သတင်းစာ မှန်မှန်မရောက်က တိုင်ကြားပါ - မြသန်းတင့် (ဝတ္ထုတို)

 ဝတ္ထုတို အမည် - သတင်းစာ မှန်မှန်မရောက်က တိုင်ကြားပါ

စာရေးသူ - မြသန်းတင့်

Short Story


-------------------------------------------------

“ သတင်းစာ မှန်မှန်မရောက်က တိုင်ကြားပါ ”


#မြသန်းတင့်


သူသည် နွေဆိုလျင် တရုတ်ဖြစ် တီရှပ်အင်္ကျီကလေးနှင့် ကျောင်းစိမ်းလုံချည်လေးကို ၀တ်ထားပြီး၊ ခေါင်းပေါ်တွင် ဟွန်ဒါ၊ ယာမဟာ၊လပ်ကီးစထရိုက် သို့မဟုတ် နိုင်ငံခြား ကုမ္ပဏီ တစ်ခုခု၏ ကြော်ငြာကို ရေးထားသည့် ကြက်လျှာစွန်း ဦးထုပ်လေး တစ်လုံးကို ဆောင်းထား တတ်သည်။ မိုးတွင်းဆို လျှင်လည်း ထိုအတိုင်းပင်။

ထီးတို့၊မိုးကာတို့ မပါဘဲ မိုးရေထဲတွင် ဘိုင်စကယ်လေး တစ်စင်းဖြင့် ရောက်လာတတ်သည်။


ဆောင်းတွင်း ဆိုလျှင်တော့ အလွန် ဟောင်းနွမ်းနေပြီဖြစ်သည့် မြန်မာချုပ် ဂျင်းဂျက်ကက်ကလေး တစ်ထည် ထပ်၀တ်လာတတ်သည်။ကျောင်းစိမ်းလုံချည်ကလေးကမူ ခါးပေါ်တွင် အမြဲတွေ့ ရတတ်သည်။

သူ့ဘိုင်စကယ်နောက်က ကယ်ရီယာပေါ်တွင်မူ သတင်းစာ တစ်ထပ်ကြီး တင်လာသည်။ အင်္ဂလိပ် သတင်းစာနှင့် မြန်မာ သတင်းစာများဖြစ်သည်။

အများအားဖြင့်တော့ မြန်မာ သတင်းစာတွေသာ ဖြစ်သည်။သူ့ သတင်းစာ ပို့လမ်းကြောင်းတွင် အင်္ဂလိပ်စာ ဖတ်သူ ဆို၍ သိပ်မရှိ။ လေးငါး ဆယ်အိမ်လောက်သာရှိသည်။


အင်္ဂလိပ် သတင်းစာ ဖတ်သူများမှာ အများအားဖြင့် အရာရှိအရာခံများနှင့် ကျောင်းဆရာများ သာဖြစ်သည်။ ကျန်အိမ်များကမူ မြန်မာသတင်းစာကို အဖတ်များကြသည်။ အင်္ဂလိပ် သတင်းစာက အရွက်ရေများသည်။

အရွက်ကြီးသည် ဆိုပြီး ယူကြသည့် အိမ်များလည်း ရှိသည်။ အများအားဖြင့်မူ မြန်မာ သတင်းစာကိုသာ အဖတ်များကြသည်။


တစ်နေ့တွင် ကျွန်တော်ဆီသို့ သတင်းစာဖိုး လာကောက်ရင်း သူနှင့်ကျွန်တော် စကား လက်ဆုံကျသည်။ အစတုန်းကတော့ သူက သိပ်စကားမပြောချင်။ သတင်းစာဖိုး တွေကို အချိန်မီလိုက်ကောက်ဖို့ စိတ်စောနေသည်။ ခဏကြာတော့ သူသည် အရှိန်ရလာကာ သူ့အကြောင်း

များကို ကျွန်တော့်အား ပြောပြနေသည်။


“ကျွန်တော့် နာမည်က မောင်သန်းဇော်လို့ ခေါ်ပါတယ်။ အသက် ၁၈ နှစ် ရှိပါပြီ ကျွန်တော် ဆယ်တန်း ဖြေထားပါတယ် မအောင်ရင်တော့ ဘာလုပ်ရမယ် မသိသေးပါဘူး အောင်ရင်တော့ ဂျီတီအိုင်ကို တက်မယ်လို့ စိတ်ကူးထားပါတယ် တက်ခွင့်ရရင်ပေါ့လေ၊ တက္ကသိုလ်ကိုတော့

ဆက်နေနိုင်မယ်လို့ မထင်ပါဘူး အခြေအနေ ပေးရင်တော့ အဝေးသင်တက္ကသိုလ်ကို တက်မယ်လို့ စိတ်ကူး ထားပါသေးတယ် ကိုယ်ကအောင်မလား၊ မအောင်ဘူးလား ဂျီတီအိုင် ကို တက်ဖြစ်မလား၊ မတက်ဖြစ်ဘူးလား ဆိုတာ ဘာမှ မရေးရာသေးပါဘူး”


“ဟုတ်ကဲ့ ကျွန်တော်မှာ မိဘအစုံအလင် ရှိပါသေးတယ် အဖေကအရင်တုန်းကတော့ အစိုးဌာန တစ်ခုမှာ စာရေးကြီးပါ ဌာနခွဲ စာရေးကြီးပေါ့လေ ခုတော့ အဖေ ပင်စင်ယူပြီး အလုပ်တစ်ခု ၀င်လုပ်နေပါတယ် ခင်ဗျာ ကုမ္ပဏီအလုပ်တို့ ဘာတို့ မဟုတ်ပါဘူး ညစောင့်

အလုပ်ပါ အမျိုးတစ်ယောက်က သွင်းပေးလို့ ရုံးတစ်ရုံးမှာ ညစောင့်ရပါတယ် ပုတ်ပြတ်နဲ့ လုပ်ရတာပါ အဖေက သိပ်လက်ဖက်ရည် ကြိုက်တယ် ခင်ဗျ ပြီးတော့ ဆေးလိပ်လည်း ကြိုက်တယ် ဒီတော့ သူ့လက်ဖက်ရည်ဖိုးလေးနဲ့ ဆေးလိပ်ဖိုးလေး ရအောင် ဆိုပြီး ၀င်လုပ်တာပါ သားသမီးတွေက အဖေ့ လက်ဖက်ရည်ဖိုးနဲ့ ဆေးလိပ်ဖိုးကို ပေးပါ့မယ်လို့ ပြောပေမယ့် လက်မခံဘူး မင်းတို့မှာလည်း မင်းတို့စရိတ်နဲ့တောင်မင်းတို့ မလောက်ဘူးတဲ့ သူ့ကို မထောက်နဲ့တဲ့ ”


“ဟုတ်ကဲ့ ကျွန်တော်တို့မှာ မွေးချင်းငါးယောက် ရှိပါတယ် ကျွန်တော်က အငယ်ဆုံးပါ ကျွန်တော် အစ်ကို အကြီးဆုံးကတော့ မရှိတော့ပါဘူး ဆုံးသွားပါပြီ သူဆုံးသွားတာက ဆေးစွဲပြီး ဆုံးသွားတာပါ ဆေးစွဲပြီး ရဲဘက်စခန်းရောက်ပါတယ် နောက် ရဲဘက်စခန်းက ထွက်ပြေးလာပြီး အိမ်ကို လာအိပ်လိုက်၊တခြား သွားရှောင်နေလိုက်နဲ့ ဥပဒေကို ရှောင်တိမ်းနေပါတယ် အဖေကတရား ဥပဒေနဲ့ မလွတ်တဲ့ဟာမျိုးဆိုရင် သိပ်ကြောက်တယ် ဒီတော့အိမ်မှာလည်း လက်မခံရဲဘူး နောက်တော့ သူလည်း ဟိုနေဒီနေနဲ့ရှောင်တိမ်းသွားလာနေရင် ဆုံးသွားတာပါပဲ ဆုံးတော့လည်း တခြားအရပ်မှာ သွားဆုံးတာပါ”


“ဒုတိယက အစ်မပါ သူက ဆယ်တန်း မအောင်ဘူး အိမ်ထောင်ကျသွားပြီး အိုးခွဲစားပါတယ် နေတော့ ကျွန်တော်တို့ အိမ်မှာပဲပေါ့ တော်သေးတာပေါ့ အိမ်စျေး မြေစျေးတွေ မတက်ခင်တုန်းက တောမှာရှိတဲ့ အမေ

အမွေရတဲ့ မြေကွက်ကလေးကို ရောင်းပြီး၊ အဲဒီ အိမ်ကလေးကို ၀ယ်လိုက်လို့ သုံးပင်နှစ်ခန်း အိမ်ကလေးပါ အဲဒီတုန်းကတော့ အဖေကလည်း ပင်စင် မယူသေးဘူး အမေကလည်း တစ်ဘက်မှာ စက်ချုပ်တယ် ကျွန်တော်တို့တတွေ ကလည်း သိပ်မကြီးသေးတော့ စရိတ်သိပ်

မကုန်သေးဘူးလေ ဒီတော့ စုမိဆောင်းမိတာကလေးတွေ နည်းနည်းပါးပါး ရှိတယ် အမေ့ဦးလေး တစ်ယောက် ပန်းထိမ်လုပ်တော့ ရွှေကလေးဘာလေးတွေကိုလည်း

သူ့ဆီက လပေးနဲ့ ၀ယ်စုထားလို့ အဲဒီတုန်းက

ချောင်လည်ပါတယ် ဒါပေမယ့် အကိုက ဆေးစွဲ၊ ကျွန်တော်တို့ ကလည်းကျောင်းသားတွေ ဖြစ်လာတော့ ကျောင်းစရိတ်တို့ ဘာတို့ ကုန်လာပြီလေ”


“တတိယကလည်း မိန်းကလေးပါပဲ သူကတော့ ဘွဲ့ရသွားပါပြီ ဘီကွမ်းစီပီအေနဲ့ ဘွဲ့ရလို့ သူက စာရင်းရုံးမှာ လုပ်ပါတယ် ခု ကချင်ပြည်နယ်ကို သွားပြီး အမှုထမ်း ရပါတယ် သူတို့မြို့ကလေးမှာ ကုန်စရာရယ်လို့သိပ်မရှိဘူး မိန်းကလေးဆိုတော့ ချွေချွေတာတာ နေတတ်တယ် စာရင်းစစ်သွားလို့ ခရီးစရိတ်တို့၊ နေတွက်တို့ ရတဲ့အတွက် သူက စုမိပါတယ် တစ်နှစ်တစ်နှစ်ကို နှစ်ခါ

သုံးခါလောက်တော့ ငွေပို့တတ်ပါတယ် တစ်ခါ

ပို့ရင် နှစ်ထောင်၊ သုံးထောင် များတဲ့အခါ ဆိုရင်လည်း ငါးထောင်လောက်အထိ စုဆောင်းပြီး ပို့ပါတယ်

ပြီးတော့ လူကြုံကောင်းရင်၊ ဒါမှမဟုတ်သူပြန်လာရင် စားစရာ သောက်စရာတို့၊ ပဲတို့၊ ဆီတို့၊ ကြက်သွန်တို့၊

ငရုတ်တို့လည်း ပါလာတတ် ပါတယ်”


“စတုတ္ထကလည်း မိန်းကလေးပါပဲ သူကတော့ ဆယ်တန်း မအောင်ပါဘူး နှစ်ခါလောက်ကျတော့ ဆက်မဖြေတော့ပါဘူး စာမေးပွဲကိုလည်းမဖြေချင်တော့ဘူးတဲ့ ကျောင်းလည်း မနေချင်ဘူး၊ ပညာလည်း ဆက်မသင်ချင်ဘူးတဲ့ ပညာသင်ရမှာ ပျင်းတယ်တဲ့ စိတ်မပါဘူးတဲ့ သူ့ကိုကျောင်းဆက် ထားရင်လည်း သူအောင်မှာ မဟုတ်ဘူးတဲ့ သူက စာသင်ရတာကို ဝါသနာ မပါဘူးတဲ့ ရှင်းရှင်းပဲပြောတယ် ဒါနဲ့ အဖေက သူ့ကို ကျောင်းဆက် မထားတော့ပါဘူး”


“မင်းအဖေကကော သူပြောတာကို လက်ခံသလား ကျောင်းဆက်နေဖို့မတိုက်တွန်းဘူးလား”


“အဖေက ခပ်အေးအေးပဲ နေတတ်တယ်လေ

အေး … မနေချင်ဘူး ဆိုရင်လည်း မနေနဲ့ပေါ့တဲ့

ဒါပဲပြောတယ် အမေကတော့ အတင်းထားချင်ပါသေး

တယ် ဒါပေမယ့် အဖေက သူ စာသင်တာကို မပျော်ပိုက်ရင်ဘယ်နှယ့်လုပ်မလဲ ဆက်ထားရင်လည်း အချိန်ကုန်ရုံ၊ ငွေကုန်ရုံပဲ ရှိမှာပေါ့လို့ ပြောတယ် ကျွန်တော့်အစ်မ အငယ်ဆုံးက ပထမတော့ အမေစက်ချုပ်ရင်

ကူချုပ်ပေးတာတို့၊ ကြယ်သီးတပ်တာတို့ လုပ်ပေးပါတယ် နောက်တော့ ခုခေတ်က နိုင်ငံခြား အင်္ကျီတွေ ရောက်လာတော့ စက်ကသိပ်မချုပ်ရတော့ဘူးလေ အထက်ဆင် တပ်တာတို့၊ ယောက်ျား လုံချည်ချုပ်တာ

တို့ လောက်ပဲ ရှိတော့တယ် ဒါနဲ့ အမေက သူ့စက်

ကလေးကို ရောင်းပစ်လိုက်တယ် အကိုကြီးကို ဆေးကုရတာတွေလည်း ပါတာပေါ့လေ ဒါနဲ့ အစ်မအငယ်က လုပ်ငန်းရှင် တစ်ယောက်ဆီမှာ ဆီးထုပ် ထုပ်ပါတယ် လုပ်နိုင်ရင် လုပ်နိုင်သလောက် ရပါတယ်

ပျမ်းမျှ လေးငါးဆယ်တော့ ရပါတယ်”


“မင်း သတင်းစာပို့ လုပ်တာ ဘယ်လောက် ကြာပြီလဲ”


“သုံးနှစ်လောက် ရှိပါပြီ သူငယ်ချင်းတစ်ယောက်ရဲ့ အဖေက သတင်းစာ ကိုယ်စားလှယ် လုပ်ပါတယ်

သူ့ဆီမှာ လခနဲ့ လုပ်တာပါ ကျွန်တော့်အလုပ်က သတင်းစာတွေကို လိုက်ပို့ရတယ် သတင်းစာဖိုးတွေကို လိုက်ကောက် ရပါတယ် ကျွန်တော်တို့ ကိုယ်စားလှယ်ဆီမှာ သတင်းစာပို့တဲ့ ကောင်လေးတွေ လေးယောက်လောက် ရှိပါတယ် ကိုယ့်လမ်းကြောင်းနဲ့ကိုယ် ပို့ရပါတယ် ပိုက်ဆံတောင်းရင်လည်း ဒီအတိုင်းပါပဲ

ကျွန်တော်သတင်းစာပို့ လမ်းကြောင်းမှာ အိမ် ၆၀ကျော် ၇၀ နီးပါး ရှိပါတယ် အဲဒါတွေကို ကျောင်းမသွားခင် ရောက်အောင် ပို့ရပါတယ် ကျွန်တော်ကျောင်း

က နေ့လယ်ကျောင်း ဆိုတော့ အချိန်ရပါတယ် တစ်ခါတလေမှာ သတင်းစာ နောက်ကျတော့

ကျွန်တော်တို့ ၁၁ နာရီလောက်မှ ပို့လို့ ပြီးပါတယ်

တစ်ခါတလေ သိပ်နောက်ကျလွန်းရင်လည်း နောက်တစ်နေ့ကျမှ နှစ်ရက်စာပေါင်းပြီး ပို့ ရပါတယ် သတင်းစာ ဖတ်သူကိုတော့ တောင်းပန်းရတာပေါ့လေ”


“သူရိယ သတင်းစာဆိုတာ မင်းကြားဖူးလား”


မကြားဖူးဟု သူကဖြေသည်။


“မြန်မာ့အလင်း သတင်းစာတော့ ရှေးတုန်းက ရှိခဲ့တဲ့ သတင်းစာလို့ပြောသံ ကြားဖူးတယ်”


“အေး၊ ဟုတ်တယ် ရှေးတုန်းက၊ ရှေးတုန်းက ရှိခဲတဲ့ဆိုတာ စစ်မဖြစ်မီအင်္ဂလိပ်ခေတ်က နာမည်ကြီးတဲ့ သတင်းစာကြီး နှစ်စောင်ရှိတယ် တစ်ခုက မြန်မာ့အလင်း သတင်းစာ၊ နောက်တစ်ခုက သူရိယ ၊သူရိယသတင်းစာမှာ အယ်ဒီတာ တစ်ယောက် ရှိခဲ့ဖူးတယ် သူ့နာမည်က

ဦးအောင်ထူးတဲ့ နောက်တော့ အောင်ထူးဆိုတဲ့ကလောင်နာမည်နဲ့ စာအုပ်တွေ ဘာတွေလည်း ရေးခဲ့ဖူးတယ် အဲဒီ ဦးအောင်ထူး၊ သတင်းစာဆရာ ဦးအောင်

ထူးဟာ မင်းလိုပဲ သတင်းစာ ပို့တဲ့ သူငယ်ကလေးတဲ့ကွ သတင်းစာ ပို့ရင်း သတင်းစာ အလုပ်ကို စိတ်၀င်စားလာပြီး သတင်းဆရာ ဖြစ်သွားတာ မင်းကော သူ့လိုမဖြစ်ချင်ဘူးလား”


မောင်သန်းဇော်သည် ဘာမျှမပြောဘဲ ရယ်နေသည်။ ရှက်ကိုးရှက်ကန်းလည်း ဖြစ်နေသည်။


“သူ့လိုပဲ အမေရိကန်တို့ ဘယ်တို့မှာလည်း သတင်းစာပို့တဲ့ သူငယ်ကလေးကနေ သတင်းစာဆရာ ဖြစ်သွားတဲ့ နာမည်ကြီး ပုဂ္ဂိုလ်တွေအများကြီး ပဲကွ၊ သူတို့လို မဖြစ်ချင်ဘူးလား”


မောင်သန်းဇော်သည် အရယ်ရပ်သွားကာ သူ့မျက်နှာသည် လေးနက်သည့် အသွင်ကို ဆောင်သွားသည်။


“ကျွန်တော်တို့လိုဟာတွေ ဘယ်မှာ သတင်းစာဆရာကြီး ဖြစ်နိုင်ပါ့မလဲခင်ဗျာ” ဟု စိတ်ပျက်သည့် လေသံဖြင့် ဆိုသည်။


ကျွန်တော်က အညတရဘ၀မှ သတင်းစာဆရာကြီးတွေ ဖြစ်သွားသည့်ပုဂ္ဂိုလ်ကျော် တစ်ဒါဇင် နီးပါကို ရွတ်ပြသည်။ သို့ရာတွင် သူနားမ၀င်ပါ။


“ကျွန်တော့်ဘ၀က ဘာမှ ရေရာတာမဟုတ်ပါဘူး ဦးလေးရာ ဂျီတီအိုင်ကျောင်းသားပဲ ဖြစ်မလား သတင်းစာပို့ပဲ ပြန်ဖြစ်မလား၊ အဖေ့လို ညစောင့်ပဲ လုပ်ရမလား ဆိုတာ ဘာမှ ပြောလို့ မရသေးပါဘူး ဦးလေးပြောတဲ့သတင်းစာ ဆရာကြီး တစ်ယောက်ဖြစ်ဖို့ ဆိုတာကတော့ ကျွန်တော့် စိတ်ထဲမှာ တစ်ခါမှတောင် မစဉ်းစားဖူးပါဘူး”


“ခု သတင်းစာပို့တာ ဒီရပ်ကွက်မှာပဲ လုပ်နေတာလား”


“မဟုတ်ပါဘူးခင်ဗျ၊ ဟိုဘက်ရပ်ကွက်မှာလည်း ပို့ခဲ့ရဖူးသေးတယ်အဲဒီရပ်ကွက်ကို ဘယ်သူမှ သတင်းစာ မပို့ချင်ကြဘူး အဲဒီရပ်ကွက်က ခြံကြီးတွေ၊ ၀င်းကြီးတွေနဲ့

သူတို့ရပ်ကွက်ကို သတင်းစာပို့တာ သိပ်ပြဿနာ

ပေါ်တယ် ဦးလေး စဉ်းစားကြည့်လေ သူတို့က ခြံကြီးတွေနဲ့နေတာ သံ ၀င်းထရံတွေ၊ အုတ်တံတိုင်းတွေနဲ့ သံ၀င်းတံခါးကြီးတွေက ပိတ်ထားကြတာ ဒီတော့ ကျွန်တော်တို့က သတင်းစာပို့ရင် ခြံစည်းရိုးက ပုဏ္ဍရိပ်

ချုံတွေကို ကျော်ပြီး ခြံ၀င်းထဲ ရောက်အောင် ပစ်ရတယ် အစတုန်းကတော့သံတံခါးမှာ ညှပ်ပစ်ခဲ့တယ် သတင်းစာကို တခြားလူက ယူသွားတော့ သူတို့ သတင်းစာ မရဘူးပေါ့ ကျွန်တော့်ကို ကိုယ်စားလှယ်ဆီကို တိုင်တာပေါ့ ကျွန်တော်ကလည်း နေ့တိုင်း မှန်မှန်ပို့တဲ့အကြောင်း၊ သံ၀င်းတံခါးမှာလိပ်ပြီး ညှပ်ပစ်ခဲ့တဲ့ အကြောင်းပြောတယ် ဒီတော့ သူတို့က မရဘူးတဲ့ သူတို့မရတာ လေးငါးရက် ရှိပြီတဲ့ သတင်းစာဖိုးကို တစ်လစာအပြည့် မပေးနိုင်ဘူးတဲ့ နုတ်ပြီးပေးမယ်တဲ့ ဒီမှာတင် သတင်းစာ ကိုယ်

စားလှယ်နဲ့ စကားများတယ် နောက်ဆုံးတော့ ကိုယ်စား လှယ်က လျှော့ပေးလိုက်ပြီး ဖတ်သူလက်ကို ရောက်အောင် မပို့နိုင်ဘူးဆိုပြီး ကျွန်တော့်ကို လုပ်ခထဲက ဖြတ်တယ်”


“ဒါနဲ့ နောက်တော့ ကျွန်တော်က သတင်းစာကို ခြံစည်းရိုးကိုကျော်ပြီးအထဲရောက်အောင် ပစ်သွင်းတယ် အဲဒီလို ပစ်သွင်းတော့လည်း ပြဿနာ တစ်ခုပေါ်လာတယ် မိုးတွင်းဆိုရင် သတင်းစာတွေ ရေစိုကုန်တယ်

တဲ့ ကျွန်တော်တို့ သတင်းစာပိုတဲ့ ကောင်လေးတွေ မိုက်ရိုင်းတယ်တဲ့ တကယ်ဆိုရင် တံခါး၀မှာ လူခေါ်ခေါင်းလောင်း ရှိတယ်တဲ့ ဒီခေါင်းလောင်းကို ဆွဲလှုပ်ပြီး ခေါ်ပေးပါတဲ့ ဒါနဲ့ ကျွန်တော် တစ်ရက် နှစ်ရက်လောက်

ခေါင်းလောင်းတီးတယ် တော်တော်နဲ့ ထွက်မလာဘူး ထွက်လာတော့လည်း တချို့အိမ်က မျက်နှာထားကြီးနဲ့ တချို့အိမ်ကလည်း သူတို့ကိုဒီလိုခေါ်ပြီး သတင်းစာ ပေးတာ ရပါမို့လားဆိုပြီး ဟောက်တယ် တချို့ကျတော့လည်း အကြာကြီးနေမှ ထွက်လာတယ် ဦးလေးစဉ်းစားကြည့်လေ ကျွန်တော် တစ်မနက်ထဲကို အိမ်ပေါင်း ၇၀ လောက်ရောက်အောင်ဝေရမှာ တစ်အိမ် တစ်အိမ်ကို

သူတို့ထွက်လာတဲ့ အထိ စောင့်နေရင် ကျွန်တော့်အလုပ် ဘယ်မှာ ပြီးပါတော့မလဲ ဒီတွင် ကျွန်တော်က ၀င်း၀မှာ

စာထည့်တဲ့ သေတ္တာကလေး တစ်လုံးချိတ်ဖို့ ပြောတယ်။ ဒီတော့ တချို့အိမ်က ဒါမင်းအလုပ် မဟုတ်ဘူးတဲ့ ငါချိတ်ချင် ချိတ်မှာပေါ့တဲ့ မင်းအလုပ်က သတင်းစာပို့ရုံပဲတဲ့ ဘာလုပ်ရမယ်ဆိုတာ၊ညာလုပ်ရမယ်ဆိုတာမင်းပြောဖို့ မလိုဘူးတဲ့ ဘယ်လောက်ခက်သလဲ ဦးလေး”


ကျွန်တော်သည် သူ့စကားကို နားထောင်ရင်း ရယ်ရသေးသည်။


“တချို့ကျတော့လည်း လကုန်လို့ သတင်းစာဖိုးသွားကောက်ရင် မရှိဘူး နောက်မှလာခဲ့လို့ ပြောလိုက်တာမျိုးတွေရှိတယ် မိန်းမကြီး တစ်ယောက်ဆိုရင် ပေါ်တင်ကြီးကိုလုပ်တာ ကျွန်တော်က သတင်းစာဖိုးသွားကောက်

တော့ သူ့သားလေးက မေမေရေ၊ သတင်းစာဖိုးလာတယ် ပြောတယ် ဒီတော့ အဘွားကြီးက တိုးတိုးနဲ့ လူကြီးတွေမရှိဘူးလို့ပြောလိုက်လို့ ပြောသံကို ကျွန်တော်ကိုယ်တိုင် နားနဲဆတ်ဆတ် ကြားလိုက်ရတယ် တချို့လည်း အိမ်မှာမရှိဘူး အဲဒီလိုအခါမျိုးဆိုရင် ကျွန်တော်တို့မောရောပဲ

နောက်တစ်ခါအလုပ်ပျက်ခံပြီး လာရတယ် တစ်အိမ်လုံး မနက်သွားလည်းမရှိ ညနေသွားလည်း မရှိလို့ ကျွန်တော် ည ၇ နာရီ ၈ နာရီလောက်ကျမှသွားပြီးတောင်းရတယ်

ဒီတော့ ဒီအချိန်မှာ လာရပါမို့လားဆိုပြီး စိတ်ဆိုးသေးတယ် ပိုက်ဆံပေးတော့လည်း ဆောင့်ကြီးအောင့်ကြီးနဲ့ သူ့ပိုက်ဆံကို အလကားလာတောင်းတဲ့ အတိုင်းပဲ

ဘာပဲဖြစ်ဖြစ်လေ ကျွန်တော်တို့အဖို့တော့ ယူရတာပေါ့။ သူဖာသာသူ ဘယ်လောက်စိတ်ဆိုးဆိုး ကိုယ့်ပိုက်ဆံရအောင်တော့ ယူရတာပေါ့ တစ်ခါတော့ သတင်းစာဖိုး

သွားတောင်းတာ ခွေးနဲ့ရှူးတိုက်လွှတ်တယ် ကျွန်တော့်မှာ ခွေးကိုက်ခံရတယ် ဦးလေး ခွေးကိုက်တော့မှ သူတို့က စောစောတုန်းက မသိဘဲခုမှသိတဲ့ ပုံမျိုးလုပ်သေးတယ် ကိုယ်စားလှယ်ကို ခွေးကိုက်ခံရတဲ့ အကြောင်းပြောတော့ ကိုယ်စားလှယ်ကလည်း နောက်ကြည့်သွားပေါ့တဲ့ ဒါပဲပြောတယ် ကျွန်တော့်မှာတော့ ဆေးရုံးကိုသွားပြီး ဗိုက်ကို ဆေးထိုးရသေးတယ် ကိုယ့်ပိုက်ဆံနဲ့ကိုယ် အကုန်အကျခံပြီး ထိုးရတာ ဘယ်သူကမှစိုက်ပေးတာ မဟုတ်ဘူး

တိုက်ကတော့ ဘယ်ပေးမလဲ သူတို့ခန့်ထား

တာမှ မဟုတ်ဘဲနဲ့ကို သူတို့နဲ့ ဆိုင်မှမဆိုင်ဘဲကို”


“ကျွန်တော်တော့ မရှိလို့သာ လုပ်နေရတယ်၊ သတင်းစာပို့တဲ့ အလုပ်ကိုသိပ်မလုပ်ချင်ဘူးခင်ဗျ ပြီးတော့ ဒီရပ် ကွက်က သတင်းစာသွားပို့ရတဲ့ အိမ်တွေကိုလည်း ကျွန်တော်မကြိုက်ဘူး သတင်းစာမှန်မှန်မရောက်ရင်း သတင်းစာ နောက်ကျရင် ကျွန်တော့်ကိုဆူတယ် ကြိမ်းလားမောင်းလားလုပ်တယ်”


“ဒါပေမယ့် ကောင်းတဲ့ သတင်းစာဖတ် ပရိတ်သတ်လည်း အများကြီးရှိပါတယ် သူတို့က စာနာကြတယ် ကြင်နာတယ် သတင်းစာပို့တဲ့ ကောင်လေးတွေထဲမှာ ကျွန်တော်ထက်ငယ်တဲ့ ကောင်လေးတွေလည်းရှိတယ်

ခင်ဗျ တချို့ဆိုရင် ဆယ့်သုံးနှစ်၊ ဆယ့်လေးနှစ်လောက်ပဲ ရှိသေးတယ် ကျွန်တော်ကလည်း ဆယ့်ငါးနှစ်သားက လုပ်လာတာပဲလေ ခုဆိုရင် သုံးနှစ်ရှိပြီ သုံးနှစ်အတွင်း ဘာမှ မစုဖြစ်သေးဘူးခင်ဗျာ ဘတ်ကြိုးကလေး

တစ်ကုံး ၀ယ်မယ်လို့ ပိုက်ဆံစုထားတယ် စုရင်းစုရင်း

ရွှေစျေးက တက်သွားတော့ ကျွန်တော် ဘယ်မှာ၀ယ်နိုင်တော့လို့လဲ ခုတော့ ဘတ်ကြိုးကိုစိတ်မကူးတော့ပါဘူး ထမင်းနှပ်မှန်အောင် စားရရင် တော်ပါပြီ”


“ခုဆို ကျွန်တော်တို့အိမ်မှာ လူငါးယောက်ရှိတယ်

အဖေနဲ့အမေရယ်၊ ကျွန်တော့်အစ်မ နှစ်ယောက်ရယ်၊ ကျွန်တော်ရယ် ပေါင်းငါးယောက်ပေါ့၊ ငါးယောက်

မှာ အဖေက ပင်စင် လစာလေးရယ်၊ ညစောင့် လခကလေးရယ် ရတယ် ရုံးမှာလုပ်တဲ့ အမက တစ်ထောင်ကျော်လောက်ရတယ် ဆီးထုပ် ထုပ်တဲ့ အမကလည်း တစ်ထောင်ကျော်လောက် ရတယ် ကျွန်တော်က ခြောက်ရာ ရတယ် သုံးထောင်တော့ ၀င်ပါတယ် ရရစားစားပါပဲ ဦးလေးရယ် ဒီကုန်စျေးနှုန်းနဲ့ဆိုရင် လကုန်အောင် မသုံးရပါဘူး ကျွန်တော် အလုပ်လုပ်လို့ အဖတ်တင်တာကတော့ ဒီဘိုင်းစကယ်လေး တစ်စီးပဲ အဖတ်တင်ပါတယ် သတင်းစာပို့ရတာဆိုတော့ အချိန်ကုန်သက်သာအောင်၊ မြန်အောင်ဆိုပြီး ဘိုင်စကယ်အဟောင်းကလေး တစ်စီးကို သူငယ်ချင်းတစ်ယောက်ဆီက အရစ်ကျနဲ့

၀ယ်ထားတာပါ ကျေးဇူးပါပဲ ဦးလေး သတင်းစာ မှန်မှန် မရောက်ရင် ပြောပါနော်”


(ခေတ်ပြိုင်ရုပ်ပုံလွှာများ စာအုပ်မှ ကောက်နှုတ်တင်ပြ

ပါသည်။ )

Post a Comment

0 Comments