အိပ်တန်းပြန်ငှက်များ - ယဉ်ယဉ်နု

အိပ်တန်းပြန်ငှက်များ 
                 ယဉ်ယဉ်နု - မန္တလေး 

                               ( ၁ )

ကျွတ်ကျွတ် … ခါးက ညောင်းလိုက်တာ။ တော်တော် အခြေအနေဆိုးနေတာပါလား။ ဘုရား … ဘုရား … ကယ်တော်မူပါ။ ခြေဆစ်လက်ဆစ်ကလေးတွေကလည်း တဆစ်ဆစ်ကိုက်၊ ဖယောင်းတိုင်လေးထွန်းပြီး ဦးစိုင်းလိမ်းဆေးဘူးကလေး ရှာဦးမှ။ သြော် … ဆေးကလည်း ဘယ်နားမှာများ ထားပါလိမ့်။ အသက်က ကြီးလာတော့ မှတ်ဥာဏ်တွေက အမှားမှား အယွင်းယွင်းရယ်။ ခြေဆုပ်လက်နယ်ပြုမယ့်သားသမီးများကလည်း အမေ ၀ယ်လာတဲ့ မုန့့်ဟင်းခါးနဲ့ ထမင်းကို လုံးထွေးလုယက် စားကြပြီး ဗွီဒီယိုမော့ဖို့ သွားကြပြီ။

ခုလို ဘဝနေ၀င်ချိန်လေးရောက်မှတော့ အေးအေးချမ်းချမ်း ဇိမ်ရှိရှိလေး နေချင်လိုက်တာ။ အဲလေ … ဇိမ်မရှိချင် နေပါစေ၊ စားဖို့ မပူရ၊ သောက်ဖို့ မပူရ၊ ကိုယ်စားချင်တာလေး စားလို့၊ လှူချင်တာလေး လှူလို့၊ ဒီလိုနေရရင် တော်ပါပြီ။ ဒါပေမဲ့ တောင့်လည်း မတောင့်တချင်တော့ပါဘူး။ တစ်သက်လုံး တောင့်တခဲ့တာ သက်တမ်း နည်းမှမနည်းဘဲ။ ကျုပ်အသက် ၇၀ ကျော်ခဲ့ပြီ။ ဘယ်မှာ ပြည့်စုံခဲ့လို့လဲ။

သူတို့ကပဲ ညံ့လို့လား။ ကျုပ်ကပဲ တော်လို့လားမသိ။ သားသမီးတွေရှိလျက်နဲ့ ကျုပ်လို ၇၀ ကျော်က အံ့မောင်နဲ့ ခင်ထားတို့ မောင်နှမကို ရှာကျွေးနေရတယ်ဆိုတာ လူကြားလို့မှမကောင်း။ နောက်ဆုံးတော့ ၀ဋ်ကြွေးပေါ့လေ။ ငယ်ငယ်ကတည်းက ခေါင်းပေါ်က မချရတဲ့ ပဲပြုတ်တောင်း။ သူတို့အဖေနဲ့ရခါစ ခဏပဲ ချရတယ်။ အံ့မောင်လည်းမွေးရော ပြန်တင်ရတာပဲ။

ဒီလိုနဲ့ အကြီးကောင်၊ အငယ်မ ကြီးလာကြ၊ အလျှိုလျှို အိမ်ထောင်ကျ၊ ကိုဘမြိုင်ဆုံး၊ အနှစ် ၇၀ ဆိုတာ ဘာမှမကြာပါလား။ ဘုရား … ဘုရား … ပြန်တွေးကြည့်ရင် မနေ့တနေ့ကလိုပဲ။ ဒီကြားထဲ ပျော်ပါးရတဲ့ကာလဆိုတာ ဘာမှမရှိ။ လောကဓံနဲ့ ကိုယ်နဲ့ လုံးလားထွေးလားဖြစ်။ အံ့မောင်က မိန်းမနဲ့ကွဲ။ကလေးတွေနဲ့ အိမ်ရောက်လာ။ ခင်ထားကလေးတွေနဲ့ ရန်ဖြစ်။ ခင်ထားယောက်ျားနဲ့ အံ့မောင်နဲ့ အရက်သမားချင်း ရန်ဖြစ်။ ခင်ထားက အော်ဆဲ။

အလိုလေး … ဆူလိုက်ပူလိုက်တဲ့ အိမ်။ အိုမင်းရတဲ့အထဲ အရင်းမရှိလို့ ပဲပြုတ်ကလည်း မရောင်းနိုင်။ ပိုက်ဆံရှာရမယ့်သူတွေက ပိုက်ဆံရှာတဲ့အလုပ် မလုပ်ဘဲ ရမ်းကားနေကြတော့ ကျုပ်ဖြင့် အိမ်မှာနေချင်စိတ်ကို တစ်စက်မှ မရှိတော့ဘူး။ ဘယ်သူ သေကြ သေကြဟယ်ဆိုပြီး ပစ်ထားခဲ့တယ်။ ဘုရားကိုလာခဲ့တာ စိတ်ကထွေထွေရယ်။ ဒါပဲ အားကိုးစရာ ရှိတာလေ။ “ဗမာအို ဘုရားအို ဘုရားကြား” လို့ စာဆိုရှိသမို့လား။
 
ဘုရားစာလည်း ဟုတ်တိပတ်တိ မရပါဘူး။ ဘုရားရှေ့မှာ ထိုင်ပြီး ကျုပ် အကြာကြီး ဘုရားကို ကြည့်နေမိတယ်။ အေးချမ်းလိုက်တာ။ ဘုရားမျက်နှာတော်ကို အကြာကြီး ဖူးဝတော့မှ ထထွက်လာခဲ့တယ်။ အိမ်မပြန်ချင်သေးဘူး။ လေကလေး တဖြူးဖြူးနဲ့ လိပ်ကန်စောင်းတန်းထဲ အသာလေး ၀င်ထိုင်နေလိုက်တာ။ ပါလာတဲ့ဖိနပ်လေး ဖင်ခုပြီး ဟိုငေးသည်ငေးပေါ့။ အဲသည်အချိန်မှာ ကျုပ်အတွက် ထူးခြားတဲ့အဖြစ်အပျက်တစ်ခု ဖြစ်သွားခဲ့တာပဲ။

သပ်သပ်ရပ်ရပ် သားသားနားနား ၀တ်စားထားတဲ့ အံ့မောင်တို့အရွယ် ကလေးတစ်ယောက်လေ။ ကျုပ်ရှေ့မှာ ခါးကလေးကုန်းပြီး ငါးကျပ်တန်လေးတစ်ရွက်ကို ကမ်းပေးပါတယ်။ ရုတ်တရက် ဘာပါလိမ့်ဆိုပြီး ကြောင်ကြည့်နေမိတုန်း သူက လက်ထဲကို ထိုးထည့်ပေးနေတော့ ကျုပ်လည်း ယောင်တောင်တောင်နဲ့ ယူထားလိုက်မိတယ်။ 
“ဒီဘက်ကိုလည်း လှူဦး ကလေးရဲ့”
 အသံတစ်သံထွက်လာလို့ လှည့်ကြည့်မိတော့၊ အို … ကျုပ်တို့အရွယ် သူအိုိတွေပါလား။ အဘိုးကြီး၊ အဘွားကြီးတွေ တန်းစီးပြီး ထိုင်လို့။ ကျုပ်ကိုလှူတဲ့ ကလေးက …
 “ဟုတ်ကဲ့ ဘွားဘွား၊ အားလုံးကို လှူမှာပါ” ဆိုပြီး တစ်ယောက်ကို ငါးကျပ်စီ လှူတယ်။

ဘိုးအိုကြီး၊ ဘွားအိုကြီးတွေက ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ထီပေါက်ပါစေနဲ့ ဆုတွေပေးလိုက်ကြတာ တတွတ်တွတ်နဲ့ပေါ့။ အဲဒီတော့မှ သတိရတယ်။ အို … ကျုပ် ဘာဆုမှ မပေးလိုက်ရပါလား။ ဘယ်သိမှာတုံး။ ပထမဆုံး အတွေ့အကြုံ ဆိုတာကြောင့် ကြောင်အ နေတာပေါ့။ အဲဒီကလေးလည်း ထွက်သွားရော …
“ဘွားကြီးအို … ဒီဘက်ကိုလာ၊ တော် ထိုင်နေတာက လမ်းကြီးမှာ” ဆိုပြီး အဘွားကြီးတစ်ယောက်က လှမ်းခေါ်တယ်။ ဒါနဲ့ ကျုပ်လည်း သူတို့နဲ့အတူ တန်းစီပြီး ဒီဘက်အစွန်ဆုံးက ထိုင်လိုက်ရတယ်။

လက်ထဲက ငါးကျပ်တန်လေးက ကျုပ်ကို စကားအများကြီး ပြောနေပြီလေ။ ကျုပ် ထပြန်ချင်တယ်။ ဒါပေမဲ့ ပြန်လို့ မရခဲ့ဘူး။ ချီတုံချတုံနဲ့ ကျုပ် ထိုင်နေခဲ့တယ်။
 “တော် ထမင်း မပါဘူးလား” လို့ စောစောက အဘွားကြီးက မေးတယ်။ “မပါဘူး” ဆိုတော့ … 
 “ဒါဆို ကျုပ် ထမင်းသွား၀ယ်မယ်၊ ဟိုနားက ဆိုင်မှာ ကျုပ်တို့လို အဘွားကြီးအိုတွေဆို ထမင်းနှစ်ဆယ်၊ ဟင်းနှစ်ဆယ်ပဲ ယူတယ်၊ တော်မှာမလား” လို့ မေးတယ်။ ကျုပ် ခေါင်းယမ်းပြလိုက်တယ်။
 “ဒါဆိုလည်း နောက်ရက် ထမင်းထုပ်ခဲ့တော်” လို့ ပြောရင်း ဘွားကြီးအို ထသွားတော့တယ်။

 အဲဒီနေ့ နံနက်စာစားချိန်ကနေ ညနေစောင်း တခြားဘွားကြီးအိုတွေ ပြန်သွားတဲ့အထိ ကျုပ်ထိုင်နေတာ ငွေ ၁၅၀ လောက် ရခဲ့တယ်။ ကျုပ်ရင်ထဲမှာ တဒိတ်ဒိတ်နဲ့။ မျက်နှာတွေလည်း ထူအမ်းလို့ပါတော်။ ခြေလှမ်းတွေ ကပေါက်တိကပေါက်ချာနဲ့ အိမ်ကို ပြန်လာခဲ့တယ်။ အိမ်ရောက်တော့ မှောင်နေပြီ။ တစ်အိမ်လုံးလည်း တိတ်လို့။ ခင်ထားက …
 “အမေ ဘယ်သွားနေတာလဲ” ဆိုတော့ ဘာမှမပြောဘဲ ငွေတွေ ထုတ်ပေးလိုက်တယ်။
 “ဘယ်က ရလာတာလဲ” လို့ မေးတော့ ကျုပ်က အကျိုးအကြောင်း ပြောပြတော့ သမီးလိမ္မာက ဘာပြောတယ် မှတ်လဲ။
 “အမေ့ဟာက ကောင်းသားပဲ၊ အဲဒီပဲသွား၊ မနက်ဖြန် ထမင်းထည့်ပေးမယ်” တဲ့။

ကျုပ် မျက်ရည်တွေလည်လာပေမယ့် အားတင်းပြီး ပြန်တင်းလိုက်ရပါတယ်။ သြော် … ခုထိ သားသမီးများ မအေအိုကြီး အလှူခံကျွေးတာ စားရက်ကြတယ်။ အေးလေ … အံ့မောင်နဲ့ ကလေးတွေကလည်း ခင်ထားထမင်းအိုးပဲ နှိုက်ကြတာ။ သူတို့အတွက်ရော ကျုပ် အားတွေ တင်းရတာပေါ့။ လှူကြတဲ့ ကလေးတွေက ကျုပ်တို့လို အရွယ်ကို လေးစားခြင်းနဲ့ လှူကြရှာတာ။ ကျုပ်တို့နောက်က ငိုတောင်းမယ့်လူတွေအတွက် ခုအသက်အရွယ်အထိ ၀ဋ်ကြွေးမကင်း ရှာကျွေးနေရတာတွေ၊ စားအိုး ထိန်းသိမ်းနေရတာတွေကို သိရင် စေတနာများ ပျက်ကုန်ကြလေမလား။ အို … ကျုပ်တို့လူမျိုးက သဒ္ဒါအားကောင်းပါတယ်။ လှူကြပါစေတော်၊ များများလှူကြပါစေ၊ ဆတက်ထမ်းပိုး တိုးလို့ လှူနိုင်ကြပါစေ။

အလှူခံသက် ကြာလာတာနဲ့အမျှ ကျုပ်တို့ ဘိုးကြီးအို၊ ဘွားကြီးအိုတွေမှာ နာကြည်းစရာ၊ ကြေကွဲစရာ နောက်ခံဇာတ်ကြောင်းလေးတွေနဲ့ချည်းပဲဆိုတာ သိလာရတယ်။ အမေခင်ဆိုတဲ့အဘွားကြီးကို ကြည့်။ လေဖြတ်ထားတာ၊ လမ်းလျှောက်နိုင်တာ မဟုတ်ဘူး။ သူ့သမက်က မနက်တိုင်း ပွေ့ချီ ချပေးသွားတာ။ ချပေးတဲ့နေရာ ထိုင်နေရတာ။ ညောင်းလိုက် ကိုက်လိုက်တာလို့ တစ်နေ့လုံး ညည်းရှာတာ။ ဟုတ်တာပေါ့။ အုတ်သမံတလင်းပေါ် တစ်နေ့လုံး ဒူးတုပ်ပြီး ကွေးကွေးလေး ထိုင်နေရတဲ့ ဥစ္စာ၊ ကိုက်တာပေါ့။ ကျုပ်တောင် အခု ညောင်းတတ် ကိုက်တတ်နေပြီ။ အမေခင်လည်း ညောင်းရှာမှာပေါ့။ ဒါပေမဲ့ အမေခင်ခမျာ တစ်ရက်မှ မလာဘဲ မနေရဲဘူး။ သူ့သမက်ကို ကြောက်ရတယ်တဲ့။ မလာချင်ဘူးဆိုရင ရိုက်မယ်၊ ပုတ်မယ် ခြိမ်းခြောက်တယ်တဲ့။ ကြောက်စရာကြီးတော်။

ဟို … တယောအိုကြီးကို တအီအီထိုးနေတဲ့ ဖိုးသြကျတော့ တစ်မျိုး၊ သူ ရွှေပြည်ကြီးတို့၊ မြနန္ဒာတို့၊ တစ်ခါတလေ ဝေဇယန္တာတဲ့၊ အောင်မင်္ဂလာတဲ့၊ သီချင်းတွေ ကျုပ်ဖြင့် သိပေါင်တော်။ ဒီရောက်မှ ကြားဖူးတာ။ အရင်က မင်းသားကြီးတဲ့။ သူ ဆိုရင် လွမ်းစရာကောင်းလိုက်တာ။ သူ့မှာ မီးယပ်ကျိုးလို့ အိမ်ရာထဲလဲနေတဲ့ မိန်းမနဲ့ ရင်ကျပ်ပန်းနာသည်သမီးလေးနဲ့။ ပြောရရင် စိတ်ညစ်စရာကြီးပါတော်။ စားဖို့အနိုင်နိုင်။ နေ့သေမလား၊ ညသေမလား လူမမာက နှစ်ယောက်။ ဆေးဖိုးဝေးလိုက်တာ။ မီးယပ်ကျိုးက ဆိုးရင် ပန်းနာသည်ကလေးက ပြုစုလိုက်၊ ပန်းနာသည်ကလေး ရင်ကျပ်ရင် မီးယပ်သည်က ရင်ဖိပေးလိုက်နဲ့။ ဖိုးသြမှာ ထမင်းတောင် ပါရှာတာ မဟုတ်ဘူး။ တစ်ခါတလေ ရင်နာရှာတယ်ထင်ပါ့။ တယောကြီး ဖိထိုးပြီး ဆွဲဆွဲငင်ငင် သီချင်းတွေဆိုရင်း ငိုရှာတယ်။ ကျုပ်တို့လည်း မျက်ရည်လည်ကြတာပေါ့။
 
ဖိုးသြ ထမင်းမပါလည်း ပါတဲ့သူက ဝိုင်းကျွေးကြ၊ အတူမျှစားကြနဲ့ပေါ့။ ဘာပဲဖြစ်ဖြစ်လေ၊ ကျုပ်တို့ရဲ့ဒုက္ခတွေကို အိမ်မှာခဏ ထားခဲ့ပြီး ဒီမှာ သက်တူရွယ်တူတွေ မျှတပြီး အတူနေကြ၊ စားကြရတာတော့ ပျော်စရာပါပဲ။ ညနေစောင်းရင်တော့ လက်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့ ငွေစလေးတွေ ကိုင်ပြီး ကိုယ့်အိမ်ကို ပြန်ကြရတော့တာပဲ။ ကျုပ်တို့အိမ်နားက မန်ကျည်းပင်ကြီးမှာ ဆက်ရက်တွေ တကျည်ကျည် တကျာကျာ အော်ဟစ်ဆူညံ အိပ်တန်းပြန်တဲ့အချိန်ရောက်ရင် ကျုပ်တို့လည်း ကျုပ်တို့ အသိုက်အမြုံကလေးထဲ ခေါင်းလျှို၀င်၊ ပါလာတဲ့ စားစရာလေးတွေ အလုအယက် စားသောက်ဖို့ မျှော်နေတဲ့ မြေးတွေနဲ့ တစ်လုတ်တစ်ဆုပ် ဝေငှစားရင်း တစ်နေ့တာ ကုန်ရတော့တာ။
 
တစ်ခါတလေများ စိတ်ကူးယဉ်မိတယ်။ ကျုပ်ပြန်ရမယ့်အိမ်က ခုလို တစ်ဖက်ရပ်တဲကလေးမဟုတ်ဘဲ ခြံကျယ်ကျယ် တိုက်ကြီးကြီး။ ကျုပ်ကလည်း စိန်ရွှေအပြည့်နဲ့ သူဌေးမကြီး။ သားသမီးတွေကလည်း ဆိုက်ကားသမား၊ အရက်သမား မဟုတ်ဘဲ ဆရာ၀န်ကြီးတွေ၊ ကျောင်းဆရာကြီးတွေ ဆိုပါစို့။

ဟော … ပြောရင်းဆိုရင်းတော် … ဟို လိပ်စာ ငါးစာ ကျွေးတဲ့နားမှာ ရပ်နေတဲ့ ကျုပ်နဲ့ရွယ်တူလောက်ရှိမယ့် အဘွားကြီးလိုပေါ့တော်။ ကြည့်စမ်း … သူတို့များ ကြည့်လိုက်တာနဲ့ သူဌေးမှန်း သိသာတယ်။ နုဖပ်စိုပြည်နေတာပဲ။ ဆံပင်က ဖြူနေပေမယ့် သေသေသပ်သပ် ထုံးဖွဲ့လို့။ ခြုံထားတဲ့ သိုးမွေးပုဝါကလည်း အမွေးရှည်ကြီးတွေနဲ့ လှလိုက်တာ။ ဇင်းမယ်လုံချည်ကလည်း အိစက်လို့။ စိန်နားကပ်ကလည်း ဖိတ်ဖိတ်လက်လို့တော်။ အေးလေ … သူတို့လို ချမ်းသာရင် ကျုပ် ဒီနားမှာ ထိုင်အလှူခံနေရမတဲ့လား။ သူ့့့လို ချမ်းချမ်းသာသာ ပျော်ပျော်ရွှင်ရွှင် နေရမှာပေါ့။ မချမ်းသာလို့ အလှူခံစားနေရတာ။ ကိုယ့်အလုပ် ကိုယ်လုပ်တာပဲ ကောင်းပါတယ်။

အေးကွယ် … အခုလို ဘွားဘွားတို့ကိုလှူလို့ ကလေးတို့ စာမေးပွဲတွေ အောင်ပါစေ၊ ဆရာ၀န်ကြီးတွေ ဖြစ်ကြပါစေ၊ မင်္ဂလာစုံတွဲထီကြီးလည်း ပေါက်ကြပါစေကွယ်။

( ၂ )

စိတ်ထဲမှာ ကြည်နူးလိုက်တာ။ အပြင်ထွက်ရတာ၊ အပြင်လေစစ်စစ်ကို ရှူရတာ အသည်းထဲကို အေးသွားတာပဲ။ အိမ်ထဲမှာဆိုရင်လေ လေကအစ စိုထိုင်းထိုင်းနဲ့။ လေအေးစက်က ထွက်လာတဲ့ လေအတုကို ရှူရတာ အသက်ရှူမ၀ပါဘူးရှင်။ တကယ်ပါပဲ။ ကြည့်ပါဦး။ လေကလေးက တဖြူးဖြူး၊ သွားကြလာကြတဲ့ သူတွေက လွတ်လွတ်လပ်လပ် ပျော်ပျော်ပါးပါး။ သြော် … ဒီလိုအချိန်တွေ ကုန်ဆုံးခဲ့ပြီ။ နုနယ်ရုပ်ဆင်း ပျိုမျစ်ခြင်းက အိုမင်းနောက်ဆုံးပါတကားတဲ့။ နာဖို့သေဖို့သာ ကျန်တော့တာ။ အိုတာက အိုပြီ။
 ဘုရားလာချင်လို့ လိုက်ပို့ပါ ဆိုတော့ ပို့တဲ့ မြေးကလေး မောင်ကျော်ကို ကျေးဇူးတင်လိုက်တာ။ အင်း … သူကလည်း နောက်ဆုံး၀ယ်လိုက်တဲ့ ပရာဒိုကားကြီးကို ပြချင်လို့ဆိုပြီး အိမ်ကိုလာတာ။ ကျွန်မမြေးနှစ်ယောက်ကလည်း သူတို့အစ်ကို၀မ်းကွဲကို တစ်ပတ် မောင်းပို့ရမယ်လို့ ပူဆာ။ သွားချင်တာက မြို့တော်ဥယျာဉ်တဲ့။ သူတို့ ကစားကြ၊ လည်ကြနဲ့ တစ်နာရီ၊ နှစ်နာရီကြာမှာကို အမေကြီးကို ဘုရားပို့ခဲ့ပါကွယ်ဆိုပြီး ဇွတ်ထွက်လာတာ။ မောင်ကျော်လေး ကျန်းမာပါစေကွယ်။

အိမ်မှာလည်း ကားနှစ်စီးရှိပါတယ်။ ကားတစ်စီးက သမီးလုပ်သူ အထူးကုဆရာ၀န်မကြီးက ယူသွား။ နံနက် ခြောက်နာရီက ထွက်။ ဆေးခန်းတွေ တစ်ခုပြီးတစ်ခု ပြောင်းထိုင်။ အချိန်တန်တော့ ဆေးရုံသွား၊ ဆေးရုံပြီးတော့ ဆေးခန်း။ ငွေတွေ သိန်းချီယူပြီး လူနာတွေ ခွဲရစိတ်ရ။ ည အိမ်ကို သူပြန်ရောက်တဲ့ အချိန်ဟာ အစောဆုံး ၁၁ နာရီပဲ။ ပင်ပန်းလိုက်တဲ့ သမီးလေး။ ကွယ်လွန်သွားတဲ့ သမက်အစား နှစ်ယောက်စာ ပေါင်းရှာဖွေနေရတာ ကျွန်မဖြင့် မကြည့်ရက်ပါဘူး။ တစ်အိမ်ထောင်လုံးအတွက် ကုန်းကျုံးလုပ်နေရရှာတာလေ။ တစ်ရက်တလေမှ မနားရရှာဘူး။ မအေရော၊ ကလေးတွေရော၊ မညှိုးမငယ်နေရတာ သူ့ကြောင့်။ ဒါကြောင့် ကျွန်မလည်း သမီးသဘောကျ အားလုံးနေပေးရတယ်။ ဒါမှ သမီးစိတ်ချမ်းသာရှာမှာ။

နောက် ကားတစ်စီးကလည်း အကြီးမ ကျူရှင်၊ ကျောင်း၊ ကွန်ပျူတာသင်တန်း၊ အငယ်ကောင် သီချင်းဆို၊ လည်ပတ်၊ အပေါင်းအသင်းနဲ့ထွက်၊ သူတို့မောင်နှမကို အဝေမညီဘူး။ ခဏခဏ ရန်ဖြစ်၊ တစ်ယောက်ပို့ တစ်ယောက်ကြို၊ ချေးကလည်း များ၊ ဆူကလည်း ဆူ၊ ဒရိုင်ဘာတွေ မျက်စိလည်၊ နားငြီး၊ ခဏခဏ ထွက်၊ ဒုက္ခတွေ ရောက်။

မောလိုက်တာ။ သူတို့ကို ကြည့်ရတာ မောလိုက်တာ။ သူတို့ကိစ္စတွေနဲ့ သူတို့ရှုပ်နေတာ။ တစ်ခါတလေ ကျွန်မ အပြင်လေးဘာလေးထွက်ချင်ရင် ကားမရှိဘူး။ ကားမရှိတာ ထားပါလေ။ ကျွန်မအပြင်ထွက်တာကိုလည်း သမီးက သိပ်မကြိုက်ချင်ဘူး။ မျက်နှာက အိုအိုရယ်။ ဟိုတစ်ခါတုန်းက အလှူတစ်ခုကို ကားငှားပြီး သွားမယ်လုပ်လို့ ဖွင့်တားတာ။
“မေမေကလည်း … သမီးနဲ့ မေမေ့မြေးတွေက အိမ်မှာမရှိဘူး၊ အိမ်ဖော်ဆိုတာလည်း ယုံရတာ မဟုတ်ဘူး၊ အိမ်ရှင်တွေ ဘယ်သူမှ မရှိတုန်း ရှိတာတွေ မ ချသွားရင် ဒုက္ခ၊ သမီးက ဖြောင့်ဖြောင့်စီးပွားရှာနိုင်အောင် မေမေအိမ်မြဲမှပေါ့၊ မေမေသိတတ်မှပေါ့၊ သမီးဖြင့် ပြောရတာ ငရဲကြီးတော့မှာပဲ” တဲ့။

ဟုတ်တာပေါ့ရှင်။ အံဆွဲထဲမှာလည်း ငွေတွေ အထပ်လိုက်။ သမီးအင်္ကျီ၊ လုံချည်တွေက တစ်စုံတစ်စုံ ငါးထောင်၊ တစ်သောင်းတန်တွေ။ ကိုယ်က သူ့မှီခိုနေရတာလေ။ သိတတ်ရတာပေါ့။ နောက်ပြီး ကိုယ်က မျက်စိကလည်း သိပ်ကောင်းတာမဟုတ်။ ခွဲထားရတာဆိုတော့ အိမ်မှာနေတာပဲ ကောင်းပါတယ်လေ။ လျှော့ထား။ လည်ချင် ပတ်ချင်၊ အရင်ကလို သွားချင်လာချင်စိတ်တွေ လျှော့။ ချင်ခြင်း ဆန္ဒနောက်ကို မလိုက်နဲ့။ တရားနဲ့ ဖြေ၊ တရားခွေတွေ နားထောင်၊ ပုံလို့ သမီး၀ယ်ပေးထားတာ။

သမီးက တော်ရှာပါတယ်။ သိတတ်ပါတယ်။ ဆရာတော်ကြီးတွေရဲ့ တရားပွဲတွေ ကျွန်မ သွားနာချင်နေမှန်း သိတော့ တရားခွေတွေ ၀ယ်ပေးထားတာ ကျေးဇူးတင်ရတယ်။ တရားပွဲမှာ တိုးတိုးဝှေ့ဝှေ့ အညောင်းခံ၊ ခြင်ကိုက်ခံမယ့်အစား အိမ်မှာ သက်သောင့်သက်သာ နာရတယ်လေ။ ဒါပေမဲ့ တစ်ခါတလေ အငယ်ကောင်က သူ့သီချင်းတွေ ဆူညံနေအောင် ဖွင့်ရတော့ ကျွန်မ တရားခွေလေး သိမ်းပြီး အခန်းထဲ အောင်းနေရတော့တာပေါ့။ အဲဒီတော့လည်း တရားမှတ်ရတာပေါ့လေ။ ကျွန်မ အကောင်းဘက်ကချည်း တွေးပါတယ်။ ဒါပေမဲ့ တကုပ်ကုပ်နေရတော့ သိပ်ပျင်းတာပဲရှင်။ ပြောပါပကော။ သမီးတွေ၊ မြေးတွေက မအား၊ တစ်နေကုန် ကျွန်မတစ်ယောက်တည်း စကားပြောစရာ အဖော်က မရှိ။ အိပ်လိုက်၊ ထိုင်လိုက်၊ ထလိုက်၊ တရားနာလိုက်၊ ပျင်းလိုက်တာ။ 

တစ်ခါတလေ ထမင်းဝိုင်းမှာ ဆုံကြရင်လည်း သူတို့ ပြောကြတဲ့ စကားတွေကို ကိုယ် လိုက်မမီ။ စကားစပ်လို့ ၀င်ဆုံးမမိရင် …
 “ဘွားဘွား အသာနေစမ်းပါ၊ နားမလည်ဘဲ ၀င်မပြောနဲ့” လို့ မြေးတွေ မာန်တာ ခံရသေးတယ်။ သမီးကလည်း …
 “ဟဲ့ … ဘွားဘွားကို ဒီလို ပြန်မပြောရဘူး” လို့ မဆုံးမဘူး။ ရယ်နေတာ။ ကျွန်မတို့ ခေတ်နဲ့တော့ အကွာကြီး ကွာခဲ့ပြီ။

သူတို့နဲ့ စကားမပြောရတော့ အိမ်ဖော်ကောင်မလေးတွေနဲ့ ပြောကြည့်ပါတယ်။ သူတို့ကလည်း အတူတူပဲ။ သူတို့သိတာနဲ့ ကိုယ်သိတာ ကွာခြားခဲ့ပြီ။ ခင်မောင်ရင် မသိ၊ ကြည်ကြည်ဌေး မသိ။ သူတို့ပြောတဲ့ နာမည်တွေကို ကိုယ်က မသိ။ စိတ်ပြေလက်ပျောက် တီဗွီလည်း မျက်လုံးကြောင့် ကြည့်မရ။ ကောင်မလေးတွေကလည်း အလုပ်နဲ့လက်နဲ့ မပြတ်။ ကျွန်မအနားမှာ ဘယ်သူမှ မရှိ။ အိမ်ကြီးတစ်လုံးလုံးဟာ ပျင်းရိခြောက်သွေ့နေတာပဲ။ သမီး ၀ယ်ပေးတဲ့ တရားခွေတွေလည်း ဖွင့်ပါတယ်။ နေ့တိုင်းဖွင့်နေရတော့လည်း စိတ်က အာရုံစိုက်လို့ မရတော့ဘူး။ အားလုံးလည်း အလွတ်လောက်နီးပါး ရနေပြီ။ ထပ်တလဲလဲ နာနေရတော့လည်း ငြီးငွေ့လာပါပြီ။

တစ်ညမှာတော့ သမီး ဆေးခန်းအပြန်စောင့်ရင်း မျက်စိမှုန်မှုန်နဲ့ ကြုံရာ အခွေတစ်ခွေ ထည့်ဖွင့်လိုက်တာ အငြိမ့်သီချင်းခွေလေး ဖြစ်နေတယ်။ အဆိုတော်ကလေးကလည်း ကောင်းလိုက်တဲ့ အသံ။ ကြည်လိုက် ပီလိုက်တာ။ လေဘာတီမမြရင်ရဲ့ “အလှူ့ရှင်” သီချင်း။ အင်း … ကျွန်မတို့ သုံးလေးဆယ်အရွယ်က ကြည့်ရတဲ့ မခင်စိန်တို့၊ အမာစိန်တို့၊ နွဲ့နွဲ့စန်းတို့ ဒီသီချင်းဆိုနေကျပေါ့။ ကျွန်မလည်း တစ်ပိုင်းတစ်စတော့ ရပါသေးတယ်။ ဘာတဲ့ “အပိုင်နော် ကြံလိုက်သရှင် တိုင်ပေါ် အလံစိုက်ချင်” တဲ့။ အဲဒီတုန်းက သူတို့ ကခဲ့တာလေးတွေ လှလိုက်တာ။ လက်ချိုးခြေချိုးကလေးတွေက ကော့ညွှတ်လို့။ ဟောသလို ဟောသလို။ ကျွန်မလည်း ငယ်ငယ်တုန်းကတော့ အက သိပ်ဝါသနာပါခဲ့တာပေါ့ရှင်။ အခုတော့ မကရတာလည်း ကြာ၊ သူများကတာ မမြင်ရတာလည်း ကြာပါပြီ။ ဒီသီချင်းလေး ကြားရတာ နားထဲ ချိုလိုက် ဆိမ့်လိုက်တာ။ ဘာတဲ့ “အီဂျစ်နဲ့ အင်္ဂလန် နိုင်ငံခြားကို မောင် သွားထားပါလား ပျိုတစ်ပါး မသိအောင်၊ စာရေးတဲ့ ဆရာတောင် အိမ်မလာရအောင် …” 

ဟင်........ကက်ဆက်ကို ချောက်ခနဲ ပိတ်လိုက်တာ ဘယ်သူပါလိမ့်။“သြော် … သမီး ပြန်လာပြီကိုး၊ မေမေ သမီးကိုစောင့်ရင်း သီချင်းကလေး ကောင်းတာနဲ့ …”
အိုး … သမီးမျက်နှာက တင်းလို့ပါလား။
“မေမေ သူငယ်ပြန်နေတာလား” တဲ့။
ဘုရား … ဘုရား …။
“သမီးကြည့်နေတာ မေမေ သီချင်းလည်း လိုက်ဆိုနေတယ်။ လက်လှုပ်ခြေလှုပ်နဲ့ ကလည်း ကနေတယ်။ မေမေရယ် … မေမေ့အရွယ်ကြီးနဲ့ ဒီလိုလုပ်နေရင် အိမ်ဖော်ကလေးမတွေ အရိုအသေတန်တော့မှာပေါ့။ ပြီးတော့ အတင်းပြောလည်း ခံရဦးမယ်၊ မေမေ့အရွယ်နဲ့လိုက်တဲ့ တရားခွေတွေ သမီး ၀ယ်ပေးထားတယ်လေ” တဲ့။ 

ပြောရက်လိုက်တာ သမီးရယ်။ ကျွန်မ မျက်ရည်တွေတောင် လည်လာပါတယ်။
“အေး အေး … မေမေ သိပါပြီ။ သမီးက ဂုဏ်ကျက်သရေနဲ့ ပြည့်စုံတဲ့ ဆရာ၀န်မကြီးပဲ။ သူက ကိုယ့်ကို သင့်လျော်အောင်၊ သင့်တင့်အောင် ထားရှာတာပဲ၊ နောက်ကို သမီးဖြစ်စေချင်တဲ့အတိုင်း တရားနဲ့ မွေ့လျော်နိုင်အောင် မေမေကြိုးစားပါ့မယ်။ စိတ်ဖြေရာ မရှာတော့ပါဘူးကွယ်” လို့ စိတ်ထဲက ပြောပြီး ကျွန်မ ထထွက်လာခဲ့တော့ သမီးက အိမ်ဖော်ကောင်မလေးတွေကို ဆူနေသံ ကြားရတယ်။ 
“နောက်ကို မေမေအိပ်ပစေ၊ ငါ့အပြန်ကို မစောင့်စေနဲ့၊ မေမေအိပ်ရေးပျက်ရင် သွေးတိုးတယ် ဆိုတာ နင်တို့ မသိဘူးလား” တဲ့။

အဲဒီ သွေးတိုးတဲ့ ရောဂါကြီး ရှိနေတာလည်း ကျွန်မအတွက် ဒုက္ခတစ်ခုပါပဲ။ ကျွန်မ သွေးတိုးရှိပြီဆိုတာ သိကတည်းက သမီးက …
“မေမေ အငန်လျှော့စားရမယ်၊ ပေါ့ပေါ့ချက်”
အိမ်ဖော်တွေကို မှာတော့တာပဲ။ သမီးရဲ့အမိန့်ကို လိုက်နာကြရတယ်လေ။ ကျွန်မရဲ့ တောင်းပန်းတိုးလျှိုးတဲ့ မျက်လုံးကို သူတို့ ဘယ်ဂရုစိုက်ပါ့မလဲ။ ဒီရောဂါ၀င်လာပြီးကတည်းက ကျွန်မအလွန်နှစ်သက်တဲ့ ငံပြာရည်ဆီသတ်တို့၊ ပဲငါးပိချက်တို့၊ ၀က်သားပုန်းရည်ကြီးချက်တို့ကို အပြီးအပိုင် စွန့်လိုက်ရတာပါပဲ။ ချိုရဲရဲ ပဲနှပ်၊ ဖြူပပ်ဖြူရော် ကြက်သားပြုတ်ကြော်။ အေးစက်စက် စွပ်ပြုတ်တို့။ အိုး … မုန်းလိုက်တာ။ တစ်လုတ်တစ်ဆုပ်ပဲ စားပြီး ထမင်းပွဲကို ကျောခိုင်းခဲ့ရတာချည်း။ သမီးက အကောင်းစား စီမံပေးပါတယ်။ ဒါပေမဲ့ သူစားခိုင်းတဲ့ ကွေကာအုတ်တို့၊ ပေါင်မုန့်တို့၊ နွားနို့တို့ ဘာလုပ်မှာလဲကွယ်။ ညှီစို့စို့နဲ့။ ဟောလစ်၊ မက်တိုဗာတို့များ နှမ်းထောင်းများများ ဆီရွှဲရွှဲနဲ့ ငချိပ်ပေါင်းတစ်ဆုပ်လောက်မှ အရသာ မရှိပါဘူး။ တစ်ခါက ကောင်မလေးတွေကို မုန့်ဟင်းခါး ခိုးမှာစားမိတာ သိသွားလို့ အလုပ်ဖြုတ်ပစ်မယ် ကြိမ်းထားတာနဲ့ ကောင်မလေးတွေခမျာ ၀ယ်မပေးရဲကြရှာတော့ဘူး။ အလျှံပယ်ပေါများတဲ့ ဆရာ၀န်မကြီးအိမ်မှာ အမေလုပ်သူ အစာရေစာ ငတ်နေပါတယ်ဆိုရင် ကြားရသူတွေ ယုံမယ် မထင်ပါဘူး။

အိုး … ဘာသံပါလိမ့်ရှင်။ တယောသံလေး တငြိမ့်ငြိမ့်နဲ့။ သြော် … ဟိုနားက ဘိုးဘိုးက တယောထိုးရင်း သီချင်းဆိုနေတာပါလား။ နား၀င်ချိုလိုက်တာ၊ နားချမ်းသာလိုက်တာ၊ ရင်ထဲကို ပြည့်သွားသလိုပါပဲ။ ဟော … အနံ့၊ ဒီအနံ့ကို သိပါတယ်။ သိပြီ … သိပြီ။ မရန်းသီးထောင်း၊ ငါးပိဖုတ်နံ့ကလေးရယ်၊ ကြက်သွန်စိမ်းနံ့ကလေးရယ်။ အမယ်လေး … သွားရည်တောင် ကျချင်လာပါပြီလား။ ဒီဘက်ထိပ်က ဘွားဘွား ထမင်းချိုင့်ဖွင့်ပြီး ဟိုဘက်က ဘွားဘွားကို ထည့်ပေးလို့။ ဖြစ်နိုင်ရင် ကျွန်မကို နည်းနည်းကျွေးစမ်းပါရှင် ဆိုပြီး တစ်လုတ်တစ်ဆုပ် နှိုက်စားလိုက်ချင်ရဲ့။ သြော် … မဖြစ်သေးပါဘူးလေ။ စိတ်ကို ထိန်းမှ၊ တဏှာကို ဖြတ်နိုင်မှ။ ဒါပေမဲ့ရှင် ကျွန်မနဲ့ ရွယ်တူတွေ ဆင်းဆင်းရဲရဲ အလှူခံ စားနေကြရှာတယ် ဆိုပေမယ့် အုံနဲ့ကျင်းနဲ့၊ အုပ်စုနဲ့ ပျော်စရာကောင်းလိုက်တာ။ ကျွန်မလို အိမ်ကြီးတစ်လုံးထဲမှာ ပျင်းရိငြီးငွှေ့စွာ အထီးကျန်နေရတာ မဟုတ်ဘူးနော်။ ရှင်တိုိ့ ကုသိုလ်ကံကောင်းလိုက်ကြတာ။

သြော် … ဒီဘက်အဆုံးက ဘွားဘွားက ကျွန်မကို ငေးနေလိုက်တာ။ ကျွန်မ မျက်စိမွဲပေမယ့် ဒီလောက်နီးနေတော့ ရှင့်မျက်လုံးထဲက အားကျရိပ်တွေကို ကျွန်မ သိပါ မြင်ပါတယ်ရှင်။ ရှင်တို့မြင်ရတဲ့ စိန်နားကပ်တို့၊ အ၀တ်အစားတို့က အခွံတွေပါ။ ဒီအခွံတွေကို ဖယ်လိုက်ရင် ဟက်တက်ကွဲနေတဲ့ အသည်းနှလုံးကို ရှင်တို့မြင်မှာပါ။ ကျွန်မ ဖွင့်ပြလို့လည်း မရပါဘူးလေ။ ကျွန်မသမီးက ဂုဏ်သရေရှိ ဆရာ၀န်မကြီးလေ။ သူ့အမေ ကျွန်မက ဒီလို ခံစားနေရပါတယ်ဆိုရင် သူ ဂုဏ်ပျက်မှာ၊ မျက်နှာငယ်မှာပေါ့။ မျိုသိပ်ထား၊ မသေမချင်း မျိုသိပ်ထား။

အားလုံးအမြင်မှာ သမီးက ဖူးဖူးမှုတ် ဂရုစိုက်လွန်းလို့၊ မိဘကျေးဇူး အထူးသိလွန်းလို့၊ စည်းစိမ်အပြည့်နဲ့ ပျော်နေတဲ့ သူဌေးကတော်ကြီး ပုံစံအပြည့် ဖြစ်နေစေရမယ်။ စိတ်ချမ်းချမ်းသာသာနဲ့ လောကစည်းစိမ် ခံစားနေရတာပဲ လူသိစေရမယ်။ ကဲ … နေညိုပြီ။ ကိုကျော်လေးလည်း ပြန်လာတော့မယ်။ အချိန်တန်ရင် အိမ်ပြန်ကြရမှာပေါ့နော်။ ဘွားဘွားတို့ရယ်၊ ရှင်တို့ကတော့ အိပ်တန်းပြန်ငှက်တွေလို ကိုယ့်အသိုက်အမြုံဆီ ပြန်ကြမှာပေါ့။ ဆူဆူညံညံ ကြိုကြ၊ ထမင်းပွဲမှာ လုယက်စားကြ၊ ဘယ်လောက် ပျော်စရာ ကောင်းမလဲ။

ကျွန်မကတော့ အတောင်ဖြတ်ခံထားရတဲ့ ငှက်အိုမကြီးပါ။ ကျွန်မရဲ့ အပြန်လမ်းမှာတော့ အေးစက်နေတဲ့ ထမင်းဝိုင်းရယ် ၊ စကားပြောဖော် မရှိ၊ ပျင်းရိငြီးငွေ့ဖို့ကောင်းတဲ့ ကြီးကျယ်ခမ်းနားမှုတွေနဲ့ ပြည့်စုံနေတယ်ဆိုတဲ့ ရွှေလှောင်ချိုင့်တစ်ခုဆီကို ….။

ယဉ်ယဉ်နု(မန္တလေး)
ရွှေအမြုတေမဂ္ဂဇင်း
၁၉၉၉ ခုနစ်၊ နို၀င်ဘာလ။

Post a Comment

0 Comments