ ...)အလုပ်နဲ့ပတ်သက်လို့ လုပ်ကြကိုင်ကြရင်းဖြစ်ဖြစ်၊ မိန်းမကိစ္စဖြစ်ဖြစ် သူ့ကို ထိခိုက်သွားတာတွေ ဘာတွေရှိရင် သိပ်တေးတာပဲ။ တေးပြီးတော့ မကျေနပ်ရင် မကျေနပ်သလို ဆွဲထိုးလိုက် အလုပ်ဖြုတ်ပစ်နိုင်ရင် ဖြုတ်ပစ်လိုက်
ဒါကမှ ကောင်းသေးတယ်။ သူက ဒီလို တိုက်ရိုက် လက်စားမချေဘူး"
သူငယ်ချင်းသည် ခေတ္တ တွေးနေပြီးမှ_
"ဥပမာ စက်ရှင်မင်းကြီး ဦးသောင်းဒန်ကို ကြားဖူးမှာပေါ့။ မော်လမြိုင်က .... "
"ဆိုပါဦး"
" ကဲ ... သူ့တုန်းကဆို အဲဒီလူကြီးဟာ အသည်းကွဲတာပဲ။ ကလပ်မှာ သောက်ကြ စားကြရာက သူနဲ့လက်ရေးတိုစာရေးမလေးကိစ္စကို ဦးသောင်းဒန်က နောက်ကြပြောင်ကြရင်း သူ့ကို လူတွေရှေ့မှာ ပြောလိုက်တာပေါ့လေ။ ပြုံးပြုံးလေးတော့ နားထောင်သွားတာပဲ၊ နောက်မှ လက်စားချေတယ်။ ဘယ်လိုချေသလဲ ဆိုတော့ ထမင်းချက် ပေါစံနဲ့ ဦးသောင်းဒန်သမီးနဲ့ မရ ရအောင် လုပ်ပေးလိုက်တယ်"
"ဟင်"
ကျွန်မသည် မဖြစ်နိုင်သောပုံပြင်တစ်ခုကို ကြားလိုက်ရသလို ထိတ်လန့်၍ သွားပေသည်။
"မယုံမရှိနဲ့လေ။ ဦးသောင်းဒန်ဆိုတာလဲ ရင်ကွဲ၊ အမေလုပ်တဲ့လူလဲ အိပ်ရာထဲ ဗုန်းဗုန်းလဲတာပါပဲ။ ပေါစံဘက်က သူက ငွေရေးကြေးရေး အားလုံး ထောက်ပံ့တယ်။ သူ့လက်စားချေနည်းက တိုက်ရိုက်မဟုတ်ဘူး။ အဲဒီလိုနဲ့ တမြည့်မြည့် ဆွေးအောင်လုပ်တာပဲ။ သူ့ကိုလည်း ဘယ့်နှယ်မှ အရေးယူလို့ မရဘူး "
" ရှင် ဒါ ... ဘယ်လိုလုပ်သိသလဲ "
" ပထမတော့ သူများပြောတာ ကြားတာပဲ၊ စစ်ကိုင်းမှာ ကျွန်တော် အလုပ်ဝင်စက သူ့လက်ထောက် အလုပ်သင် ငွေတိုက်ဝန်ထောက်တို့ ဘာတို့ လုပ်ရသေးတယ်လေ။ အဲဒီတော့ တစ်နေ့ အရက်သောက်ကြရင်း သူက ပြောတယ်။ သူ ဆိုလိုချင်တာကတော့ 'ငါ့ကို သိပ်မစမ်းနဲ့ဟေ့၊ ငါက တမြည့်မြည့် ရာသက်ပန် လက်စားချေတတ်တယ်လို့ ' သွယ်ဝိုက်တဲ့နည်းနဲ့ ကျွန်တော့်ကို ခြောက်တယ်လို့ ထင်တာပဲ"
ကျွန်မ သူငယ်ချင်းစကားများကို မယုံတဝက် ယုံတဝက်နှင့် ကျွန်မမှာ ဆက်လက်နားထောင်၍ နေရလေသည်။
" ချောက် ဘီအိုစီက ကိုသက်ဖေနဲ့တုန်းကလည်း ဘယ်လောက်ကြောက်စရာကောင်းလဲ။ ဟိုမှာက ကပွဲတွေ ခဏခဏလုပ်တယ်။ တစ်နေ့ တွဲကဖို့ မိန်းမလုရာက ရန်ဖြစ်ကြတာပေါ့။ ကိုသက်ဖေက လက်ဝှေ့သမားမဟုတ်လား။ သူ့ကို လူတောထဲမှာ အလဲထိုးတာပဲ။ အဲဒါ ခံသွားတာပဲ။ နောက်တော့သာ ကြောက်စရာ လက်စားချေတာပဲ "
" သူ ဆေးရုံတက်နေတာကို ကိုသက်ဖေမိန်းမက သွားတောင်းပန်တယ်။ အဲဒီကနေ တစ်ယောက်နဲ့တစ်ယောက် ခင်မင်သွားပြီး ဝင်ထွက်နေတာပဲ။ ကိုသက်ဖေကလည်း ပြီးပြီးပျောက်ပျောက်လူ ဆိုတော့ ပြန်တည့်သွားကြတာပေါ့။ နောက်ပိုင်းကျတော့ ကိုသက်ဖေက ကပွဲသွားတတ်တဲ့ဝါသနာ ကလပ်သွားတတ်တာတွေကို သူ သိပြီးသားကိုး။ သူ့ကိုတော့ ညပွဲတွေမှာ မတွေ့ရဘူး။ သူ ဘယ်သွားနေတယ် ထင်လဲ ... "
ကျွန်မသည် ခေါင်းကို ခါလိုက်သည်။
" ကိုသက်ဖေမိန်းမဆီ ညတိုင်း သွားတာပေါ့။ အပြောကလည်း ချိုချိုနဲ့ ဟိုမိန်းမကို ဆွယ်တာပါပဲ။ ရှင်းရှင်းပြောရရင် တစ်နှစ်လောက်သာ ကြာတယ် ထင်တယ်။ နောက်ဆုံး မိန်းမက ပါသွားတာပဲ။ ပါသွားတယ်ဆိုတာ လူမပါသေးဘူး။ တစ်နေ့ မိန်းမက သူ့နောက် လိုက်မယ်ဆိုတာ ကိုသက်ဖေ သိသွားရော၊ ကိုသက်ဖေကလည်း ဇွတ်တရွတ်သမားဆိုတော့ မိန်းမကို ကားနဲ့ တင်သွားပြီး သူ့ဆီ သွားပို့တယ်။ သူက ဘာပြောတယ် ထင်လဲ ...။ ခပ်တည်တည်ပဲ။ ဒီမိန်းမနဲ့ သူနဲ့ အရှင်းကြီးတဲ့။ ဘယ်လိုမှ သဘောမထားဘူးတဲ့လေ။ ရိုးရိုးသားသား ဝင်ထွက်နေတာတဲ့။ ခု ... ဘာလာလုပ်တာလဲ ဆိုပြီး ဗြောင်ငြင်းတာပဲ။ မိန်းမဆိုတာ လိမ့်နေတာပဲ ငိုလိုက်တာ။ မိန်းမလုပ်တဲ့လူက စပြီး ကျွန်မနဲ့ဖြစ်နေပါတယ်၊ ဘာညာပြောလို့ ဘယ်ဖြစ်မလဲဗျာ။ ပိုင်လိုက်ပုံက သူက လူကိုယ်တိုင်သာသွားတာ။ ချိန်းတာ ချက်တာတွေ စာတတန် ပေတတန်ရေးတာတွေ မဟုတ်ဘူး။ ဒီတော့ မိန်းမအဖို့ သက်သေပြစရာလည်း ခဲယဉ်းတယ်။ သူ့မှာလည်း မိန်းမငုတ်တုတ်ကြီးနဲ့ ဆိုတော့ ကိုသက်ဖေလည်း အရှက်နှစ်ခါကွဲပြီး ပြန်ခဲ့ရတာပေါ့ "
သူ့စကားအဆုံးတွင် ကြက်သီးများ ထ မတတ် ကျွန်မစိတ်ထဲတွင် ကိုထင်ပေါ်ကို ကြောက်ရွံ့၍ သွားပေသည်။
ထိုအကြောင်းများသည် ကျွန်မသူငယ်ချင်းထံမှ သိရသော ဦးထင်ပေါ်၏ကြောက်မက်ဖွယ်ရာ ဆိုးသွမ်းမှုများ၏ တစ်စိတ်တစ်ပိုင်းပင်ဖြစ်ပေသည်။ ငယ်ကတည်းက အတူတူ အိမ်နီးချင်အဖြစ် နေလာလျှက် ကောလိပ်တွင်လည်း အတူတူ နေလာကြသော်လည်း သူ အိုင်အက်စ်စီ အောင်အပြီးတွင် သူက ဆေးပညာဘက်ပြောင်း၍ ယူသွားသောကြောင့် တစ်ယောက်နှင့်တစ်ယောက် ကွဲ၍ သွားကြသည်။ သို့သော် ဆရာဝန်ဒီဂရီယူရန် နှစ်နှစ်အလိုတွင် ဘာကြောင့်မှန်းမသိ ရိုးရိုးဘီအေကို ပြန်ဖြေသည်ဟု ကြားလိုက်ရလေသည်။ ထို့နောက် တစ်ယောက်နှင့်တစ်ယောက် မတွေ့ကြရပေ။ သူငယ်ချင်းများ ဆုံကြရင်း ဘယ်သူက ဘာဖြစ်သွားသည်၊ ဘယ်သူက ဘာလုပ်သည်၊ သတင်းမေးကြရင်းမှ သူ ဘီစီအက်စ်အောင်ကာ အစိုးရအလုပ်သို့ ကူးပြောင်းသွားကြောင်း သိရလေသည်။
ကျွန်မကမူ ဘီအေအောင်ပြီး ကျောင်းဆရာမပင် အေးအေးလုပ်၍ နေပေသည်။
* * * * *
နွေဦးပေါက် တစ်နေ့၌ သူနှင့် မမျှော်လင့်ဘဲ တွေ့ဆုံကြလေသည်။
ကျွန်မအိမ်လေးသည် ကုက္ကိုင်းလမ်းပေါ်တွင်ရှိ၍ ဝင်းခြံမှာ ကျယ်ဝန်းသော်လည်း အိမ်မှာ ပျဉ်ထောင်နှစ်ထပ် ခပ်သေးသေးပင် ဆောက်၍ထားလေသည်။ ခြံဝင်းထဲသို့ ကျောင်းမသွားရသောနံနက်တိုင်း ပန်းပင်များကို ကျွန်မကိုယ်တိုင် ရေလောင်းလေ့ရှိပေသည်။ ယခုအချိန်မှာ နွေရာသီကျောင်းပိတ်ရက်ဖြစ်၍ ခြံကို ပြုပြင်ရန် အချိန်များစွာရပေသည်။
အနောက်ဘက်သို့ လှည့်ကာ နေကြာပင်များကို ရေလောင်းနေစဉ် မြင်းခွာသံတစ်ခုကို ဝင်းခြံဝဆီမှ ကြားရလေသည်။ နေကြာပန်းများသည် ဆောင်းအကုန်တွင် ကျကုန်ကြပြီဖြစ်သော်လည်း ရေနှင့်မြေ အပြုအပြင်ကောင်း၍ တချို့မှာ အပွင့်ဝါများ ပွင့်လျက်ရှိပေသေးသည်။
မကြာခင်ပင် မြင်းစီးလျက် လူတစ်ယောက်သည် ကျွန်မအနားသို့ ရောက်လာလေသည်။
ကျွန်မသည် ဝမ်းသာရမည် ဝမ်းနည်းရမည် မဝေခွဲတတ်သလို ငေးကြောင်၍ သူ့ကို ကြည့်နေမိသည်။ မြင်းပေါ်ကလူမှာ ကိုထင်ပေါ်ပင်ဖြစ်ပေသည်။ သူသည် ကျဉ်းသော မျက်လုံးပေါက်ကလေးများ ပိတ်သွားမတတ် ပြုံးရယ်ကာ ကျွန်မကို ကြည့်လျက်ရှိပေသည်။
ဆက်ရန်
----------------------------------------
0 Comments