ဝတ္ထုတို အမည် - အရီးနှင့် ကြီးတော်
စာရေးသူ - ခင်ခင်ထူး
Short Story
-------------------------------------------------
"အရီးနှင့် ကြီးတော်"
#ခင်ခင်ထူး
(၁)
လွန်ခဲ့သည့် သီတင်းကျွတ်လတွင် ဦးကျောက်လုံးသည် ခေါင်းခဲ၍ အကြောအခြင်တွေ ကိုက်နေလေသည်။ ဦးကျောက်လုံးက အနှိပ်သည် ဆေးဆရာ ခေါ်ဖို့ ပြော၏။ အရီးစိမ်းက အမိန့်ကို မနာခံပဲ မိမိကိုယ်တိုင် နင်းနယ်ပေး၏။ ကွမ်းရွက်မျက်စဉ်းကို အတင်းခတ်သောကြောင့် ဦးကျောက်လုံးသည် ကုန်းအော်ရလေသည်။ ဆေးခါးကြီး တိုက်သဖြင့် ပျို့၍ ပျို့၍သာ လာလေ၏။ အဖျားရောဂါလည်း အရီးစိမ်းအား ကြောက်သောကြောင့် မြန်စွာ ထွက်ပြေးလေ၏။
ဦးကျောက်လုံးသည် ကွမ်းရွက်စိမ်းနှင့် ဆေးခါးကြီးကို ကြောက်သောကြောင့် "နောင် တစ်သက်နဲ့တစ်ကိုယ် ဘယ်တော့မှ မဖျားပါစေနဲ့ဗျာ" ဟု ဆုတောင်းမိလေ၏။ သို့ဖြင့် ပစ္စည်းရှိသော မယားမှ ချမ်းသာခြင်း၊ ပျော်ရွှင်ခြင်းများကို ရှာဖွေသောဦးကျောက်လုံးသည် မိုးကုပ်စက်ဝိုင်းကို သွားသောသူကဲ့သို့ နီးမလိုလိုနှင့် ဝေးခဲ့ရလေသည်။
ကျွန်မ ကြည်ညို လေးစားရသော ဆရာသိန်းဖေမြင့်၏ စာတွေကို ဖတ်ရတိုင်း တိုတိုနှင့် ထိမိအောင် ရေးနိုင်စွမ်းသော ဆရာ့ပါရမီကို လေးစားရမြဲ ဖြစ်သည်။ ဆရာသိန်းဖေမြင့်၏ ငါ့လင်နှင့်ငါ့ငွေ ဝတ္ထုကို ဖတ်မိသည့် အခါတိုင်း ရွာက ကျွန်မ၏ ကြီးတော် ဒေါ်ကျေးကိုလည်း တဆက်တည်းလိုလို သတိရနေမိတတ်သည်။ ဆရာ ရေးပြသော အရီးစိမ်း ဇာတ်ကောင်ဖွဲ့ ပီပြင် ပြောင်မြောက်သောကြောင့် ကျွန်မမှာ ကြီးတော်ကျေးနှင့် တူလိုက်လေခြင်းဟူ၍လည်း အမြဲအောက်မေ့ နေမိပါသည်။
(၂)
ဆရာ့ဇာတ်ကောင် အရီးစိမ်းသည် ပစ္စည်းဥစ္စာ ချမ်းသာ ကြွယ်ဝသော်လည်း လင်သေ မုဆိုးမတစ်ဦး ဖြစ်သည်။ လယ်တော၊ ယာတော ဧက အတော်များများကို ပိုင်ဆိုင်သူ ဖြစ်သည်။ တစ်ရွာတည်းနေ လူဆင်းရဲများကို သူ့ယာကထွက်သည့် ပဲပေး၊ နှမ်းပေး အကြွေးပေးတတ်သည်။ ငွေလိုသူတို့အဖို့ ငွေလိုလျှင် တစ်ဆယ်ကို တစ်ကျပ်တိုးဖြင့် ချေးငှားသော မြီရှင်လည်း ဖြစ်သည်။ ပေးစဉ်က အကြည်အသာ ပေးတတ်သော်လည်း အကြွေးတောင်းရာမှာတော့ လွန်စွာ ရက်စက်သူ ဖြစ်သည်။ ချေးထားသမျှ ငွေကြေး ပြန်မရဘူး ဆိုလျှင်တော့ ကြွေးယူသူဆီက လှည်း၊ နွား၊ အိမ်တို့ကို သိမ်းလေ့ရှိသည်။
အရီးစိမ်း၏ခင်ပွန်း ဦးငှက်ကြီးနှင့် ပေါင်းသင်းခဲ့စဉ်က သားသမီး မရခဲ့။ ဦးငှက်ကြီး ဆုံးပါး၍ တစ်ဦးတည်း နေရသည့် ဘဝမှာ အားကိုးအားထား ပြုချင်၍ တစ်ပင်လဲမူ တစ်ပင်ထူချင်လှသော်လည်း သူပိုင်ပစ္စည်းဥစ္စာတွေ ထိပါးလာမှာ စိုးသဖြင့် မထူဖြစ်ခဲ့။ ထိုတစ်ချိန်တည်းမှာ တစ်ရွာတည်းနေ မုဆိုးဖိုကြီး ဦးကျာက်လုံးသည်လည်း အသက်ငါးဆယ်အရွယ် ရှိသည့်တိုင် ဥပုသ်သီတင်း စောင့်သွားရာတွင် ဗျတ်ရွက်မည့်သူ လိုသေး၏ဟု နှလုံးသွင်းထားသူ။
ထိုအခါ ပစ္စည်းဥစ္စာလည်းရှိ အရွယ်လည်း တော်သေးသည့် အရီးစိမ်းကို ရအောင်ပိုးယူပြီး အိုဇာတာကောင်းဖြင့် အသာစံဖို့ ကြံခဲ့၏။ သို့သော် တကယ်တမ်း အိမ်ထောင်ပြုဖြစ် ကြတာ့လည်း အရီစိမ်းက ထင်သလောက် ခရီးရောက်သူမဟုတ်။ ဦးကျောက်လုံးကို မသေရုံတမယ် ခိုင်းစေပြီး စေ့စေ့ကုတ်ကုတ် သုံးစေ၏။ အရီးစိမ်းကိုယ်တိုင်လည်း ထိုမူအတိုင်း ကျင့်သုံးသည်။ အရီးစိမ်း နှမြောလိုက်ပုံက ဦးကျောက်လုံး ဖျားရာမှာပင် ရွာဆေးဆရာ ခေါ်မကုပဲ ကိုယ်တိုင် ဓာတ်ကြမ်းကိုင် ကုသခြင်းဖြင့် ဆေးဖိုးဝါးခ ချွေတာသူဖြစ်သည်။
(၃)
တစ်ကြိမ်မှာတော့ ဦးကျောက်လုံး၏တူ ကံထိုက်က ငွေတစ်ရာ ချေးသည်ကို အရီးစိမ်းက ခါးခါးသီးသီး ပယ်ချလိုက်၏။ ကံထိုက်ကလည်း လူဆင်းရဲဘဝကို စိတ်နာနေရသည့် ကြားထဲ အရီးစိမ်း၏ နှမြောတွန့်တိုမှုကြောင့် အိုးရွဲ့ကို စလောင်းရွဲ့ဖြင့် ပိတ်အံ့ဆိုသည့် သဘောဖြင့် ဓားပြတိုက်ဖို့ ကြံစည်လေသည်။ ဓားပြတိုက်သည့် ညက အဖော်နှစ်ယောက်နှင့်အတူ အရီးစိမ်းအိမ်ကို ဝင်စီး၍ ဦးကျောက်လုံးကို ကြိုးနှင့်တုပ်ကာ အရီးစိမ်းကို ဓားနှင့် မိုးထားလေ၏။
အရီးစိမ်းကို ဓားဖြင့်ရွယ်ပြီး ငွေငါးထောင် တောင်းရာ အရီးစိမ်းက "တစ်ပြားမှ မရှိပါဘူး။ မပေးနိုင်ပါဘူး" ဟု တွင်တွင်ကြီး ငြင်းလေ၏။ ဓားပြကလည်း စုတ်ချွန်သောဓားဖြင့် တင်ပါးခွက်ကို စွက်ကနဲ ထိုးလေ၏။ အရီးစိမ်းက မရှိဘူးလို့ချည်း ဘူးခံနေ၏။ ထိုအခါ ဓားပြက တစ်ခြားတင်ပါးခွက်ကို ထပ်တွက်ပြန်လေ၏။ အရီးစ်ိမ်းက သေပါပြီအော်ရုံကလွဲလို့ ခြူးတစ်ပြားမှ မထွက်။ ဓားပြက ဓားပြားဖြင့် ကျောကို တဖြန်းဖြန်းရိုက်၊ ဒူးဖြင့် ကျောကို တိုက်၊ ဓားရိုးဖြင့် နဖူးကို ခွပ်ကနဲ ဆောင့် စသည်ဖြင့် နည်းမျိုးစုံနှိပ်စက်နေ၍ မေ့သွားမလောက် နာကျင်လှသော်လည်း အရီးစိမ်းက တစ်ချက်ကလေးမှ ပေးစကား မဆို။
"ကဲ ... ဒင်း ... ဒီလောက်ရှိလှတာ သေပစေတော့။ နှစ်ယောက်လုံး သတ်ပစ်မယ်။ ကျောက်လုံးကို ဖမ်းခဲ့။ ငွေငါးထောင်ပေးမှ လွှတ်။ မပေးရင် သတ်ပစ်။ ဟဲ့ ... အကောင်ပုပ်မကြီး နင့်လင်သတ်ပစ်တာ ခံမလား။ ငွေပေးမလား"
အခြေအနေက တင်းမာလာခဲ့သည်။ ငွေမထွက်လျှင် သတ်ပစ်မည်ဟု ဆိုနေပြီ။ သို့သော် အရီးစိမ်းကလည်း သတ်သော်မှ သတ်စေတော့။ ငွေတော့ အထိမခံ။ "ဦးကျောက်လုံးကို ဘာပဲလုပ်လုပ် ခံရုံပါပဲ။ ငွေတော့ မရှိဘူး" ဆိုကာ ငိုလေ၏။ အရီးစိမ်းက "လင်နှင့်ငွေ ဘယ်ဟာ အဖိုးတန်သလဲ။ လောကမှာ လင်ရှိလို့ ငွေရနိုင်တာ မဟုတ်ဘူး။ ငွေရှိရင် လင်လိုချင်သလောက် ရနိုင်တာပဲ။ ငါ့လင်နဲ့ငါ့ငွေ ငါ့ငွေက အဖိုးတန်တယ်။ ကျောက်လုံးကို သတ်ရုံမက မီးဖုတ်ပြီးစားစား" ဟု တွေးလေသည်။
မယား၏ စိမ်းကားပုံကို ဦးကျောက်လုံးကိုယ်တိုင် ကြားရသည့်အခါ နာကျည်းလှစွာဖြင့် အရီးစိမ်းတွင် မြုပ်ထားသော ငွေတွေရှိကြောင်း ဖော်လေတော့သည်။ ဓားပြတွေက ဖမ်းသွားပြီး ငွေမြှုပ်ထားသော နေရာကို အပြခိုင်းရာ လိမ်ပြောသဖြင့် ဓားပြများက ဓားဖြင့် မွှန်းပြန်လေ၏။
"အကျွန့် သတ်ချင်သတ် မပြောဘူး"
အရီးစိမ်းက တင်းမာစွာပြောပြီး ဓါးပြများအသတ်ကို ခံသွားခဲ့သည်။ ဆရာသိန်းဖေမြင့်၏ ဝတ္ထုကို အကျဉ်းဖော်ပြခြင်း ဖြစ်ပါသည်။ လောကတွင် ဒီလိုလူတွေလည်း ရှိပါလားဟု ကျွန်မ တွေးနေမိသည်။ ထူးဆန်းလှသည် မပြောသာသော်လည်း လူ့အသက်နှင့် လဲယူခဲ့သော လောဘစိတ်၊ တွန့်တိုစိတ်ကတော့ အမှတ်ထင်ထင် ရှိရပါသည်။
(၄)
ကြီးတော်ကျေးမှာ ကျွန်မအမေ၏ ညီမဝမ်းကွဲဖြစ်သည်။ အရီးစိမ်းကဲ့သို့ပင် ပစ္စည်းရှိ မုဆိုးမတစ်ယောက်ဖြစ်ပြီး အရီးစိမ်းလိုပင် သားသမီးလည်း တစ်ကောင်တစ်မြည်းမှ မရှိ။ ကြီးတော်ကျေးသည် ရွာလယ်မှာ ခြံကြီးဝင်းကြီးနှင့် တစ်ဦးတည်း နေထိုင်ပါသည်။ ကျွန်မတို့ မြို့ရောက်ကြလို့ တစ်နှစ်တစ်ခါ ရွာပြန်တိုင်း တစ်ယောက်တည်း နေရှာသော ကြီးတော်ကျေးထံ မရောက်ရောက်အောင် အလည်သွားရမြဲ။ ကြီးတော်အိမ်မှာ ထမင်းစားမြဲ။ အလွန်နှမြောတတ်ရှာသူ ဆိုသော်လည်း မြို့က ရောက်လာသည့် တူမမို့ တကူးတကန့် စားရခြင်း ဖြစ်၏။
ရေနံချေးတွေ မည်းနေသော နှစ်ထပ်ပျဉ်ထောင်အိမ်ကြီးကို ပိုင်သော်လည်း ကြီးတော်က ထိုအိမ်ကြီးပေါ် ဘယ်တုန်းကမှ တက်မနေ။ အိမ်ကြီးနှင့် မလှမ်းမကမ်း ခြံထောင့်မှာ ရက်ကန်းတဲကလေး ထိုးကာ နေခဲ့သည်ပင် နှစ်တွေကြာလှပြီ။ ရက်ကန်းတဲကလေးက တစ်ဖက်ရပ်သာသာ မြေစိုက်တဲကလေး ဆိုတော့ ကြီးတော်ကျေး ခတ်သည့် ရက်ကန်းစင်ကလေး တစ်လုံးနှင့် ကွပ်ပျစ်တစ်လုံးစာ ချသာရုံပဲ ရှိသည်။ ထမင်းဟင်းချက်တော့ တဲဘေးမှာ ခပ်တိမ်တိမ် တူးထားသော မြေကျင်းကလေးထဲ ဆင်းချက်လေ့ရှိသည်။ ထမင်းဟင်းကျက်တော့ တဲထဲက ကွပ်ပျစ်ဘေးခင်းထားသော သစ်သားကြမ်း စားပွဲခုံကလေးပေါ် တင်ထားလိုက်သည်။ စားချင်တော့ ဇလုံကလေးထဲ ခူးထည့်ကာ ပုံစားသည်။
ရွာကိုရောက်လို့ ကြီးတော်ကျေးအိမ် သွားတိုင်း ဒီပုံစံက ပြောင်းလဲသွားသည် မရှိ။ ရွာကဆွေမျိုးတွေက ကျွန်မရွာရောက်တိုင်း ကြီးတော်ကျေးဆီ ဝင်ဖို့ တိုက်တွန်းကြသည်။
"တို့တော့ မစားရပေါင်အေ။ နှမြောလိုက်တာလည်း လွန်ရော။ မိဘများထားခဲ့တဲ့ ရွှေတွေ ငွေတွေ နည်းရော့လား။ ညည်း ချော့ချက် မေးကြည့်စမ်းဟဲ့" လို့ ပြောတတ်ကြသည်။ ကြီးတော်ကျေးကလည်း ဒါကို သိပုံရသည်။ ရကောင်းစေစကား တစ်ခွန်းတစ်စမှ မထွက်။
(၅)
"ကြီးတော်ကျေးရေ"လို့ ခြံဝက အသံပြုလိုက်လျှင် ရက်ကန်းတဲကလေးထဲက ပျာယီးပျာယာ ပြေးထွက်လာတတ်သည်။ ကျွန်မတို့လို တစ်မြို့တစ်ရွာရောက် တူသားနောင်မယ်တွေကိုတော့ မျှော်လည်း မျှော်၊ ချစ်လည်း ချစ်ရှာပါသည်။ သို့သော် ဒီ့ထက်တော့ တစ်လက်ဆွန်း တစ်လက်ဆုပ် လက်ရောက်ချင်သူ မဟုတ်။
"မထူး ... ငါ့တူမ ဘယ်တုန်းက ရောက်တုန်း။ ညည်းအမေ မပါဘူးလား။ ကြီးတော် တလောက နေမကောင်းလိုက်တာအေ။ ပစ်ရပြီကို မှတ်တာ။ သေလို့ မဖြစ်သေးပါဘူးလေဆိုပြီး အသက်ပြန်လု ထားရတာအေ့။ သေမင်းနဲ့ လုရတာဆိုတော့ လက်ပန်းကို ကျကရော"
ကြီးတော် စကားကြောင့် ကျွန်မ ရယ်ရပါသည်။ ဘာဆေးမှလည်း ဝယ်သောက်မည့်သူ မဟုတ်တာ ကျွန်မ သိသည်။ မဖျားမနာ ခံနိုင်ရိုးလား။ အင်္ကျီရယ်လို့ ဘယ်တော့မှ ဝတ်မထား။ လက်ဖြစ် ဖျင်ကြမ်းထမီရင်လျားကြီးနှင့် ဆီမလူးသော ပြောင်းဖူးမွှေး ဆံပင်ငုတ်စိကို ဆံထုံးသေးသေးကလေး မရရအောင် ထုံးထားတတ်သည်။ အုန်းဆီဝယ်လူးဖို့ ဆိုတာ ဝေးရော။
ကျွန်မတို့လို မြို့ရောက်ဆွေမျိုးဧည့်တွေ ရောက်သွားလျှင်တော့ ကြီးတော်ကျေးက သူပိုင်နှစ်ထပ်ပျဉ်ထောင်အိမ်ကြီးဘက် ဆွဲခေါ်သွားကာ ဧည့်ခံတတ်ရှာပါသည်။ အိမ်ကြီးက ကောင်းလှသော်လည်း ဖုန်ထူလေသည်။
"ထိုင် တော်။ ရှင်ထူးထူးတို့ ညည်းကျောင်းဆရာလခ ဘယ်လောက်ရတုန်း။ ငါ့တူမ ကိုယ့်လခ ကိုယ်စားဟဲ့။ လင်မယူနဲ့။ ငါက ယူကြည့်ဖူးလို့ ပြောတာ"
ပုဆိုးပိုင်းကြီး တစ်ထည်ဖြင့် ဖုန်ထုတက်နေသော တန်းလျားတွေ၊ စားပွဲတွေကို တဖြန်းဖြန်းရိုက်ခါရင်းက ပြောနေခြင်းဖြစ်သည်။
"ကြီးတော်ကလည်း မဟုတ်သေးပါဘူး။ ကြီးတော်ကတော့ ယူပြီး ..."
"ဟဲ့ ငါက ယူပြီးလို့ ပြောတာ။ ဘယ့်နှယ်အေ ကိုယ့်လုပ်စာ လင်ဖဲ့ကျွေးရမယ်လို့။ ညည်းနှယ် အသားမပါလိုက်တာ ..."
ကျွန်မကတော့ ကြီးတော်ကို ပြုံးကြည့်နေလိုက်ပါသည်။ ဖုန်မစင်သေးသော ခုံတန်းလျားတစ်လုံးမှာ ဝင်ထိုင်လိုက်ရင်း မြို့လက်ဆောင်တွေကို ဖုန်ပေစားပွဲပေါ်မှာပဲ အသာချကာ ကန်တော့ရတော့သည်။ ဆုတွေကတော့ တသီကြီး ပေးရှာပါ၏။
"ဆုတော့ များများ ပေးနိုင်တယ်။ ပိုက်ဆံမကုန်ဘူးဟဲ့"
ကျွန်မမှာ ရယ်နေရတော့သည်။ အမေ့ကိုလည်း မေးရှာပါသည်။ ကျွန်မက အမေ ရွာမလိုက်နိုင်ကြောင်း ပြောပြရ၏။
"ဟုတ်ရှာမှာပဲ။ ငါ့ညီမက ငါ့ သိပ်ခင်တာ။ ရွာမှာနေတုန်းက တို့က ပွဲကြည့်ဖက်၊ ပဲနုတ်ဖက်တွေကိုး အေရဲ့။ ညည်းအမေက မြို့သူဖြစ်သွားတော့ ဝေးသွားကြတာပေါ့ ..."
ပါးစပ်ကလည်း အော်ကြီးအော်လောင် ပြောရင်း ရက်ကန်းတဲကလေးနှင့် နှစ်ထပ်ပျဉ်ထောင်အိမ် ဧည့်စားပွဲရှိရာ ကူးကယ်ခေါက်ကယ် ကူးရင်း ရှိတာနှင့် ဧည့်ခံသည်။ ရေနွေးလင်ပန်းကလေးချ၊ ရေနွေးမြည်းစရာ မြေပဲ၊ ထန်းလျက်ခဲ တောသရေစာကလေးချနှင့် တောက်တက်တောက်တက် လုပ်နေသော ကြီးတော်ကျေးကို ကျွန်မ ချစ်သည်။ အသက်ခုနှစ်ဆယ်ပျော့ပျော့ ရှိသည်အထိ သွက်လက်ချက်ချာသူ ဖြစ်သည်။ အသက်အရွယ်ရပြီ ဆိုသော်လည်း တောနေတောထိုင်ပီပီ ဖိုသီဖတ်သီနိုင်လှပါသည်။ လူက ဖျောက်ဖျောက်ကလေးဆိုတော့ ချည်ကြိုချည်ကြား ရက်ကန်းလွန်းကလေး ပြေးနေသည့်နှယ် လွှားကနဲလွှားကနဲ မောသည်လို့လည်း မရှိ။
"ကြီးတော် အခု ရက်ကန်း ရက်တုန်းပဲလား။ နားပါဦးတော့"
"ရက်ရပါသကော ငါ့တူမရယ်။ မရက်လို့ ညည်းက ကျွေးမှာလား။ ကြီးတော် ရက်ကန်းမှ မရက်ရင် ဘယ်ကငွေနဲ့ သွားစားမတုန်း။ တို့တောသူတောင်သားများ သေမှ အလုပ်ရပ်ရတာပါအေ။ မလှုပ် မြုပ်ကရော"
(၆)
ပြောင်းဖူးဖက်လိပ်ကြီး မေးငေါ့သောက်ရင်း ပြောနေသော ကြီးတော်ကျေးကို ကြည့်ရင်း ကျွန်မ သနားလည်း သနားသည်။ ကြီးတော်ကျေး ဒီလောက် လူအဆင်းရဲခံကာ အလုပ်လုပ်နေစရာ မလိုမှန်း ကျွန်မသိပါသည်။ ဒီနှစ်ထပ်ပျဉ်ထောင်အိမ်ကြီး၏ ခေတ်ကာလတန်ဖိုးကပင် ကြီးတော်ချမ်းသာကြောင်း နိမိတ်ပုံ မဟုတ်လား။ ရေနံရည်ဝနေသော ရှေးအိမ်ကြီး ဖြစ်သည်။ နဖူးစည်းပန်းများပင် လှပဆဲ ရှိကြသေးသည်။ ကျွန်းတိုင်လုံးကြီးများကလည်း လူ့တစ်ဖက်စာလောက် ရှိသည်။ လေးပင်သုံးခန်းဆိုတော့ ကြီးလိုက်သမှ အပေါ်ထပ်တက်သည့် လှေကားကြီးကိုဖြုတ်ပြီး ခြံထောင့်က မန်ကျည်းပင်မှာ ထောင်ထားတာ တွေ့ရသည်။
ပျဉ်ထောင်၊ ပျဉ်ခင်း၊ သွပ်မိုးအိမ်ကြီး အပေါ်ထပ်ကို ကြီးတော်ကိုယ်တိုင်ရော လူသူလေးပါးပါ မတက်ဖြစ်ကြသည်မှာ နှစ်တွေ ကြာရော့မည်။ အောက်ထပ်ကတော့ တောင်ဘက်နှင့် အနောက်ဘက်မှ ဝါးထရံများ ကာထားသော်လည်း ကျန်သည့်နှစ်ဖက်မှာတော့ ဟင်းလင်းဖွင့်ထားပါသည်။ အိမ်ရှေ့ဖိနပ်ချွတ်နှင့် နီးသော မြေပြင်ပေါ်မှာ သည်အတိုင်း ပစ်ထားသော တန်းလျားခုံ နှစ်လုံးနှင့် စားပွဲတစ်လုံးသာ အိမ်ကြီး၏ အဆောင်အယောင်အဖြစ် ငုတ်တုတ်ကြီး ရှိနေကြပါသည်။ ကြီးတော်ကျေးက ရှေးဟောင်းနှောင်းဖြစ်တွေကို ငိုတစ်လှည့် ရယ်တစ်ခါ ပါးစပ်ဖြင့် ဧည်ခံရှာ၏။ ကြီးတော်ကို ငေးကြည့်ရင်း အမေ မကြာမကြာ ပြောခဲ့ဖူးသော စကားကိုလည်း အမှတ်ရမိပါ၏။
"မမကျေးက ရက်ကန်းခတ်မှ စားရတဲ့ဘဝမျိုး မဟုတ်ပါဘူး သမီးရယ်။ တို့သိသလောက် သူ့မှာ ပစ္စည်းတွေ နည်းမှ မနည်းတာ။ ဒါတွေ ထုခွဲရောင်းချစားရင်တောင် တစ်သက် စားကုန်နိုင်စရာ မရှိပေါင်အေ။ သူ့မေးတော့လည်း ဘာမှ မရှိတော့ပါဘူးအေလို့ချည်း ပြောနေတာ ကြားရတာပဲ။ ရွာကလည်း မယုံပါဘူး။ အမေလည်း မယုံဘူး"
ကျွန်မကတော့ ကြီးတော်ကျေး အကြောင်းတွေကို စိတ်ရောက်နေမိလေသည်။
(၇)
ကြီးတ်ာကျေး ငယ်ဘဝကို ကျွန်မတို့နောက်ပေါက် တူ၊ တူမတွေ မမှီလိုက်ကြသော်လည်း မှီလိုက်သည့်သူတွေ ပြောပြသမျှကိုတော့ ကျွန်မတို့ မကြားချင်မှအဆုံး။ ကြီးတော်ကျေး၏အမေ ဖွားလေးပုံနှင့် ကျွန်မအဖွားတို့က ညီအစ်မ အရင်းခေါက်ခေါက်ကြီးတွေ ဖြစ်ကြသည်။ ဖွားလေးပုံတွင် သမီးသုံးယောက်ရှိရာ ကြီးတော်ကျေးက အကြီးဆုံးသမီး။ ကြီးတော်အေးနှင့် ကြီးတော်ခွေးတို့က ညီမအငယ်တွေ ဆိုသော်လည်း ကြီးတော်ကျေးလောက် အသက်မရှည်ခဲ့ကြ။
ညီအစ်မသုံးယောက်ကို ဖွားလေးပုံက မျက်စိမမှိတ်ခင် ရှိသမျှပစ္စည်း အညီအမျှ ရာဇူတိုက် ဝေပုံခွဲပေးခဲ့ပြီးသား ဆိုတော့ ဒီအိမ်ကြီးနှင့် ဒီပစ္စည်းတွေက ကြီးတော်ကျေး ရလိုက်သည့်ခွဲတမ်း ဖြစ်သည်။
"မမကျေး ငယ်ငယ်က သိပ်ချောတာ။ ဥစ္စာပေါ၊ ရုပ်ချော ဆိုပါတော့အေ။ ဟိုရွာ ဒီရွာက ခေါင်ဆိုတဲ့လူတွေက လိုချင်လိုက်တာမှ ဝိုင်းဝိုင်းလည်လို့။ မမကျေးက လင်စိတ်သားစိတ် ရှိပုံမရဘူး။ အင်မတန် အနေအေးတယ်။ သူ့ဟာသူများတော့ ရှိမှန်း မသိရဘူး။ ဖွားလေးပုံက ကိုဘအောင်နဲ့ ပေးစားတော့ အမေတို့အိမ် လာငိုရှာတယ်။ ဘဝအကျိုးပေး ထင်ပါရဲ့။ စီးပွါးကလည်း ဖြစ်လိုက်ကြတာမှ အိမ်သာကျင်းတူးရာက ငွေဒင်္ဂါးတွေ အိုးလိုက် တွေ့ကြသေးတာ။ ကျိကျိတက်ပေါ့အေ။ တို့အပျိုတုန်းက ပွဲလမ်းသဘင် သွားစရာရှိ မမကျေးဆီက ငှားရမ်းဝတ်ကြရတာ။ အဝတ်အစား ဆိုတာများ သံသေတ္တာပေါ် လူတက်ဖိမှ ပိတ်လို့ရတယ်"
အမေပြောပြသလောက် ကြီးတော်ကျေးမှာ ရွှေလက်ဝတ်လက်စားတွေကိုက ဒီဘက်ခေတ် လက်တိုဂျင်နို့မှုန့်ဘူးနှင့် နှစ်ဘူး အပြည့်အသိပ်ဟု ဆိုပါသည်။ စတိလက်ကောက်၊ ကြံဆစ်လက်ကောက်၊ နဂါးလိမ် လက်ကောက်ကွင်းကြီးတွေ၊ ဒေါင်းဘယက်ခွက်၊ အုန်းဆံကြိုး၊ သံကွင်းဆက်ကြိုးတွေ၊ မောင်နှံခုနှစ်ဖော်၊ အုတ်ပုံလက်စွပ်ကွင်းကြီးတွေ၊ မြင်းစီးချင်းထိုး ဂျော့ဘုရင်ခေါင်း၊ ဝေလခေါင်း ငါးမူးသား၊ တစ်ကျပ်သား အပြားကြီးတွေ၊ ရွှေနှင်းဆီကြယ်သီး၊ ကျောက်ကြယ်သီးတွေ စသည်ဖြင့် စုံနေအောင် ရှိသည်ဆို၏။
"အလှူမင်္ဂလာပွဲ ရှိလို့ကတော့ အပျိုတွေ ဆယ့်လေးငါးယောက်လောက် မမကျေးဆီက ငှားဝတ်ကြတာ။ ဝတ်သူက မဝတ်နိုင်ဘူး။ သူကိုယ်တိုင်ကတော့လား နားကပ်တောင် ကြီးကြီးမပန်ဘူး။ အဝတ်အစားလည်း ဒီလိုပဲ။ ဘရိုကိတ်လုံချည်၊ ပိုးလုံချည်၊ ဘန်ကောက်လုံချည်တွေကချည်း ငါသိသလောက် ချည်စုံ၊ အရောင်စုံ အကွင်းနှစ်ဆယ်အစိတ် ရှိတာ။ အလှူလိုက်တော့ သရက်ထည်လုံချည်ကလေးနဲ့ လိုက်ချင် လိုက်တာပဲ။ ဘယ်နှယ့်မိန်းမလည်း ပြောတတ်ပေါင်အေ"
(၈)
ကြီးတော်ကျေး၏ခင်ပွန်း ဘကြီးအောင်ကိုတော့ ကျွန်မ မှီလိုက်ပါသေးသည်။ ကျွန်မတို့ကလေးဘဝ ရွာမှာနေစဉ်က ဘကြီးအောင်က ထမင်းခေါ်ခေါ်ကျွေးတတ်သည်။ ကြီးတော်ကျေး အေးသလောက် ဘကြီးအောင်က ဟောင်ဖွာဖွာ နေတတ်သည်။ သဘောမနော ကောင်းသည်။ သူကိုယ်တိုင် သားရှာငါးရှာ သူကိုယ်တိုင် ချက်ပြုတ်ကျွေးသူ ဖြစ်သည်။ ထန်းရည်ကလေး သောက်ချင်တာ၊ ကြက်ကလေး လောင်းချင်တာလောက်ကလွဲလျှင် အလွန်ချစ်စရာ ကောင်းသည်။
သားသမီးမရှိရှာတော့ ဆွေကလေး၊ မျိုးကလေး အလွန်မက်စက်သည်။ သူ့ဝိုင်းထဲမှာပဲ အဆော့ခိုင်းပြီး သူပါ ကလေးတွေ ကစားတဲ့အထဲ ဝင်ပါချင်ပါတတ်သည်။ ကြီးတော်ကျေးက ဘကြီးအောင်ကို အမြဲစူစူအောင့်အောင့် လုပ်တတ်တာလည်း ကျွန်မမှတ်မိသည်။ ဘာ့ကြောင့်မှန်းတော့ မသိ။
"ကိုဘအောင် ... တော်က ထရေကလေး မူးလိုက်၊ ကြက်ကလေး လောင်းလိုက်နဲ့။ တော့်ကိုယ်တော် ပခန်းမင်းများ မှတ်နေသလား။ ပခန်းမင်းက လူစွမ်းကောင်း။ တော်က ယောင်ခြောက်ဆယ်။ ကျုပ်ပစ္စည်းတွေတော့ စိတ်နဲ့တောင် ထိဖို့ မျက်စောင်းမခဲနဲ့။ ဒီပစ္စည်းတွေက ကျုပ်မိဘပစ္စည်းတွေ။ တော့်လက်ထက်ပွားဆိုလို့ အပ်တိုတစ်ချောင်း မရှိဘူး"
အဲဒီကတည်းက ဒေါ်ကြီးကျေးက ပစ္စည်းတွေကို ဝှက်ထားတော့တာလို့ ပြောကြပါတယ်။ ဘကြီးအောင်တစ်သက်လည်း ဘာမှ ဖြစ်လောက်အောင် သုံးစားသွားခဲ့တာ မမြင်ခဲ့ကြဘူး။ သူလိုကိုယ်လိုလောက်ပါပဲ။ ဘကြီးအောင်ဆုံးတော့ ကြီးတော်ကျေးက ယာအလုပ်၊ ကိုင်းအလုပ်တွေကို ဖြတ်ပစ်ကာ အိမ်ဝိုင်းကလေးထဲ ရက်ကန်းတဲကလေးထိုးကာ ရက်ကန်းခတ်စားတော့သည်။
မနက်မိုးလင်းလို့ ဆွမ်းခံကိုရင်ကလေးကို ဆွမ်း၊ ဆွမ်းဟင်း နေ့စဉ်လောင်းတာကလွဲလို့ ဥပုသ်သီတင်းလည်း မရှိ။ လက်တိုလက်တောင်းရယ်လို့လည်း မခေါ်။ အဖော်နေပေးပါရစေ ဆိုတာလည်း လက်မခံ။ တစ်ခါတော့ အမေက မေးတယ်။
"မကျေး ညည်းပစ္စည်းတွေရော"
"ဘာပစ္စည်းမှ မကျန်ပေါင် ငါ့ညီမရယ်။ ကိုဘအောင် ဖြုန်းသွားလို့ ဖြူကာပြာကာ ကျပါပကော။ ငါ့မှာ အိမ်ကြီးငုတ်တုတ်က လွဲလို့ ဝတ်ထားတဲ့ထမီတောင် အထက်ဆင် မတပ်နိုင်ပေါင်အေ။ မိုးကြိုးပစ်ရပါစေရဲ့"
ကြီးတော်ကျေးက အကျိန်တွေရော၊ အတွယ်တွေရော စုံနေအောင် ဖြူဆူးခါတတ်သော်လည်း ယုံရဖို့တော့ ခက်သည်။ ဘာသဘော ဘာရည်ရွယ်ချက်မှန်းလည်း မသိ။ ကြီးတော်ကျေးကတော့ အကြောင်းဆိုက်တိုင်း ရပ်ထဲရွာထဲ ဒီအသံကိုပဲ တွင်တွင်ကြီး လွှင့်နေတော့တယ်။ သူကလွှင့်လေ ရွာကမယုံလေ။
"မဟုတ်တာပြောတာပါအေ။ ဘယ့်နှယ် ဘအောင်ဖြုန်းသွားရမှာလဲ။ ဘအောင်ဖြင့် ရွှေတစ်မူးသား ရောင်းသုံးသွားတာ မမြင်ဖူးဘူး။ မိကျေးက ဓားပြတိုက်မှာစိုးလို့ အသံကာင်းလွှင့်တာနေမှာပါ။ မဟုတ်တာဟာ"
ရွာကတော့ ဘိုးတင်လို လူကြီးကအစ ဘယ်သူကမှ ကြီးတော်ကျေးစကားကို အသိအမှတ်မပြုကြ။ ကြီးတော်ကျေးကလည်း အပြောနှင့်အလုပ် တစ်ထပ်တည်းကျအောင် လုပ်ကိုင်စားသောက် နေထိုင်ပြတော့လည်း ဘယ်သူကမှလည်း ကြက်တွန့်မတက်ဝံ့။ ကျွန်မတို့လို ဝမ်းကွဲတူမတွေ မပြောပါနှင့်။ ညီမနှစ်ယောက်က မွေးသော တူ၊ တူမ အရင်းခေါက်ခေါက်ကြီးတွေကိုပင် တစ်ပြားမကျပဲ စုံးလုံးပစ်ထားတတ်သူဆိုတော့ ဝေခွဲရခက်ကြသည်။
"ငါ့မှာသာ ရွှေတွေ အဲသလောက်ရှိရင် မြတင်တို့ မန်းလေး ပြောင်းနေမှာပေါ့ဟဲ့။ နင်တို့မယုံရင် ငါ့ကိုသတ်ပြီးတော့သာ အိမ်ပေါ် မွှေကြပေတော့"
တစ်ခါတော့ တူဖြစ်သူကိုလှဆောင်ကို ကြီးတော်ကျေးက ဒီလိုပြောတော့ ကိုလှဆောင်က ထန်းရည်မူးမူးနဲ့ သူ့ကြီးတော်အိမ်ကြီးပေါ် တက်မွှေဖူးတယ်။ တကယ့်ကို ဘာမှမတွေ့။ ရွှေထည်၊ ငွေထည် မတွေ့တာထား။ ဘရိုကိတ်လို ဘန်ကောက်လို ထမီတွေတောင် ရှာမတွေ့ခဲ့ဟု တဆင့်စကား ကြားခဲ့ရပါသည်။ အံ့တော့လည်း အံ့စရာ။ ဒီပစ္စည်းတွေ ကြီးတော်ကျေး ဘယ်မှာများ ဝှက်ထားလိုက်ပါလိမ့် ဆိုတာကလည်း နားမလည်နိုင်အောင် ဖြစ်ကြရသည်။
တချို့ကလည်း တနေရာရာမှာ တူးမြုပ်ထားတာနေမှာဟု ထင်ကြေးနှင့် ပြောကြတာလည်းရှိသည်။ ရွှေထည်ငွေထည် တူးမြုပ်တယ်ပဲ ထားပါဦး။ ထမီတွေက ဘာမြှုပ်စရာလိုလို့လဲ။ ဒါကလည်း တွေးစရာ။ အိမ်ပေါ်သို့ ကိုလှဆောင် တက်မွှေပြီးကတည်းက ကြီးတော်ကျေးက ကျွန်းလှေကားကြီး ဖြုတ်ပစ်လိုက်ခြင်းဖြစ်၏။ ပြီးတော့ ခြံထောင့်မှာ တဲကလေးတစ်လုံး ထိုးပြီး ရက်ကန်းစင်ကလေးဆင်ကာ တဲထဲမှာပဲ နေခဲ့ခြင်းဖြစ်သည်။ သည်တဲကလေးထဲမှာ ကြီးတော်ကျေး ရက်ကန်းခတ်ရင်း နေလာခဲ့တာပဲ နှစ်ပေါင်း မနည်းတော့ပြီ။
ကြီးတော်ကျေး၏ ရက်ကန်းထည်တွေက နာမည်တော့ရပါ၏။ မရောင်းရ မရှိ။ အကြွေးပေးတော့လည်း ဆုံးသည်မရှိ။ ရက်ကန်းကြွေးတော့ ရအောင် တောင်းတတ်သည်။ တစ်ရက်နှစ်ရက် ဆိုင်းပါဆိုပြီး ယူသွားရာ အထည်ဖိုးလာမပေးလျှင် အလှူအိမ်ထိ လိုက်ကာ ချွတ်ခိုင်းတော့တာ မဟုတ်လား။
(၉)
ရွာလူကြုံလာလို့ ကြီးတော်ကျေးတစ်ယောက် ရွာမှာဆုံးရှာပြီ အသံကြားတုန်းက ကျွန်မမှာ ဝမ်းနည်းလို့မဆုံး ဖြစ်ရပါ၏။ ကျွန်မမြင်ရသလောက် ကြီးတော်ကျေးခမျာ တစ်ကိုယ်ရေ တစ်ကာယ ရက်ကန်းခတ်စားရသည့် ဘဝနှင့် အရိုးထုတ်သွားရ ရှာတာမဟုတ်လား။ ကြီးတော်ကျေးမှာ ပစ္စည်းတွေရှိတယ် ဆိုတာကလည်း ကျွန်မတို့ မမှီလိုက်လေတော့ အကြားနှင့် ယုံခဲ့ရတာမျိုးပင်။ ရွာပြန်တိုင်း ထမီခါးချပ်ကြီးနှင့် ရက်ကန်းတချောက်ချောက် ရက်နေတတ်သော အသက်ခုနှစ်ဆယ်ကျော် အဘွားအိုကြီးတစ်ယောက်၏ ပုံရိပ်ကို ကျွန်မ လွမ်းမိသနားမိရပါသည်။
အမေကတော့ ရွာလူကြုံ အရီးအေးမကို ကြီးတော်ကျေးအကြောင်း အဝေးက မေးရရှာ၏။ မျက်ရည်ကလေးကလည်း တစမ်းစမ်း။
"နေစမ်းပါဦး အေးမရယ်။ မမကျေးဆုံးတော့ သူ့ပစ္စည်းတွေ ရှာကြဖွေကြသေးလား"
"ရှာကြပါသတော်။ လှဆောင်တို့၊ မိသေးတို့ ရက်ကန်းတဲကြီး ဖျက်ပြီး မြေကြီး တူးကြည့်ကြတာပေါ့။ အတော်ကြီးနက်တဲ့အထိ တူးတာပဲ။ လူတစ်ရပ်တောင် ကျော်မလားပဲ။ ဘာတစိမှ မတွေ့ဘူးတော်ရေ"
ကြီးတော်ကျေး အိပ်ယာထဲ လဲတယ်ကြားတော့ တူ၊ တူမအရင်းတွေ ဒရောသောပါး လာပြုစုကြတယ်။ ဆန်ပြုတ်ကလေး ဇွန်းခွံ့ရင်း သိုဝှက်ထာသည့် ပစ္စည်းတွေကို ချော့ချက်မေးကြ၏။ ကြီးတော်ကျေးကတော့ ဘူးခါမြဲ ခါသည်ဆို၏။ အရီးအေးမ ဆက်ပြောသော ကြီးတော်ကျေး အကြောင်းက စိတ်ဝင်စားစရာ။
"အရီးကျေး ဆုံးမယ့်နေ့က ရွာဦးဆရာတော်ကျောင်းက ဦးပဉ္ဇင်းကလေး တစ်ပါးကို အခေါ်လွှတ်တယ်။ ရွာကတော့ လူတွေကို မပေးခဲ့ချင်လို့ ဆရာတော်ကို လှူခဲ့လိမ့်မယ်လို့ တွက်ကြတာပေါ့။ ဒါကလည်း ကောင်းတဲ့ကိစ္စကိုး။ အရီးကြေးက ဝေဒနာခံစားနေရပေမယ့် သတိတစ်ချက် အလစ်မခံဘူး။ ကျုပ်တို့ဖြင့် ညည လူမမာသွားစောင့် အိပ်ကြရတာ ရက်တွေ မနည်းဘူး။ ဦးပဉ္ဇင်းကလေး ကြွလာတော့ အရီကျေးက ဘုတ်အုပ်နဲ့ခဲတံ အယူခိုင်းတယ်။ သူ့နှုတ်က ရွတ်သမျှ လိုက်မှတ်တော်မူပါ ဘုရားလို့ လျှောက်တော့ ဦးပဉ္ဇင်းက လိုက်မှတ်တယ်။ လေသံတောင် ယဲ့ယဲ့ပဲ ကျန်တော့ရဲ့"
ဦးပဉ္ဇင်းလေးက ကြီးတော်ကျေး ဘဝကူးကောင်းစေရန် စိတ်မှချမ်းသာပါစေတော့ ဆိုသည့် သဘောဖြင့် ကြီးတော်ကျေး အလိုကျ ဆောင်ရွက်ပေးတော်မူရှာပုံ ရပါသည်။ ကြီးတော်ကျေးက မျက်ဖြူကြီးလန်နေရင်းက မှာသည် ဆို၏။
"ဦးဇင်း ရေးပါဘုရား။ တောင်အရပ်က မမှတ်ကြီး စောင်တစ်ထည်ဖိုး ငါးရာ။ သင်တောရွာက မစံကျော် ပင်နီတစ်အုပ်က သုံးရာ။ ညောင်တိုရွာက မကြည်ခင် ထမီနှစ်ကွင်းက နှစ်ရာ။ မြောက်ရွာက အေးပု တဘက်စောင်ဖိုး လေးရာ။ သိမ်ရွာက ..."
ကြီးတော်ကျေးက သူ့ရက်ကန်းထည်ဖိုးနှင့် ငွေတိုးချ ကြွေးရစရာတွေ ရှိတာတွေ တန်းစီအရေးခိုင်း ထည့်သည်။ ထိုထိုသော ရရန်ရှိသမျှငွေ အားလုံးကို ဦးပဉ္ဇင်းလေးက တာဝန်ခံတောင်းယူပြီး ရွာကျောင်းဆရာတော်ကို လှူဒါန်းပေးပါရန် မှာ၏။ ဦးပဉ္ဇင်းကလေးက ရေစက်ခွက်ကလေး တည်ကာ ရေစက်ချလှူဒါန်းစေပြီး တရားဟောတော့ ကြီးတော်ကျေးက ရေစက်ချလိုက်သေးသည် ဆိုပါ၏။
"မနက်ပိုင်း ရက်ကန်းကြွေး၊ ငွေတိုးကြွေးကလေးတွေ ရေစက်ချလှူပြီး ညနေဆုံးတာပဲ။ ကြွေးတိုကြွေးစအကုန် သူ့မို မှတ်မိသတော်။ အံ့ချက်တော့်။ အိမ်ကြီးရော၊ ဝိုင်းကြီးရော ရောင်းပြီး ရွာကျိုးရပ်ကျိုးမှာ သုံးဖို့လည်း မှာခဲ့သတဲ့။ အတွင်းပစ္စည်း ဆိုတာများတော့ ဘုရားစူးတစ်ချက် ဟမသွားပေါင်တော်"
အရီးအေး စကားတွေကို နားထောင်ရင်းက ကြီးတော်ကျေး၏ ပုံရိပ်တွေကို ကျွန်မမျက်စိထဲ မြင်ယောင်လာမိပါ၏။ ကျွန်မကို အိမ်ထောင်မပြုလေနဲ့ မှာခဲ့သော ကြီးတော်ကျေးခမျာ ဘကြီးအောင်ကို မကျွေးခဲ့ရုံတင်မဟုတ်။ သူ့ဟာသူလည်း တိတိပပ စားမသွားခဲ့ရှာပါ။
(၁၀)
ဆရာသိန်းဖေမြင့်၏ ငါ့လင်နှင့်ငါ့ငွေကို ဖတ်ပြီးတိုင်း အသက်နှင့်လဲ၍ ငွေကြေးဥစ္စာကို ကာကွယ်သွားခဲ့သော အရီးစိမ်းနှင့် ကြီးတော်ကျေးကို ကျွန်မ အမြဲတမ်း နှိုင်းယှဉ်ကြည့်မိသည်။ တစ်မျိုးစီတော့ တစ်မျိုးစီ။ ကြီးတော်ကျေးကတော့ ငါ့လင်နှင့်ငါ့ငွေကို လဲခဲ့သူတော့ မဟုတ်ရှာပါ။ ကြီးတော်ကျေး ပိုင်ဆိုင်သမျှသော ပစ္စည်းဥစ္စာတွေကို သူတစ်ပါးအား မပေးရက်၊ မလှူရက်တာထား။ သူဆုံးပါးပြီးနောက်မှာတောင် ဘယ်သူ့ကိုမှ အသုံးမခံခဲ့သော စိတ်ကိုသာ ကျွန်မ အံ့ဩမိရပါသည်။
နှစ်တွေကြာခဲ့ပြီ ဖြစ်သော်လည်း ကြီးတော်ကျေး၏ ရွှေငွေ လက်ဝတ်လက်စား ဆိုတာတွေကို ကနေ့အချိန်ထိ ဘယ်သူမှ မတွေ့ကြရသေးတာကတော့ ထူးဆန်းလှပါ၏။ အရီးစိမ်းရော ကြီးတော်ကျေးပါ ဘဝ၏ နောက်ဆုံးအချိန်ထိ သူတို့ စိတ်ခံစားမှုအတိုင်း မြဲမြဲမြံမြံ ရပ်တည်သွားခဲ့ကြသော မိန်းမရွတ်ကြီးတွေပါလားလို့လည်း ကျွန်မ တွေးမိရပါသည်။
တကယ်တော့ ဝတ္ထုထဲက ဇာတ်ကောင်တွေ ဆိုတာကလည်း ကျွန်မတို့နှင့် လက်တကမ်းမှာ တကယ် ရှိနေကြသော ပကတိ ဘဝများ၏ နိမိတ်ပုံတွေပဲ မဟုတ်လား။ လောကထဲက ထွက်ခွာသွားရသည့်တိုင် သူတပါး ကောင်းရာကောင်းကျိုး မထားရက်ခဲ့နိုင်သူတွေကလည်း ရှိနေကြတာပဲမဟုတ်ပါလား။
ခင်ခင်ထူး
ပိတောက်ပွင့်သစ် မဂ္ဂဇင်း၊ နိုဝင်ဘာ၊ ၂၀၀၈။
0 Comments