ဝတ္ထုတို အမည် - ကျုပ် မရူးဘူး
စာရေးသူ - သုမောင်
Short Story
-------------------------------------------------
ကျုပ် မရူးဘူး
#သုမောင်
စားသောက်ဆိုင်ဝကို ဘစံလွင် ရောက်လာတာ ရုတ်တရက် ဘယ်သူမှ သတိမထားမိ ကြပါဘူး။ ကိုယ့်ဘာသာကိုယ် သောက်စား မပျက်ဘဲ ရှိနေကြပါတယ်။ ခုလို ရုတ်တရက်ကြီး ပြန်ရောက်လာ လိမ့်မယ်လို့လည်း ထင်မှ ထင်မထားကြဘဲကိုး။ ထင်မထားကြဆို ဘစံလွင်လို အသက် ၇၈ နှစ် အရွယ် လူကြီးတစ်ယောက် အဖို့ တစ်ခါဆို ဆိုသလောက် ကတိကလည်း မြဲမယ် ထင်ကြတာကိုး။
ဘစံလွင်ကလည်း ဘာကြောင့်မှန်း မသိဘူး။ သူ ဒီဆိုင်ကို ရုတ်တရက် ပြန်ရောက် လာတာကို သောက်ဖော် သောက်ဖက်တွေ သိစေ့ချင်နေတယ်။ အံ့ဩ သွားစေချင်တယ်။ ကလေးဆန် သွားမလားလို့လည်း စိုးရိမ် နေမိသေးရဲ့။ ဒါပေမဲ့ ချောင်းတစ်ချက်တော့ ဟန့်လိုက်မိပါတယ်။ အနီးဆုံးစားပွဲက ငနဲ တစ်ကောင်က စပြီး သတိထားမိရာက လှည့်ကြည့်ရင်း တခြားစားပွဲက ငနဲသားတွေပါ တစ်စတစ်စ လှည့်ကြည့်မိကြ ပါလေရော။ အားလုံးဟာ ဘစံလွင်ဆီ ငေးကြည့် လိုက်ကြ ပါတော့တယ်။ တစ်ပြိုင်နက်တည်း ဆိုသလိုပဲ သောက်လက်စတွေ ရပ်ကုန်ကြပါတယ်။ စားလက်စ အမြည်းတွေ တန့်ကုန်ကြပါတယ်။ ပြောလက်စ စကားတွေ ငံ့ကုန်ကြပါတယ်။ ဆိုင်ရှင် ကိုယ်တိုင်တောင် ဖွင့်ထားတဲ့ တီဗွီကို ယောင်ပြီး ပိတ်လိုက်မိပါတယ်။ တစ်ချိန်လုံး ခဏလေးတော့ တိတ်ဆိတ် သွားပါရော။ ဟုတ်ပါတယ်။ ခဏလေးပါပဲ။ အဲဒီ ခဏလေးမှာတော့ အမေရိကန် ကောင်းဘွိုင် ရုပ်ရှင်တွေထဲကလို လူစိမ်း သေနတ်သမား တစ်ယောက် အရက်ဆိုင်ထဲ ဝင်လာသလိုမျိုး ပါပဲ။ ပြီးတော့လည်း စားမြဲသောက်မြဲ စကားဖွာလန်ကြဲမြဲ ပြန်ဖြစ်သွားပါတယ်။ ဒီအတွက်တော့ ဘစံလွင်စိတ်ထဲ တော်တော်လေး မကောင်းဖြစ်ရပါတယ်။
အရင်ကဆို ဒီလို ဘယ်ဟုတ်ပါ့မလဲ။ ဘစံလွင် ဆိုင်ထဲဝင်လာရင် အနည်းဆုံး ပြုံးပြ နှုတ်ဆက်နေကျ မဟုတ်လား။ တစ်ချို့ဆို ဘစံလွင်အတွက် နေရာပေးကြတယ် မဟုတ်လား။ တချို့ဆိုလည်း သူရို့ဝိုင်းဆီ ခေါ်ကြတာ မဟုတ်လား။ ခုတော့ သင်းတို့ ဘာကြောင့် မသိကျိုးကျွံ လုပ်နေ ကြတာလဲ။ ဒါဟာ ဘစံလွင်လို အရက်သမားဟောင်းကြီး တစ်ယောက်အဖို့ အတော့်ကို ဝမ်းနည်း စရာကောင်းတဲ့ ကိစ္စရပ်ကြီး ပါပဲ။ အရက်သမား တစ်ယောက်အဖို့ အဖော်မဲ့တာဟာ သိပ်ဆိုးရွားလှပါ တယ်လေ။
လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ် အစိတ်နှစ် ကဆို ပိုပြီး လွမ်းစရာတွေပေါ့။ အဲဒီတုန်းကဆို ခုဆိုင်ထဲမှာ အရက်သောက်ခါစ ကောင်လေးတွေဟာ ဝှေးတန်းလန်းနဲ့ ဆော့ကစားတုန်း အရွယ် နေဦးမှာ။ တစ်ချို့ဆို မွေးတောင် မွေးဦးမှာ မဟုတ်ဘူး။ အဲဒီတုန်းကများ ဆိုရင် ပြုံးပြ နှုတ်ဆက်ကြရုံ ဘယ်ကမလဲ။ ပြောမယုံ ရှိမယ်၊ ဝိုင်းဆွဲကြတာ။ ဘစံလွင်ကို။ ဟုတ်ပါ့။ သူ့ဝိုင်း လာပါ၊ ငါ့ဝိုင်း လာပါနဲ့။ ဘစံလွင်ကလည်း အရွယ်ရှိတုန်း သောက်ကောင်း စားကောင်းတုန်း အာစလျှာစ ရွှင်တုန်းကိုး။ ပြောလိုက်တဲ့ ပုံတိုပတ်စတွေ ကလည်း တစ်ညတစ်မျိုး မရိုးနိုင်ဘူး။ မဟုတ်တာရော၊ ဟုတ်တာရော၊ ကိုယ်တွေ့ရော၊ ကြားဖူး နားဝရော၊ ဗဟုသုတရော၊ ညစ်တီးညစ်ပတ်ရော စုံလို့။ ဘစံလွင် ထိုင်မိတဲ့ဝိုင်း ဆိုတာ တဝါးဝါး တဟားဟားနဲ့။ အိုကေမှာ စိုပြည်လို့ပေါ့။ အရက်ဖိုး အမြည်းဖိုး ဆိုတာလည်း ဘစံလွင် ဘယ်တော့မှ ရှင်းစရာ မလိုဘူး။ ဒါတောင် အဲဒီတုန်းက ဘစံလွင်ဟာ “တယောကိုစံ” ဆိုပြီး နာမည်ကြီး မြန်မာသံ တယောဆရာ တစ်ဆူပါ။ အိတ်ထဲ ဘယ်တော့မှ ငွေပြတ်တာ မဟုတ်ဘူး။ ရုပ်ရှင်နောက်ခံ တီးလုံးတွေ သွင်းရတာ။ မြန်မာသံတိပ်ခွေစီးရီးတွေ သွင်းရတာ၊ မြန်မာသံ စတိတ်ရှိုး၊ အလှူမင်္ဂလာဆောင်တွေ လိုက်ရတာ ရက်ချိန်းတွေတောင် ထပ်နေခဲ့တာကလား။
အဲဒီ ဝင်ငွေနဲ့တင် မိသားစု စားဝတ်နေရေး အပြင် အိမ်တစ်ဆောင် မီးတစ်ပြောင်နဲ့ နေနိုင်ခဲ့တာပါ။ သားသမီး နှစ်ယောက်ကိုလည်း ဆရာဝန်၊ အင်ဂျင်နီယာ ဆိုတဲ့ အထက်တန်း ပညာတွေ သင်ပေးနိုင်ခဲ့ ပါရောလား။ ဒီကြားထဲက သူ အစဉ်တစိုက် ကြိုက်ခဲ့တဲ့ အရက်ကလည်း အခမဲ့ သောက်နိုင်ခဲ့ ပြန်ရော ဆိုပါစို့။
ခုတော့ အသက်အရွယ် ကရော အချိန်အခါ အခြေအနေ ကရော ပြောင်းလဲ လာခဲ့ရပါပြီ။ ဘစံလွင် ဆိုတဲ့ ခေတ်ဟောင်း အနုပညာသည်ကြီး ဖြစ်ခဲ့ပါပြီ။ လိုသုံးမည်သုံး တယောဆရာအိုကြီး ဖြစ်ခဲ့ပါပြီ။ လိုသုံးမည်သုံး ဆိုတဲ့အတိုင်း ပစ်ပယ်ထားလို့ ကတော့ မရဘူးပေါ့လေ။ ရိုးရာ ယဉ်ကျေးမှု ကိစ္စတွေမှာတော့ ဘစံလို ရှားပါး ပညာရှင်ကြီးတွေကတော့ ပါရစမြဲပါပဲ။ အကန်တော့ခံပေါ့။ နော့ပေသည့် ထည့်ဝင်ငွေကတော့ ကျဲပါးခဲ့ပါပြီ။ ပြောရရင်တော့ အိမ်ထောင်စုမှာ ကိုပဲ သားနဲ့ သမီးကို မယှဉ်နိုင်တော့ပါဘူး။ ဒါပေမဲ့ သားနဲ့သမီး ကလည်း မယှဉ်ကြပါဘူး။ ဖခင်ကို အိမ်ရှေ့နတ် အရာ ထားကြပါတယ်။ အိမ်မှာပဲ အေးအေးလူလူ နေကြစေ့ချင် ပါတယ်။ အလုပ်တောင် မလုပ်စေချင်ကြ ပါဘူး။ ဝါသနာ အရမို့ မပြောသာကြလို့ပါ။ ခက်တာက အနုပညာမာန ဆိုရမလား ပါပဲ။ အဲသလို သူ့ကို နားနားနေနေ နေကြစေ့ချင်တာကိုပဲ ဘစံလွင်က မခံချင် ဖြစ်နေတာပါ။ သူ လုပ်နိုင် သေးတယ်ပေါ့။ ငွေရှာနိုင် သေးတယ်ပေါ့။ သူ အိမ်ထောင့် တာဝန်ကို တစ်ဖက်တစ်လမ်းက ရှာနိုင်သေးတယ်တဲ့။ အိမ်ထောင်ဦးစီး နေရာက မဖယ်ချင်သေးဘူးပေါ့။ အခြေအနေနဲ့ အချိန်အခါကို သိပေမဲ့ မရောက်ချင်ဘူးလေ။ အဲဒီ ပဋိပက္ခကြောင့်ပဲ အရက်ကို ဖြတ်မယ် ဖြတ်မယ်နဲ့ကနေ မဖြတ်ဖြစ်ဘဲ အချိန်တန်ရင် ဆိုင်ဘက် ထွက်ထွက်လာမိ နေခဲ့တာ နှစ်ပေါင်း မနည်းဘူး ဖြစ်နေတော့ တာပါ။ တကယ်တော့ အရက်ကို အဖော်လုပ်ရင်းကပဲ စွဲလမ်းနှစ်သက် နေပါပြီ။
နောက်ပိုင်းတော့ ဘစံလွင်ဟာ ညနေပိုင်း အရက်ဆိုင် ပုံမှန် ထိုင်ဖြစ်ရုံ မဟုတ်တော့ပါဘူး။ နေ့လည်ပိုင်းပါ မသောက်ရ မနေနိုင် ဖြစ်လာပါတယ်။ အဲဒီ နောက်ပိုင်းတော့ ထုံးစံအတိုင်း အရက်သမားကြီး လုံးလုံးဖြစ်ပြီး မနက်အိပ်ရာထမှာ အရက်နဲ့ မျက်နှာသစ်ဖို့ ဆိုင်သွားပြီး တံခါး ခေါက်တော့တာ ပါပဲ။ ဒါပေမဲ့ သူ သတိတော့ ထားပါတယ်။ မနက်ပိုင်းနဲ့ နေ့လည်ပိုင်းမှာ အထူး မသောက်ပါဘူး။ ကတုန်ကယင် မဖြစ်ရုံပဲ အာစွတ်တာပါ။ ဘာပဲဖြစ်ဖြစ် အရပ်ကရော အိမ်ကပါ ဒီကိစ္စ သိပ်ပြီး မကြည်လင်တော့ ပါဘူး။ ဒါပေမဲ့ သိပ်လည်း စကားမပြောရဲကြဘူးလေ။
ဒီလိုနဲ့ ပြီးခဲ့တဲ့ လပိုင်းလောက်မှာ ဘစံလွင်ရဲ့ ခန္ဓာကိုယ် ကျန်းမာရေး ဆိုးရွား လာပါတယ်။ နည်းနည်းလေး သောက်ရုံနဲ့ မဟန်နိုင်တော့ပါဘူး။ အလဲအကွဲတွေ ဖြစ်လာပါတယ်။ အိမ်မှာက သိပ် ပြဿနာ မရှိဘူး။ ညနေပိုင်း ညပိုင်း အရက်ဆိုင်မှာ လဲနေရင် သောက်ဖောက်စားဖက် လူငယ်တွေက တွဲပေရော့၊ ထမ်းပေရော့ပဲ။ အဲဒါ မကြာခဏ ညစဉ်ရက်ဆက် ဆိုသလို ဖြစ်လာတော့ တာပါ။ ဒါပေမဲ့ သိတယ် မဟုတ်လား။ လူငယ်တွေ အရက်သမားတွေ ဆိုတာကလား။ ဒီကိစ္စကို သူတို့ တာဝန်ဝတ္တရား တစ်ခုလို သဘောထားပြီး ကျေပွန်စွာ ညစဉ် လုပ်ဆောင်ပေး နေကြတာပါ။ ခက်တာက ရိုးရိုးမူးလဲရုံ ဆိုရင် တော်သေးတာပေါ့။ ပြီးခဲ့တဲ့ ဆယ့်လေးငါးရက် မှာတော့ ဘစံလွင်ဟာ တွဲချီထမ်းပိုးလာတဲ့ သူငယ်တွေရဲ့ ကိုယ်ပေါ်မှာ ချေးတွေစွန့်တဲ့ ကိစ္စပါ။ သူ့ဘာသာလည်း မသိရှာဘူး။ သူငယ်တွေကတော့ တတ်နိုင်သမျှ သည်းညည်းခံကြပေမဲ့ အနံ့အသက်ဆိုးတွေက အိမ်မှာ သက်သေပြလေတော့ သားနဲ့သမီးက ရှက်ကြတယ်။ အဓိက ကတော့ သူ့မယား ဒေါ်စော ဒေါသူပုန် ထတော့တာပါပဲ။ ပြောရရင် တစ်အိမ်လုံးမှာ ဘစံလွင်ဘက်က အမြဲလိုက်ခဲ့တာ သူ့မယား ဒေါ်စောပါ။ ငယ်လင် ငယ်မယား သိပ်ချစ်ကြတာ ကလား။ ဘယ်လောက်ထိလဲ ဆိုရင် သမီးရည်းစား ဘဝ ကတည်းက ကိုစံလွင် အရက်သောက်တာကို ခွင့်လွှတ်တာ။ ကိုစံလွင်ကလည်း မစောနဲ့ ချိန်းတွေ့ရာမှာ အရက်ကို တမင်တကာ သောက်သွားတာ။ စကတည်းက ယဉ်သကို ဆိုသလိုမျိုးပေါ့။ အဲဒါ သားနဲ့သမီး ဗိုက်ကြီး တကားကားနဲ့ အရက်ဆိုင်ကို ထိုင်ပေးတဲ့ အထိပဲ။ အိမ်မှာ သောက်တော့လည်း အမြည်း လုပ်ပေးလား လုပ်ပေးရဲ့။ ကိုစံလွင်ကလည်း ဘယ်လောက် မူးနေနေ အော်တာတောင် “မစော၊ မစော” အသံမြည်တာ။ ရှေးရှေး မြန်မာရုပ်ရှင် ဇာတ်ကားထဲက ဇာတ်လိုက် တစ်ယောက် လေသံ ဖမ်းပြီးတော့လည်း “မစောပြောတာ မှန်တယ်” ဆိုတဲ့ စကားကို ထပ်တလဲလဲ ပြောနေတတ်တာ။ မစောကလည်း ဟုတ်တာ မဟုတ်တာ၊ တရားတာ မတရားတာ အပထားလို့ သူ့ယောက်ျားနဲ့ အရက်နဲ့ ပတ်သက်လို့ ပြဿနာ တစ်ခုခုဖြစ်လာရင် “ဟဲ့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် သောက်တာ ဘယ်သူ့ ဂရုစိုက်လဲ” ဆိုပြီး အရက်သမား ပြောရမယ့်စကားကို ပြောရကောင်းမှန်း မသိ ပြောတတ်တဲ့ မယားမျိုးပါ။ ကုန်ကုန် ပြောရရင် ဘစံလွင် ဝင်ငွေတွေ ကျဆင်းလာတဲ့အခါ ရစုမဲ့စု ဝင်ငွေလေး တစ်ပဲခြောက်ပြားကို အမြတ်တနိုးနဲ့ သူ့ဘော်လီ အင်္ကျီကြား ထိုးသိပ်ပြီး သိပ်တတ်တဲ့ မိန်းမကြီးပါ။ အဲဒီ အချိန်မှာ သား အင်ဂျင်နီယာနဲ့ သမီး ဆရာဝန်မရဲ့ အထပ်လိုက် ပုံပေးနေတဲ့ ပိုက်ဆံတွေဟာ မျက်နှာငယ်ရမြဲပါ။ အဲသလောက် လင်ကိုချစ်တဲ့ မြတ်နိုး ကိုးကွယ်တဲ့ မယားမျိုးပါ။ ခုတော့လည်း အဲသလို ချစ်ခဲ့တဲ့ မယားကြောင့်ပဲ ဆိုင်ထဲက သောက်ဖော် စားဖက်တွေရဲ့ အလေးပြုမှုကို မရတော့တဲ့ အခြေအနေကို ရောက်ခဲ့ရပါပြီကော။
ဒီလို ဖြစ်ရတာပါ။ လွန်ခဲ့တဲ့ ဆယ့်လေးငါးခြောက်ရက်က ဘစံလွင် ဒီဆိုင်ကို နောက်ဆုံး ရောက်ခဲ့ပါတယ်။ အဲဒီ ညကတော့ ထုံးစံအတိုင်း သောက်ဖက်တွေက သောက်ရေး လုပ်ခဲ့ကြပါ သေးတယ်။ ဒါတောင် ဒီမတိုင်ခင် ညက အမူးလွန်ပြီး ကုန်းပိုး လိုက်ပို့တဲ့ လူငယ်လေးရဲ့ ကျောကုန်းပေါ် ရှူးရှူးတွေ ပေါက်ချမိသေးတာ။ အဲဒါ ဆိုင်ရောက်လို့ သောက်မယ်ကြံတုန်း သားတော်မောင်က မော်တော်ကားနဲ့ ရောက်ချလာပါရော။ သူ့အမေ မစော ခေါ်ခိုင်းလို့တဲ့။ ဘာများ အရေးကြီး သလဲပေါ့။ လမ်းကျတော့ မကြုံစဖူး သားက ဆူပူကြိမ်းမောင်း ပါလေရော။ သူ ရှက်လှချည်ရဲ့ပေါ့။ ခက်တာက သားနဲ့သမီးကို မသိစိတ်ကသာ ပြိုင်ဆိုင် နေပေမယ့် တကယ်တမ်း နဖူးတွေ့ ဒူးတွေ့ မှာတော့ ခပ်လန့်လန့် ဖြစ်နေတာပါပဲ။ စိတ်ထဲတော့ မကောင်းလှပါဘူး။ ဝမ်းနည်းသလိုကြီး ပါပဲ။ အိမ်ရောက်တော့ အိမ်ရှေ့စားပွဲပေါ်မှာ အရက်ပုလင်း တစ်လုံး ထောင်လျက်နဲ့ ဒေါ်စော ခါးထောက်လျက်သား တွေ့ရပါတယ်။ သူ ခါးထောက်နေပုံက အရင် သူ့ချွေးနှဲစာ တယောထိုးခဲ့တာတွေ မြတ်မြတ်နိုးနိုး ဘော်လီအင်္ကျီထဲ ထိုးသိပ်ရပုံနဲ့ မတူတော့ဘူး။ သူ့သားနဲ့ သမီးဆီကရတဲ့ ပိုက်ဆံ အထပ်လိုက်ကို ဗီရိုထဲ သော့ခတ် သိမ်းနေတဲ့ အမူအယာမျိုး ဖြစ်နေပါတယ်။
“ကိုင်း ဒီလောက် ကြိုက်ရင်လည်း အိမ်မှာပဲ သောက်၊ သူများတွေကို သွားဒုက္ခ မပေးနဲ့၊ ကျုပ်တို့ သားအမိတွေလည်း ရှက်လို့ မျက်နှာပူလှပြီ”
အထက်စီး လေသံနဲ့ အပြောခံရတာ မှန်ပေမဲ့ အရက်ဆာနေသူတွေရဲ့ ထုံးစံအတိုင်း မရှက်နိုင်တော့ဘဲ ပုလင်းအဖုံးကို ဖွင့်မိပါတော့တယ်။ ဖန်ခွက်ထဲတောင် မထည့်တော့ဘူး။ ပုလင်းလိုက်ပဲ ကိုယ့်ပါးစပ်နဲ့ လျှာကို သုံးပြီး ခွက်ချင်ချင်ပြီး မော့ချလိုက်တဲ့ ဘစံလွင်ဟာ နှစ်ကျိုက် သုံးကျိုက် လောက်လည်း ဝင်သွားရော မူးတော့တာပါပဲ။ မူးသွားရင် အချိန်အဆ မရှိတော့ သဘာဝအလျောက် ခဏလည်း နေရော ဇက်ကျိုး၊ မိုးမမြင် လေမမြင်။
အဲဒီလိုနဲ့ တစ်ရေးနိုးလို့ လူလိုသူလို မြင်လိုက်တော့ ဘစံလွင် သိလိုက်ရတာက သူ ဆေးရုံ တစ်ခုပေါ် ရောက်နေတာပါပဲ။ လက်ဖျံမှာ အချိုရည်ပုလင်းက လာတဲ့ အပ်တန်းလန်း။ အနားမှာ မျက်နှာ ဖောသွပ်သွပ်နဲ့ စောင့်ကြည့်ပေးနေတဲ့ ဝါရင့်လူနာ တစ်ယောက်။
“ကျုပ် ဘယ်ရောက်နေတာလဲ”
“ရွာသာကြီး”
“ဗျာ”
“မပူပါနဲ့ ဆရာကြီးရယ်၊ ဘဝတူတွေ အများကြီးပါ”
ခဏနေတော့ အရက်ဖြတ်သမားတွေ လေးငါးယောက်ဟာ ကိုယ်ချင်းစာတဲ့ မျက်နှာတွေနဲ့ ဘစံလွင်ကို ပြုစုကူညီဖို့ ဝိုင်းလာကြ ပါတော့တယ်။ ဘစံလွင်ကတော့ “တက်” တစ်ချက် ခေါက်ရင်း ဒေါသတွေ ဖြစ်သွားပါတယ်။ “ငါ့ကို လိမ်တာပဲ” လို့လည်း ထပ်ကာတလဲလဲ ပြောနေပါတယ်။
”၁၄ ရက်တည်းပါဗျာ” တဲ့။ လူနာတစ်ယောက်ရဲ့ စကားသံကြားရလို့ အဲဒီလူကို ကြည့်လိုက်တော့ သေချာပါတယ်။ အဲဒီလူဟာ အရက်ဖြတ်သမား မဟုတ်ဘူး။ ခေါင်းတုံးဆံတောက်နဲ့ မျက်လုံး ကြောင်တောင်နဲ့ စိတ်ရောဂါ ဝေဒနာရှင် တစ်ယောက်ဆိုတာ ဘစံလွင် ကောင်းကောင်းသိလိုက် ပါရဲ့လေ။ “မယ်စော ရက်စက်လိုက်တာ၊ ငါ့ကို ရွာသာကြီး ပို့တယ်။ ငါ့ကို စိတ်ဝေဒနာသည်တွေနဲ့ ရောထားတယ်။ ငါ့ကို စိတ်ရောဂါသည်လို့ သင်း သတ်မှတ်တယ်” စသဖြင့်ပေါ့။
ခက်တာက အနုပညာသည်ရဲ့ စိတ်ပါပဲ။ အနုပညာသည် ဆိုတာက စိတ်နုတယ်။ ဆိုလိုတာက နူးညံ့တယ် ပြောတာ မဟုတ်ဘူး။ စိတ်ထိခိုက် လွယ်တယ် ပြောတာ။ စက္ကန့်ပိုင်း မိနစ်ပိုင်းမှာပဲ အပြောင်းအလွဲ မြန်တာ။ ဒီတော့ ဘစံလွင်ခမျာ စိတ်ကျန်းမာရေး ဆေးရုံကြီးနဲ့ အလှမ်းမမီရှာဘူး။ အရက်ဖြတ်စမှာ ခံစားရစမြဲဖြစ်တဲ့ ကတုန်ကယင် ဖြစ်တာတို့၊ စိတ်ကျတာတို့၊ အိပ်မရ စားမဝင်တာတို့ ကတော့ ထုံးစံမို့ ထားပါတော့။ ခက်တာက သော့ခလောက်ကြီး အမြဲပိတ်ထား ခံရတာကို အလိုလို မကျေနပ်တာပါပဲ။ တံမြက်စည်းလှည်း၊ အမှိုက်သိမ်းတဲ့ ကုလားမကြီးက သော့တံကို ခါးကြားမှာ ဝင့်ဝင့်ကြွားကြွား ထိုးထားတာ မြင်ရရင် စိတ်ထဲ မခံချင်ဘူး။ အနုပညာသည် ဆိုတာ သိပ် လွတ်လပ်ချင်တာ ကလား။ လူ မလွတ်လပ်ရင် စိတ်က လွတ်လပ် နေချင်တာ။ သူရို့ကတော့ ပြောကြတယ်။ အချိန်မှန်စား၊ အချိန်မှန်အိပ်၊ အချိန်မှန် ဆရာဝန်နဲ့စစ်၊ အချိန်မှန် သူနာပြုလေးတွေက ဆေးထိုးဆေးတိုက်၊ ဘယ်လောက် အနားရသလဲ တဲ့။ ခွီးတဲ့မှပဲ၊ ငါက အနုပညာသမားကွ။ အဲဒါတွေဟာ အနားယူတယ် မခေါ်ဘူး။ အနားယူတယ် ဆိုတာ အနုပညာကို ဖန်တီးတာတွေ၊ တွေးတောနေတာ၊ ဒါကို သင်းတို့ မသိကြဘူး။ ဘစံလွင် စိတ်ဆိုး စိတ်တိုလို့ချည်း နေတော့တယ်။
အဲသလိုနဲ့ သူများတကာ သာမန် အရက်သမားတွေ သုံးရက်လောက်နဲ့ ပုံမှန် ဖြစ်သွားပေမယ့် ဘစံလွင်ခမျာမှာတော့ တစ်ပတ်နဲ့လည်း မအိပ်နိုင် မစားနိုင်ရှာပါဘူး။ တွေးလိုက်၊ ငေးလိုက်၊ ဆွေးလိုက်ပါပဲ။ ခက်တာက အဲသလို ဖြစ်နေတာကိုလည်း ဟန်ဆောင်ဖုံးကွယ် နေရတယ်။ ဒီကိစ္စ လူနာထိန်းတွေ၊ သူနာပြုတွေ၊ တကယ့် ဆရာဝန်တွေ သိသွားရင် ပုံမှန်မဟုတ်ဘူး ဆိုပြီး ဆေးရုံ ဆင်းခွင့် မပေးဘူး ကြားထားတာကိုး။
ဒီအတောအတွင်း ဒေါ်စောကတော့ ရက်ခြား လာတွေ့တတ် ပါရဲ့။ ခက်တာက ဘစံလွင်ရဲ့ ပင်ကိုသဘာဝကို ဒေါ်စော နားမလည်တာ ပါပဲ။ စိတ်တွေ ကယောင်ချောက်ချား ဖြစ်တဲ့အကြောင်း၊ အားငယ်တဲ့ အကြောင်းတွေ ညှိုးညှိုးငယ်ငယ် ဖွင့်ပြောတော့ ဘာပြန်ပြောတယ် မှတ်သလဲ။
“တရားမှတ် နေပေါ့တော်” တဲ့။ သူ့စိတ်ထဲ လွယ်လွယ်လေး ထင်နေတာ။ နောက်ရက် ရောက်လာတော့ စိပ်ပုတီးတစ်ကုံး ယူလာတယ်။
“ရော့၊ ကြောက်တဲ့အခါ စိပ်ပုတီး စိပ်” တဲ့။ သင်း ဘာသိလို့လဲ။ ညနေငါးနာရီလောက် ညနေ ဆေးတိုက်ရင် အရက်ဖြတ် လူနာတွေ အားလုံး ၆ နာရီ၊ ၇ နာရီမှာ တန်းစီပြီး အိပ်ကုန်ကြပေမယ့် စိတ်ရောဂါ ဝေဒနာရှင်တွေက မအိပ်ကြဘဲ ညကြီးသန်းခေါင်ထိ မအိပ်နိုင်ဘဲ လမ်းလျှောက်ရတဲ့ ဘစံလွင်ကို မိတ်ဆက်ကြ၊ သီချင်းတွေ ဆိုကြနဲ့။ ဘယ်လောက် ဒုက္ခရောက်ရတယ် ဆိုတာ မယ်စော ဘယ်လိုလုပ် သိမှာတဲ့လဲ။ သူက ဘစံလွင် စိတ်သောက ရောက်နေတာကို သာမန်လို့ ထင်နေတာ၊ ဘစံလွင် သာမန်စိတ် ဝင်နေချိန်မှာကျတော့ စိတ်ဝေဒနာသည် ထင်နေတာ။ မထူးပါဘူး။ သူနာပြုတွေလည်း အတူတူပါပဲ။ ဘစံလွင်ကို အဲသလို အထင်လွဲ နေကြတာပါပဲ။
ဒီလိုနဲ့ ၁၄ ရက်ဆိုတဲ့ ငရဲခန်းဟာ ဖုတ်လှိုက် ဖုတ်လှိုက်နဲ့ ပြည့်ခဲ့ပါလေရော။ ဘစံလွင်လည်း ဝမ်းသာအားရနဲ့ အိမ်ပြန်ခဲ့ရ ပါလေရော။ ဒါပေမဲ့ ဇာတ်လမ်းက မပြီးပါဘူး။ မယ်စောနဲ့ မိသားစု အနုပညာ အသိုက်အဝန်းနဲ့ အရပ်ကတော့ ဘစံလွင် အရက်ပြတ်ပြီ ထင်ကြလေရဲ့။ ၁၄ ရက် ရွာသာကြီး ရောက်ရင် အရက်ပြတ်တယ် ဆိုတဲ့ထုံးကို ဘယ်သူက နှလုံးမူခဲ့တယ်တော့ မသိဘူးပေါ့လေ။ ဘစံလွင်လို အနုပညာသမား တစ်ယောက် အဖို့တော့ ဖိရင် ကြွတတ်တဲ့ သဘာဝက အခံရှိနေတာ လူမသိနိုင်ပါဘူး။ ကလဲ့စား ချေချင်တဲ့စိတ် ရှိနေမှာကို ဘယ်သူ သိမှာလဲ။ ဟုတ်ပါ့။ ဘစံလွင် စိတ်နာ နေပါပြီ။ အဓိက ကတော့ သူ့မယား ဒေါ်စောကို ပါပဲ။ သင်းကို လောကမှာ အချစ်ဆုံး၊ အားအကိုးဆုံး မဟုတ်လား။ ခုတော့ သင်း သစ္စာဖောက်တာ၊ လှည့်စားတာ ခံခဲ့ရပြီကိုး။ နော့ပေသည့် တစ်ဖက်က ကြည့်ပြန်တော့လည်း ဘာပဲဖြစ်ဖြစ် ဒီ ၁၄ ရက်က သူ့သဘာဝကို ပြောင်းလဲကောင်း ပြောင်းလဲနိုင် လိမ့်မယ်လို့လည်း ထင်ခဲ့ပါရဲ့။ သောက်သက် ကလည်း ကြာခဲ့ပြီလေ။ တော်လောက်ပြီပေါ့။ အဲသလို ဝိဝါဒကလည်း ကွဲပြားချင် နေပါသေးတယ်။ ဒီလိုနဲ့ အိမ်ဘက်ဝင်မယ့် လမ်းချိုးရောက်တော့ ကွမ်းယာဆိုင် တွေ့တာနဲ့ ဘစံလွင်က ကားရပ်ခိုင်းပါတယ်။ “ကွမ်း တစ်ရာဖိုးဟေ့ ဗမာဆေး များများနဲ့” လို့ မှာပါတယ်။ ဟုတ်ပါရဲ့။ ပျင်းပျင်းရှိ ကွမ်းစားတာ ဆေးရုံမှာ အကျင့်ပါ ခဲ့ပြီကိုး။ အဲဒီမှာ မထင်မှတ်တဲ့ ထောင့်ကွေးကနေ ဒေါ်စောရဲ့ ခနဲ့သံ ပေါ်လာပါလေရော။
“ဘာတုန်း၊ အရက်ကို စွဲလမ်းတုန်းပဲလား”
“ဟ ဘာဆိုင်လို့လဲ”
“ဗမာဆေး များများနဲ့ ဆိုတာ မူးချင်လို့ပေါ့။ မူးချင်တာဟာ အရက်ကို မမေ့လို့ပေါ့”
သယ် ဒီမိန်းမ၊ အရင်က ဒီလို ငေါ့တော့တော့ ခနဲ့တဲ့တဲ့ မပြောဖူးပါဘူးပေါ့။ စိတ်ထဲ ထောင်းခနဲ ဖြစ်သွားရတယ်။ ဒါကြောင့် ဘစံလွင် ခပ်မာမာ လေသံနဲ့ “မင်း တယ်ခက်ပါလား” လို့ အော်မိတယ်။ ဒီအခါ ဒေါ်စောက -
“အောင်မယ် ပြန်ပြောစမ်းပါဦး။ ဆေးရုံမှာတုန်းက ဆင်းချင်လှချည်ရဲ့ဆိုပြီး ငိုသံပါလေးနဲ့ တောင်းပန်တာ ဒီလို လေသံမျိုးနဲ့လား” ဆိုပြီး ခံပက်ပြန်ပါရော။ ခက်ပါပြီ။ ဒီမိန်းမ ဘယ့်နှယ် ဖြစ်ကုန်ပြီလဲပေါ့။ ငုံ့နေတဲ့ ဘစံလွင်ရဲ့ အဖိနှိပ်ခံ စိတ္တဇဟာ ပြန်ကြွလာရ ပြန်ပါပြီ။ ဘာမဟုတ်တဲ့ အသေးအဖွဲလေးဟာ စနက်တံတစ်ခု ဖြစ်မှန်းမသိ ဖြစ်သွားရပါပြီ။
အိမ်ရောက်တော့လည်း သမီး ဆရာဝန်မက စိတ်ရောဂါ အကြောင်း ဘာမသိ ညာမသိနဲ့ ဆရာကြီး လုပ်ပြီး လေရှည် နေသေးတယ်။ မဆီမဆိုင် နားကြပ် တရမ်းရမ်းနဲ့ သွေးပေါင် ချိန်လိုချိန်။ ပြီးတော့ အရပ်ထဲက လူတွေက သတင်းမေး ဆိုပြီး ရောက်လာ လိုက်ကြတာ တဖွဲဖွဲ။ နိုင်ငံခြားပြန် ကျနေတာပဲ။ ဟော … တယ်လီဖုန်းကလည်း လာလိုက်သေး။ အနုပညာ ရောင်းရင်းတွေဆီက တချို့ကလည်း သတင်းမေး၊ တချို့ဆို စစ်စစ်ပေါက်ပေါက်။ “ဘယ့်နှယ်လဲ သော့ကိုင် အပေါက်စောင့် ကုလားမကြီးနဲ့ ရည်းစား ဖြစ်ခဲ့တယ်ဆို” တဲ့။ ဒါလောက်ထိ သိနေကြတာ ဘယ်သူ့လက်ချက် ဖြစ်ရမှာလဲ။ အတွင်းသိ၊ အစင်းသိ မယ်စော လက်ချက်ပဲ နေမှာပေါ့။ ပါးစပ် အရသာ လျှာရိုးမရှိ။ သူ့လင် အရက်ဖြတ်တာ ဝမ်းသာ အူမြူးပြီး လျှောက်ပြောတာ နေမှာပေါ့။ ဘစံလွင် အရမ်းစိတ်ဆိုး နေပါပြီ။ စိတ်ညစ်ညစ်နဲ့ တီဗွီ သွားဖွင့်ပါတယ်။ မီးလာချိန်နဲ့ တိုးလို့ ရုပ်ရှင်နံပါတ်ငါး ဖွင့်တော့ တိုက်တိုက်ဆိုင်ဆိုင် စိတ္တဇကား ပြနေပါရောလား။ ဇာတ်လမ်းက မိသားစု တစ်ခုလုံး လေယာဉ် ပျက်ကျတာကို တွေ့လိုက်ရတဲ့ သူတစ်ယောက် အထီးကျန်ပြီး စိတ်ရောဂါ ခံစားနေရတယ်။ ဒါကို မကြည့်ရက်တဲ့ သူငယ်ချင်းက ကူညီတဲ့ အနေနဲ့ ပြင်ပမှာ စိတ်ရောဂါကု ဆရာဝန်နဲ့ ကုပေးတယ်။ ပျောက်လု ပျောက်ခင်မှာ လူနာက အရက်သောက်မိလို့ သေနတ် ကိုင်မိရာက ပုလိပ်ဖမ်း ခံရတယ်။ ဒီတော့ သူ့ကို စိတ်ဝေဒနာရှင် အဖြစ် ဖမ်းပြီး စိတ်ရောဂါကု ဆေးရုံကိုပို့၊ တရားစွဲတဲ့အခါ တရားလိုက ရဲရယ်။ စိတ်ရောဂါကု ဆေးရုံက ဆရာဝန်ရယ်၊ အစိုးရရှေ့နေရယ်၊ သူ့ယောက္ခတွေရယ်၊ တရားခံ ဘက်က သူ့သူငယ်ချင်းရယ်၊ သူ့ကို ကုနေတဲ့ ပြင်ပ စိတ်ရောဂါကု ဆရာဝန်ရယ်။ သူရို့က စိတ်ရောဂါကု ဆေးရုံ မပို့ဘဲ လူတောသူတောထဲမှာပဲ နေစေပြီး လူကောင်းလို ဆက်ဆံဖို့ လျှောက်လဲတာပါ။ တရားသူကြီးက အဆုံးမဖြတ် မပေးဘဲ တရားလိုတွေကို ပြန်ပြီး ဆုံးဖြတ်စေ ပါတယ်။ သဘောကတော့ “ခင်ဗျားတို့သာ ကာယကံရှင်တွေ ဖြစ်မယ်ဆိုရင်၊ တကယ်လို့သာ တရားခံဟာ ခင်ဗျားတို့ရဲ့ သားအရင်း ဖြစ်မယ်ဆိုရင် စိတ်ရောဂါကု ဆေးရုံကို ပို့မှာလား” လို့ မေးပါတယ်။ နောက်ဆုံး တရားလိုတွေက အမှုကို ရုပ်သိမ်းဖို့ ဆုံးဖြတ်ပေမယ့် တရားခံဟာ စိတ်ရောဂါကု ဆေးရုံကို သွားရမှာ ကြောက်လို့ ထွက်ပြေး သွားပါတော့တယ်။
အဲဒီ ဇာတ်ကားကို ကြည့်ပြီးတော့ ဘစံလွင်ဟာ ဘယ်လို ဖြစ်သွားတယ် မသိပါဘူး။ အိမ်သားတွေ အလစ်မှာ ခုလို အရက်ဆိုင်ဆီ သုတ်ခြေတင် ထွက်လာခဲ့တော့တ ာပါပဲ။
* * *
ဘစံလွင် မှာထားတဲ့ အရက် နှစ်ပက်ကို ခပ်မြန်မြန်ပဲ မော့လိုက်ပါတယ်။ ရေမရောပါဘူး။ ဆယ့်လေးငါးရက် အတွင်း ပထမဆုံး ဝင်သွားတာမို့ ပူခနဲ ဖြစ်သွားရုံက မထူးပါဘူး။ နောက်ကြောင်း မလုံတာကြောင့်လည်း ထူနေပုံ ရပါတယ်။ ဒါကြောင့် နောက်နှစ်ပက် ထပ်မှာပါတယ်။ ထပ်မော့ပါတယ်။ ပူခနဲပါပဲ။ ဘာမှ မဖြစ်သေးပါဘူး။ ဆေးရုံ မတက်ခင်ကဆို လေးပက်ကို ဇွဲဆွဲ သောက်ရုံနဲ့ မူးပါပြီ။ ဒါနဲ့ နောက်နှစ်ပက် မြန်မြန်မှာ မြန်မြန်မော့ပြီး ချာခနဲ လှည့်ထွက် လိုက်ပါတယ်။ အလို ဘယ်နှယ် ဖြစ်ပါလိမ့်။ ဆိုင်ဝရောက်ပြီ ထင်လိုက်တဲ့ စက္ကန့်ပိုင်းမှာတွင်ပဲ မိုက်ခနဲ ဖြစ်သွားပါ ရော့လား။ ပါးစပ်က “မစော၊ မစောပြောတာ မှန်တယ်” လို့ အော်လိုက်မိ သလိုလိုပါပဲ။ နောက်တော့ ဘာမှ မသိတော့ပါဘူး။
ဘစံလွင်ရဲ့ ခန္ဓာကိုယ်ကို လူငယ် နှစ်ယောက်က ထမ်းပြီး အိမ်ပြန်ပို့ကြ ပါရဲ့။ ဒါပေမဲ့ အိမ်ရှေ့မှာ သားတော်မောင်က ကားအဆင်သင့် ထုတ်ထားတာ။ ကားပေါ်မှာ စောင်၊ ခြင်ထောင်၊ ခေါင်းအုံးနဲ့ အဝတ်အစားတချို့ ထည့်ထားတဲ့ မြွေအရေခွံအိတ်ရယ်၊ အစားအသောက် အချိုရည် စသဖြင့် ထည့်ထားတဲ့ ခြင်းတောင်းတွေ တင်ပြီးသား ဖြစ်နေတာ ဘစံလွင် မသိရှာပါဘူး။ အိမ်မှာ ခါးထောက် ရပ်နေတဲ့ ဒေါ်စောကိုလည်း မမြင်ရှာပါဘူး။ ကားသော့လေး တရမ်းရမ်း လုပ်နေတဲ့ သားတော်မောင်ကိုလည်း မမြင်ရှာပါဘူး။ နားကြပ်လေး လည်ပင်း ချိတ်ထားတဲ့ သမီးကိုလည်း မမြင်ရှာပါဘူး။ သေချာတာကတော့ ဘစံလွင် တရေးနိုးရင် သူ့လက်ဖျံမှာ အချိုရည် ပုလင်းကြီးက လာတဲ့ အပ်နဲ့ ပိုက်တန်းလန်းပဲ ဖြစ်ပါလိမ့်မယ်။
0 Comments