ရင်မှာပိုက်ပါလို့ - ခင်ခင်ထူး (ဝတ္ထုတို)

 ဝတ္ထုတို အမည် - ရင်မှာပိုက်ပါလို့

စာရေးသူ - ခင်ခင်ထူး

Short Story


-------------------------------------------------

ရင်မှာပိုက်ပါလို့


#ခင်ခင်ထူး


မိဆောင်းက တောသူဆိုပေမယ့် လည်ပါတယ်တော့။ လည်မှာပေါ့။ မိဆောင်းတို့ ရွာက မန္တလေး-မတ္တရာရထားလမ်းဘေးမှာ ရှိတယ်။ တစ်နေ့ သုံးခေါက်နှုန်း ပြေးဆွဲနေတဲ့ ရထားကြီးပေါ်မှာ နေ့တိုင်း မိဆောင်း

ဈေးလိုက်ဝယ်နေကျကိုး။ မနက်ရထားနဲ့ မန္တလေးကို ဈေးလိုက်ဝယ်၊ နေ့ လယ်ရထားနဲ့ ပြန်လာ။ ညနေ ရွာထဲ ဈေးလည်ရောင်းနဲ့၊ အမေနဲ့ မောင်လေးကို မိဆောင်း လုပ်ကျွေးနေတာ။မိဆောင်း လေးတန်းအောင်တော့ အဖေဆုံးသွားလို့ ကျောင်းဆက် မတက်ရတာ။

မိဆောင်းက စာတော်တယ်တော့။ အတွက်အချက်

လည်း သွက်တယ်။ကြည့်လေ။မန္တလေးက ဝယ်လာတဲ့ ကုန်စိမ်းကုန်ခြောက်တွေကို ရထားကြီးပေါ် မှာ

တင်ရောင်းလိုက်သေးတယ်။ လိုချင်သလောက်သာ ဝယ်။ မိဆောင်းက ဖျတ်ခနဲ ဖျတ်ခနဲ ချိန်ပေးလိုက်၊ ထုပ်ပိုးပေးလိုက် အမြတ်တွက်ကြည့် လိုက်နဲ့ အလုပ်ကိုဖြစ်လို့။မိဆောင်းတို့ ရွာက လယ်စိုက်ကြတော့ ရွယ်တူမိန်းကလေးတွေဆို ရင် ကောက်စိုက်၊ အမှိုက်ကောက် လိုက်ကြပေမယ့် မိဆောင်းကတော့ဈေးပဲရောင်းတယ်။ မိဆောင်းတို့ မှာ တစ်ဧက မရှိတရှိ လယ်ကွက်လေး

တစ်ကွက်တော့ရှိပါရဲ့။ အဲသည်လယ်ကွက်လောက်တော့ အမေနဲ့မိဆောင်း လုပ်နိုင်ပါတယ်။ အမေ့ရဲ့မောင်ကလည်း နည်းနည်းပါးပါးတော့ ဝိုင်းလုပ်ပေးပါ တယ်။

ဘာပဲဖြစ်ဖြစ် မိဆောင်းတို့ သားအမိသုံးယောက်တော့ ချောင် ချောင် လည်လည်ရှိတာအမှန်ပဲ။ ။

ရွာကျောင်းမှာတက်နေတဲ့ မိဆောင်းရဲ့မောင်လေး

ညိုကြီးအတွက် လိုအပ်သမျှ စာအုပ်၊ ခဲတံ အားလုံး

မိဆောင်းဝယ်ပေးနိုင်တယ်။ မိဆောင်း ကိုယ်တိုင် စာတတ်ပေတတ်ကြီး မဖြစ်ပေမယ့် မောင်လေးကိုတော့ ဘွဲ့ရတဲ့ အထိကျောင်းထားပေးဖို့ ရည်ရွယ်ထားတယ်။

မိဆောင်းတို့ ရွာကို စာလာ သင်ပေးတဲ့ မန္တလေးက ဆရာမလေးကို မိဆောင်း သိပ်ချစ်တာ။ ဆရာမ လေးက ရုပ်ချော သဘောကောင်းရုံတင်မကဘူး။ တစ်ရွာလုံးနဲ့လည်း ခင်ခင်မင်မင်ရှိတယ်။ ဆရာမလေး ကျောင်းလာတဲ့အချိန်နဲ့မိဆောင်း ဈေးသွားတဲ့အချိန် နေ့ တိုင်း လမ်းမှာ ဆုံတွေ့နေကျပါ။


“မဆောင်း၊ ညိုကြီး ညည စာကျက်ရဲ့လား”


“ဟုတ်ကဲ့၊ ကျက်ပါတယ်ဆရာမ၊ ကျွန်မက အလီ‌တွေ

သင်ပေးတာ”


“ဟုတ်လား၊ မဆောင်းက သိပ်တော်တာပဲ

ကျောင်းမှာ လာလုပ်အား ပေးပါဦး”


အဲသလို ဆရာမလေးက ပြောလိုက်ရင် မိဆောင်း သိပ်သဘောကျ တာ။ တစ်ခါတလေ မောင်လေးကို စာချပေးရင်း ကိုယ့်ကိုယ်ကိုယ် ဆရာမတစ်ယောက်လို စိတ်ကူးယဉ်ကြည့်ရတာလည်း အမောသား။ညိုကြီးကိုတင်မကပါဘူး။ ရွာထဲက ကလေးတွေကို ညတိုင်း စာချ ပေးတာ။ ညတိုင်းဆိုပေမယ့်လည်း မိဆောင်းမှာ ဖယောင်းတိုင်ဖိုး မရှိရင်တော့ မိဆောင်းရဲ့ ညကျောင်းလေး ပိတ်ထားရတာပေါ့။ မိဆောင်းတို့ ရွာ မှာသာ မြို့ကြီးတွေလိုလျှပ်စစ်မီးတွေရှိရင်ကောင်းမှာပဲလို့ တွေးမိပေမယ့် မိဆောင်း ဈေးဝယ်သွားတိုင်း မီးမလာလို့ ညည်းညူတတ်တဲ့ မန္တလေးက လူတွေရဲ့အသံကို ကြားကြားနေရတော့။


“အင်း- မရှိတော့ မညည်းရတော့ဘူး”


လို့ ထင်မိပြန်ရော။ ဘာပဲဖြစ်ဖြစ် မိဆောင်းဘဝလေးကို မိဆောင်း ပျော်ရွှင်မိပါတယ်။


“အမေ ဘာဖြစ်လို့လဲ၊ နေမကောင်းဘူးလား”


သည်နေ့ မိဆောင်း မန္တလေးက ပြန်လာတော့ ခါတိုင်းလိုမဟုတ်ဘဲ အိပ်ရာထဲ ခွေနေတဲ့ အမေ့ကို တွေ့ရတယ်။


“အေး မိဆောင်း ဒီမှာကြည့်စမ်း၊ ငါ့ရင်ဘတ်တွေ

နာနေလို့”


အမေက သူ့ချွေးခံအင်္ကျီလေးကို လှန်ပြီး မိဆောင်းကို

ပြတယ်။ မိဆောင်း စမ်းကြည့်လိုက်တော့ အမေ့ရဲ့ ညာဘက်ရင်မှာ အကျိတ်ကြီးကိုတွေ့ရတယ်။ အကျိတ်ဘေးက အရေပြားလေးတွေလည်း ခပ်ရွံ့ရွံ့ဖြစ်နေ တယ်။


“ဟင် အမေ အကျိတ်ကြီးပါလားတော့”


“အေး ဟုတ်တယ်၊ အဲဒီအကျိတ်က နာနေလို့”


“အမေ ညကျရင် ဆရာလေးကို သွားပြကြည့်ရ

အောင်လေ”


မိဆောင်းတို့ ရွာမှာ တိရစ္ဆာန်ဆေးကုနေတဲ့ ဆရာလေးရှိတယ်။ မိဆောင်းတို့ မှာ လူကုတဲ့ဆရာဝန်မရှိတော့ ရွာကလူတွေ ဘာပဲဖြစ်ဖြစ် အဲဒီဆရာလေးကိုပဲ ပြကြည့်ရတယ်။


“အို နေပါစေအေ၊ ဒီလိုပါပဲ၊ တစ်ခါတစ်ရံမှပါ၊

ပြီးတော့ ပျောက် သွားတာပါပဲ”


အမေက သည်လိုပြောတော့ မိဆောင်းလည်း ခပ်ပေါ့ပေါ့နေလိုက် မိတယ်။ ရက်တစ်ပတ်လောက်ကြာတော့ အမေ့ရင်ဘတ်က အနာကြီးလို ကွဲအက်လာတယ်။ အမေလည်း အော်နေရတယ်။ မိဆောင်းလည်း ဈေး မသွားနိုင်တော့ဘူး၊ အမေ့ရင်ဘတ်ကို မန်းဆေးကြိတ် လိမ်းပေးလိုက်၊ ထမင်းချက်လိုက်နဲ့ အလုပ်များနေတော့တာပေါ့။


*********************


“မဆောင်း၊ ဒေါ်ဒေါ်နေမကောင်းလို့ ဆို”


“ဪ ဆရာမလေးပါလား၊ လာပါရှင့်”


ဆရာမလေးထိုင်ဖို့ သင်ဖြူးဖျာကို ကတိုက်ကရိုက်

ခင်းပေးလိုက် တယ်။ အမေက အိပ်ရာထဲ လှဲနေရာက ဆရာမလေးရဲ့အသံကြားလို့ ထ,လာတယ်။


“ဘာဖြစ်တာလဲ ဒေါ်ဒေါ်၊ မဆောင်း ဈေးလာတာမတွေ့လို့ ညိုကြီး ကို မေးကြည့်တော့မှ ဒေါ်ဒေါ်နေမကောင်းမှန်း သိတာ”


အမေက ပါးစပ်ကမပြောဘဲ အင်္ကျီကို လှန်ပြလိုက်တယ်။


“အို အနာကြီးဖြစ်နေတာပါလား ဘာတွေလိမ်းထားတာ

လဲ ကျွန်မ ကိုင်ကြည့်မယ်နော်”


ဆရာမလေးက အမေ့ရင်ဘတ်ကို နှိပ်ကြည့်ရင်း မျက်နှာပျက် သွားတယ်။


“ဒီလိုပေါ့ပေါ့နေလို့ မဖြစ်ဘူး ဒေါ်ဒေါ်

ဆေးရုံကို သွားပြပါ”


“အို ကျွန်မက ဒီမန်းဆေးနဲ့တည့်ပါတယ် ဆရာမရယ် ဆေးရုံကို သွားမပြချင်ပါဘူး”


“မကြောက်ပါနဲ့ ဒေါ်ဒေါ်ရယ်၊ ဆေးရုံမပြရင် အမြစ်တွယ်ပြီး ဒုက္ခ ရောက်သွားနိုင်တယ် ခုတောင် ခွဲထုတ်ရမယ်ထင်တယ်”


ဆရာမလေးက ခွဲထုတ်ရမယ်လို့ ပြောတော့ အမေမျက်လုံးပြူးသွား တယ်။ မိဆောင်းတို့ ရွာက လူတွေဟာ ဆေးရုံသိပ်ကြောက်ကြတာ။ ခွဲစိတ်ခံဖို့ ဆိုတာ ဝေလာဝေးရော။မိဆောင်းဆို ဟိုတစ်နေ့ က အနောက်ရွာကို ဈေးသွားရောင်းရင်း လယ်ထဲမှာ ငုတ်ထိုးမိတာ ဆေးထိုးရမှာ ကြောက်လို့ ကိုယ့်ဘာသာ သွေးဆေးတွေသိပ်လိုက်တာ ပျောက်ရောပဲ။ဆရာမလေးက ပြန်သွားတဲ့အထိ ဆေးရုံကို သွားပြဖို့ တတွတ်တွတ် မှာသွားတယ်။



*************************


ဆရာမလေးရဲ့ တိုက်တွန်းချက်နဲ့ဘဒွေးက ဦးဆောင်ပြီး မိဆောင်းတို့ မန္တလေးဆေးရုံကြီးကို လာခဲ့ကြတယ်။

အမေ့ကို ဆေးရုံတင်ရမယ်ဆိုလို့ ဆေးရုံတင်လိုက်ကြတယ်။ မိဆောင်းပဲ ပင်ပန်းတာပါပဲ။ နေ့ရော ညရော ဆေးရုံမှာပဲနေရတယ်။အမေ့ရောဂါက ရင်သားကင်ဆာတဲ့။ဆရာဝန်ကြီးက စမ်းသပ်ပြီးတော့ အမေ့ကို ခွဲရမယ်တဲ့။ အမေ ငိုလိုက်ပုံများ ပြောမပြောချင်တော့ဘူး။ ဆေးရုံက ဆရာမ အနီလေးတွေ ငေါက်လိုက်မှပဲ တိတ်သွားတော့တယ်။ ဒါတောင် ကြောက်ကြောက်နဲ့ ကျိတ်ရှိုက်နေသေးတာ။အမေကျိတ်ရှိုက်နေသလို မိဆောင်းလည်း ကျိတ်မောနေရတယ်။ အမေ့ကို ခွဲစိတ်မယ်ဆိုရင် ငွေလိုမယ်လေ။ အဲသည်ငွေကို မိဆောင်း ဘယ်မှာရှာရပါ့မလဲ။ တစ်ကွက်တည်းသော လယ်ကို ပေါင်လိုက်ဖို့ ပဲရှိ တယ်လေ။လူမသေ ငွေမရှားတဲ့။ အမေနေကောင်းလို့ရှိရင် သည်လယ်ကွက် ရွေးနိုင်ဖို့ မိဆောင်းရှာရတော့မှာပေါ့။ ရွာကိုပြန်ပြီး မိဆောင်းတို့ လယ်ကို ပေါင်လိုက်တယ်။ဆေးရုံပေါ်မှာအမေ့လို ခွဲစိတ်ရမယ့်ရောဂါသည်တွေအများကြီးပါ။ ကြောက်ရွံ့ထိတ်လန့်နေတဲ့ အမေ့ကို အားပေးရင်း မိဆောင်း အားငယ် လိုက်တာ။

အမေ့ကို ခွဲစိတ်တဲ့နေ့ က ဆရာမလေး ရောက်လာလို့

မိဆောင်း ဝမ်းသာမိတယ်။ ဆရာမလေးက မိဆောင်း

ကို အားပေးရင်း အမေ ခွဲစိတ်ခန်းကထွက်လာတဲ့အထိ စောင့်ပေး ကူညီတယ်။ ခွဲစိတ်တယ်လို့ သာ ဆိုတာပါ။ တကယ်တမ်းကျတော့ အမေ့ရဲ့ ညာဘက်ရင်သားတစ်ခုလုံး ဖြုတ်ထုတ်ပစ်လိုက်တာပါပဲ။အမေ့ကို ခွဲစိတ်ပြီး ဓာတ်ရောင်ခြည် ကင်ရဦးမှာတဲ့။ မိဆောင်းတော့ ဘာမှ နားမလည်ပါဘူး။ မိဆောင်း နားလည်တာက မိဆောင်းတို့ မောင်နှမ စို့ ခဲ့ကြတဲ့အမေ့ရဲ့နို့ တစ်ဘက် မရှိတော့ဘူးဆိုတာပါပဲ။


အမေ့အတွက် မိဆောင်း ငွေထပ်ရှာရဦးမယ်လေ။

ဓာတ်ရောင်ခြည် ကင်တာ ဘယ်လောက်ကုန်ကျမယ်

မိဆောင်းမသိပါဘူး။ သည်တော့ ရွာကို မိဆောင်း ခဏပြန်ခဲ့တယ်။ လယ်ကလေး ပေါင်နှံကြေးထပ်တောင်း ဖို့ ပေါ့။


“ညည်းတို့ လယ်က အပြတ်ရောင်းတောင် ဒီလောက်မပေးနိုင်ဘူး ဒါပေမဲ့ တစ်ရွာတည်းသားချင်း ကူညီတဲ့အနေနဲ့ ညည်းတောင်းတဲ့ငွေနဲ့ ငါ့ကို အပြတ်သာရောင်းလိုက်တော့”


ဒေါ်သိန်းခင်ရဲ့စကားက မိဆောင်းရင်ဝကို ဆီးတွန်းလိုက်သလိုပါပဲ။ မိဆောင်းတို့ လယ်က တစ်နှစ်ကို နှစ်သီးစားလယ်ပါတော့။ အဲသလောက် ထက်မကတဲ့ ဈေးတောင် မိဆောင်းမရောင်းပေါင်။ သည်လယ်ကလေးက အဖေ့ရဲ့အမွေ။ အမေသိရင် မိဆောင်း သေအောင်အရိုက်ခံရမှာ။ အမေကမောင်လေးအရွယ်ရောက်တဲ့အထိ မလှူနိုင်ခဲ့ရင် သည်လယ်ကို ရောင်းပြီး လှူဖြစ်အောင်ကို လှူမယ်လို့ ပြောထားတာ။မိဆောင်း ဘဒွေးနဲ့တိုင်ပင်ရတယ်။

ဘဒွေးတို့ ကလည်း ချောင်လည် ရှာတာမဟုတ်ဘူး။ မိသားစုများရတဲ့အထဲ ကိုယ်ပိုင်လယ်မရှိတော့ ဘဒွေး ကိုယ်တိုင်က သူများအိမ်မှာ လူငှားနေရတာ။


“ဒီလိုလုပ်ဟာ မိဆောင်း တို့လယ်ရှင် ကိုထွန်းမောင်ကို ပြောင်းပြီး ပေါင်ရအောင်လား ဒီမိန်းမကြီးက သိပ်စီးတာဟ၊ ကိုထွန်းမောင်ကတော့ သဘောကောင်းပါတယ်”


တော်သေးတယ်၊ ဘကြီးထွန်းမောင်က ပြောင်းပြီး အပေါင်ခံလို့ ။ နောက်ထပ်ငွေကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး အမေ့ဆီကို မိဆောင်း ပြန်ခဲ့တယ်။


**************************


အမေက မိဆောင်းကို စိတ်ဆိုးနေတာ။ သူ့ကိုပစ်ပြီး ရွာပြန်လို့ ပေါ့ လေ။ မိဆောင်း ဘာတွေလုပ်နေရတယ်ဆိုတာ အမေမသိရှာဘဲကိုး။


“အမေကလည်း ကျုပ်ဖျားနေလို့ ပါတော့”


အဲသလို မိဆောင်းက လိမ်ပြောလိုက်တော့

အမေ စိတ်ပူပြီး


“ခုတော့ သက်သာသွားပြီလား”


ဆိုပြီး မိဆောင်းနဖူးကို လက်နဲ့စမ်းတယ်။

မိဆောင်းမျက်ရည် တွေတောင် စို့ တက်လာမိတယ်။


“သက်သာပါတယ်အမေ၊ အမေရော ဘယ်လိုနေလဲဟင်”


“နာတော့ နာတာပေါ့အေ၊ ငါ့သားလေးရော မခေါ်ခဲ့ဘူးလား”


“စာမေးပွဲနီးနေလို့ ကျောင်းပျက်မှာစိုးလို့ အမေရဲ့”


“အေး အေး၊ ငါ့သားက စာသိပ်ကြိုးစားတာ‌အေ့”


သားအမိချင်းတောင် အမေက သူ့သားအကြောင်း

ကြွားနေသေး တယ်။ အမေက ကွယ်ရာမှာ မိဆောင်းအကြောင်းလည်း ကြွားတာပါပဲလေ။ မိဆောင်းဈေးရောင်းလည်တဲ့အကြောင်း၊ ညည ကလေးတွေကို

စာပြပေးတဲ့အကြောင်း၊ အင်း ဘာလိုလိုနဲ့မိဆောင်းလည်း ဈေးရောင်း ပျက်တာ တစ်လနီးပါးရှိနေပြီ။

အမေ့ခြေထောက်ကလေးတွေကို ဆုပ်နယ်ပေးရင်း

ပိန်ကျသွားတဲ့ အမေ့မျက်နှာကိုကြည့်ပြီး မိဆောင်း

ငိုချင်လာတယ်။ အမေများ သေသွား ခဲ့ရင်ဆိုတဲ့

အတွေးနဲ့အတူ မိဆောင်းရဲ့ မျက်ရည်တစ်စက်က အမေ့ပေါ် ကျသွားတော့တယ်။ အမေက မျက်လုံး ဖွင့်ကြည့်ပြီး


“မိဆောင်း ညည်း ဘာလို့ ငိုနေတာတုံး၊ ငါသေမှာမို့လား”


အမေက စိတ်တိုတိုနဲ့ အော်တော့ မိဆောင်း

မျက်ရည်တွေ ကဗျာ ကယာ သုတ်ရင်း ....


“အို အမေကလည်း နိမိတ်မရှိ ပြောရော့မယ် ကျုပ်က အမေ နာနေမှာကို တွေးပြီး သနားလို့ ပါတော့”


အမေ့ရင်ဘတ်ကို မကြည့်မိအောင် မျက်နှာလွဲနေလိုက်ရတယ်။


“အစ်မ ငါ့ဖို့ စာအုပ်ဝယ်ပေးဦး၊ ရေးစရာမရှိတော့ဘူး”


ညို ကြီးအသံကို နားထဲကြားလာမိပြန်တယ်။ ခါတိုင်းဆိုရင် မပူဆာ ခင်က ဝယ်ပေးချင်နေတဲ့ မိဆောင်း စိတ်မကောင်းဖြစ်ရတယ်။ ခုတော့မိဆောင်းမှာ နားကပ်လေးတောင် မရှိတော့ဘူး။ ဈေးရင်းငွေလည်း ပြုတ်ပြီ။

မိဆောင်း ဘာဆက်လုပ်ရမှန်းတောင် မသိတော့ပါဘူး။


“မိဆောင်းရယ်၊ ငါ့တင်ပါးတွေလည်း နာလှပြီ ဆေးတွေလည်း မသောက်ချင်တော့ဘူး ပျို့အန်ထွက်ကုန်ပြီ

တော်ပြီအေ၊ ငါ ရွာပြန်မယ ရွာကျမှ ဆရာလေးနဲ့

ဆေးထိုးတော့မယ်”


“ဘယ်ဖြစ်ပါ့မလဲ အမေရယ် ဆရာဝန်ကြီးက

ဆင်းခွင့်မှမပေး သေးတာ”


“အိုအေ ညည်းမရှည်ပါနဲ့၊ ငါ ဒီဆေးရုံကြီးပေါ်မှာ

မနေချင် တော့ဘူး”


ညစဉ်ညတိုင်း ကျိတ်ကျိတ်ငိုနေရှာတဲ့ အမေ့ကို မိဆောင်း မကြည့် ရက်တော့ဘူး၊ သားအမိနှစ်ယောက် ဆေးရုံကနေ ဆင်းပြေးလာခဲ့ကြတယ်။ရွာကိုရောက်တော့ အမေစိတ်ပျော်တယ်ထင်ပါရဲ့ ထမင်းတွေလည်း စားတယ်၊ ဟိုဘက်အိမ် သည်ဘက်အိမ်တောင် လည်လိုက်သေး။ သည်တော့ လည်း မိဆောင်းစိတ်တွေ ရွှင်လန်းလာမိတယ်။


“အမေ နေကောင်းရင်ညည်းနားကပ်လေး

အစားပြန်လုပ်ပေးမှာပါ”


“အမေကလည်းတော်၊ အမေ့ရောဂါသာ သက်သာပါစေ၊ ကျုပ် ဈေးတောင်း နှစ်ဆရွက်ရောင်းလိုက်ရုံပါပဲတော်”


ဒါပေမဲ့ မိဆောင်းတို့ ကံခေပါတယ်။ အမေ့ရင်ဘတ်က ပြန်နာလာ လို့ ဆေးရုံကို ထပ်ပြရတယ်။ ဆရာဝန်ကြီးကဆိုဆူလိုက်တာ အရမ်းပါပဲ။ မိဆောင်းလေ အမေ့အတွက် နောက်ဆုံးလက်နက် သုံးရတော့တယ်။ အမေ ဆူချင်လည်းဆူပေတော့။ လယ်ကွက်လေးကို အပြတ်ရောင်းပစ် လိုက်တယ်။ဆရာဝန်ကြီးက စမ်းသပ်ပြီး

အမေ့ကို အားပြန်ဖြည့်လိုက်ပါဦးဆိုလို့ မိဆောင်းတို့

ရွာကိုပြန်ခဲ့ရတယ်။ ရွာကိုရောက်တော့ အမေ့ဗိုက်ကြီး တဖြည်းဖြည်းနဲ့ဖောင်းပြီးရောင်လာတယ်။ စဉ်းအိုးကြီးတစ်လုံးလိုဝိုင်းပြီး ပြောင်ဝင်းနေတာပဲ။


မိဆောင်းလည်း အမေ့ကို ရွာက ဆရာလေးနဲ့ ဆေးထိုးတာပေါ့။ ဒါပေမဲ့ ဆရာလေးက ထိုးမပေချင်တော့ဘူးတဲ့။ မိဆောင်းက ...


“ဒီမယ် ဆရာလေး၊ ဆေးဖိုးငွေတွေ အကြွေးမှတ်ထားတာကို ပြန်မဆပ်နိုင်ဘူး ထင်လို့ လား ကျုပ် ဆရာလေးတို့ အိမ်မှာ ကျွန်ခံ ဆပ်ပါ့မယ်တော်”


မိဆောင်းကရန်ထောင်တော့ဆရာလေးကဘာမှမပြောဘဲပြန်သွားတယ်။ မိဆောင်းလည်း သိပ်စိတ်တိုသွားတာပေါ့။ ဆရာလေးတင်မက ပါဘူး၊ တောင်ပိုင်းက ကုန်စုံဆိုင်ရှင် ဦးသန်းမေကလည်း မိဆောင်း

ကြွေးယူရင် မပေးချင်တော့ဘူး။ ကိုယ့်ဆွေမျိုးတွေကရော ဘာထူးသေးလဲ။ မိဆောင်း ငွေချေးရင် မယုံတာလိုလို ဘာလိုလိုနဲ့။မိဆောင်း မိန်းကလေးပေမယ့် အဲသည်လောက်ကြွေးတော့ မကြောက် ဘူး၊ ပစ္စည်းဥစ္စာဆိုတာ လူကရှာတာပါ။ မိဆောင်း လူပါတော့်လူပါ။ ဒေါင်းသန်မောင်းသန် မိဆောင်းပါ။ အခု အမေနေကောင်းကြည့် အခု ငွေရအောင် မိဆောင်းရှာနိုင်တယ်။

မိဆောင်းရင်ထဲ မခံချင်စိတ်တွေဟာ တစ်ကိုယ်လုံးကို စိမ့်တက်လာ တယ်။ အံကို တင်းတင်းကြိတ်၊ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ဘဒွေးတို့ အိမ်ဘက် ပြေးထွက်ခဲ့တယ်။ဘဒွေးတို့ အိမ်ဘက်ရောက်တော့

မိဆောင်း အော် အော် ငိုပစ်လိုက် တယ်။


“ဒီမှာ ကျုပ်ကို အထင်မသေးကြပါနဲ့ အမေနေကောင်းလာရင် ယူထားသမျှကြွေးတွေကို ကျုပ် အကုန်ဆပ်နိုင်ပါတယ် မိဆောင်းတဲ့ ၊ လူသာအသေခံမယ် နာမည်ကို အသေမခံဘူးတော့ သိကြရဲ့လား အီး အီး”


မိဆောင်းအသံက တစ်ရွာလုံးကို ပွက်လောရိုက်သွားတယ်။ ဘဒွေး က ပြောင်းဖူးဖက်လိပ်ကြီးသောက်ရင်းနဲ့ မိဆောင်းကို လှည့်လှည့်ငေါက် တယ်။ မိဆောင်းကလည်း မရပ်ဘူး။ အတင်းအော်အော်ငိုတယ်။


“ကျုပ်မှာ ခြေနဲ့ လက်နဲ့ သိလား၊ ကျုပ်ကိုယ်ကျုပ်

ခိုင်းစားလို့ ရ တယ် ဘယ်သူ့ပစ္စည်းကိုမှ အလကားမယူ ပါဘူးတော့ အီး အီး”


ဘဒွေးက စိတ်တိုတိုနဲ့ မိဆောင်းကို


“ဟဲ့ မိဆောင်း၊ ဆရာလေးက စေတနာနဲ့ဆေးထိုးမပေးတော့တာ၊ နှင့်အမေရောဂါ ကုလို့ မရတော့ဘူး သိလား”


အို ... ဘုရား ဘုရား၊ အမေ့ရောဂါက ကုလို့ မရတော့ဘူးတဲ့။ ဒါကြောင့် ဆရာဝန်ကြီးက ပြန်လွတ်လိုက်တာကိုး၊ ကျွေးချင်ရာကျွေးတော့လို့ ပြောခဲ့တာကိုး။ စောစောက

မိဆောင်းရဲ့ မခံချင်စိတ်တွေ၊ မာနတွေ ဘယ်ရောက်ကုန်မှန်း မသိတော့ပါဘူး။ မိဆောင်းလည်း အိမ်ကို အားသွန်ပြေးခဲ့တယ်။


“အမေအမေ”


အိပ်ရာပေါ်မှာ ဗိုက်ကြီးအဖောင်းသားနဲ့ အိပ်နေတဲ့အမေ့ကို မိဆောင်း လှုပ်လှုပ်ခေါ်လိုက်တော့ အမေ လန့်နိုးလာတယ်။


“ဘာလဲ သမီး၊ ဘာလဲ အမေ လန့်လိုက်တာကွယ်”


အမေက မရှိတော့တဲ့ရင်ဘတ်ကလေးကိုလက်နဲ့ဖိထားရင်း မိဆောင်း ကို မော့ကြည့်တယ်။ အမေ့ရဲ့မျက်လုံးတွေကလည်း အရောင်မတောက်တော့ဘဲ မွဲပြာနေတယ်။ ဆေးရုံပေါ်တုန်းက မိဆောင်းငိုတော့ အမေက


“မိဆောင်း၊ ညည်း ဘာလို့ ငိုတာတုံး ငါသေမှာမို့လား”


ဆိုတဲ့စကားကို ပြန်သတိရပြီး မိဆောင်းပါးစပ်ကို လက်ဝါးနဲ့အုပ် မျက်ရည်ကိုသုတ်ပြီး


“ဘာမှမဖြစ်ပါဘူး အမေ ဘာစားဦးမှာလဲလို့

မေးမလို့ ပါ”


မိဆောင်းရဲ့ အညာစကားကို သိသလိုနဲ့ အမေ ပြုံးပြီး လက်ခါပြ တယ်။ ပြီးတော့ မျက်စိပြန်မှိတ်သွားတယ်။ အမေက လက်ကလေးကိုတော့ ရင်ဘတ်ပေါ်တင်လျက်သား။


*****************************


အမေရယ် အမေ့ရင်ဘတ်မှာ အကျိတ်ကလေး စထွက်ကတည်းက ကင်ဆာမှန်းသိခဲ့ရင်အကောင်းသား။

ခုတော့ ကင်ဆာကအမေ့ကိုယ်တွင်းမှာ အမြစ်တွယ်နေ

ပြီတဲ့။ အမေ့အသည်းတွေ နှလုံးတွေကို တွယ်ကုပ်ပြီး

အမေ့အသက်ကို ထုတ်ပစ်ကြတော့မယ်။ လည်ပါတယ်ဆိုတဲ့ တောသူမ မိဆောင်း အမေ့ရောဂါအကြောင်းကိုတော့ မသိ နားမလည်ခဲ့ပါဘူး။မိဆောင်း နေ့တိုင်းစီးနေတဲ့ ရထားကြီးပေါ်က လူတွေက သူတို့ ရဲ့ စားဝတ်နေရေးအကြောင်း ရုန်းကန်လှုပ်ရှားမှုတွေအကြောင်းသာ ပြောကြ တာ။လူတွေမှာ ဖြစ်ပေါ်လာတတ်တဲ့ ရောဂါလက္ခဏာတွေအကြောင်း ပြောကြတာ မဟုတ်ဘူး၊မိဆောင်းတို့

ရွာက လူတွေက စပါးတွေ ပျိုးကြဲဖို့ ပျိုးနုတ် ကောက်စိုက်ဖို့ လောက်သာ သိတာ။ အမေ့ရောဂါအကြောင်း သိတာမဟုတ်ဘူး။ ရွာက ဆရာလေးက

နွားတွေရဲ့ရောဂါကိုသာ ကုတတ်တာ။ အမေ့ရဲ့ ကင်ဆာရောဂါကို ကုတတ်တာ မဟုတ်ဘူး။ မိဆောင်းတို့ပိုင် လယ်တစ်ကွက်က အဖေ့ရဲ့အမွေလို့ လက်ညှိုးထိုးပြနိုင်ရုံသာ ရှိတာ။အမေ့ရောဂါကို လုံလောက်တဲ့ဆေးဝါး

ရှာပေးနိုင်တာမဟုတ်ဘူး။ မိဆောင်း နားလည်မိတာ

အဲသလောက်ပါပဲအမေရယ်။ ဒီလောက်ပဲ သိတဲ့

မိဆောင်းမှာ အပြစ်ရှိသလားအမေရယ်။

အမေ့ကိုကြည့်ရင်းက အမေဆိုနေကျသီချင်းလေးကို

မိဆောင်း သတိရမိတယ်။


“ဗောဓိရွှေကျောင်း” တဲ့။


“ရွှေစာကို အမေပိုက်ပါလို့ x x x လိုက်ပါရစေကွဲ

မောင်လှရယ်” တဲ့။


***********************


အမေ ... အမေ ... အမေ အဲဒီသီချင်းဆိုနေသလား၊

အမေ့ နှုတ်ခမ်းတွေ တလှုပ်လှုပ်နဲ့ သီချင်းဆိုနေတာလား။


“အမေရယ်၊ အမေမရှိလည်း မောင်လေး ညိုကြီးကို ကျုပ် လှူဖြစ် အောင်လှူမှာပါတော့၊ မောင်လေးနောက်ကနေပြီး လိုက်ပါရစေလို့ အမေ ဆိုနေဦးမှာလား”


မိဆောင်းမျက်စိထဲမှာ မောင်ရှင်ဆောင်းပစ္စည်းတွေ

ရွက်လို့၊ သင်္ကန်း ပန်းတွေ ပွေ့ထားတဲ့ အလှူအစ်မကြီး

အမေ့ကို မြင်ယောင်လာမိတယ်။ဒါပေမဲ့ အမေ တကယ်ပိုက်ထားရတာက ကင်ဆာရောဂါကိုပါ။ သေခြင်းတရားက ဆင်းရဲတဲ့လူတွေဆီကို အရင်လာတတ်ထင်ပါရဲ့တော်။


(ဆံရစ်ဝိုင်းဝတ္ထုတိုများစာအုပ်မှ ကောက်နုတ်တင်ပြပါသည်။)


Post a Comment

0 Comments