ဝတ္ထုတို အမည် - ဆေး
စာရေးသူ - သုမောင်
Short Story
-------------------------------------------------
ဆေး
#သုမောင်
ကျွန်တော့် ဖခင်နှင့် မိခင်တို့သည် ၁၉၆၀ တဝိုက်တွင် လင်ခန်း မယားခန်း ပြတ်စဲခဲ့ကြပါသည်။ ထိုတုန်းက ကျွန်တော်မှ မူလတန်းကျောင်းသား အရွယ်မျှသာ ရှိပါသေးသည်။ ထိုစဉ်က အဖေ့ထံ ကျွန်တော် စာတစ်စောင် ရေးခဲ့ပါသည်။
"ဖေဖေ ကျွန်တော့်ကို ပတ်ကားဖောင်တိန် တလက်လောက် ဝယ်ပေးပါ၊ ကျွန်တော် စာရေးဆရာ လုပ်ပြီး မေမေ့ကို လုပ်ကျွေးချင်လို့ " ဟူသော သဘောမျိုး ဖြစ်ပါသည်။ ကလေးအတွေး ဆိုပေမယ့် လေးနက်နေကြောင်း သိသာပါသည်။
တကယ်တော့မူ စိတ်သဘောထားချင်း မတိုက်ဆိုင်ကြ၍ ကွာကြရှင်းကြ သော်လည်း ဖေဖေ့ဘက်က မေမေနှင့် ကျွန်တော်တို့ အပေါ် ယခင်ကထက်ပင် တာဝန်ကျေခဲ့ပါသည်။ ပိုလို့ ဂရုစိုက်ခဲ့ပါသည်။
ကွာရှင်းပြတ်စဲပြီး နောက်ပိုင်းတွင်လည်း ကွယ်လွန်ချိန်အထိ အဖေနှင့် အမေတို့သည် မောင်နှမလိုမျိုး၊ သူငယ်ချင်းလိုမျိုး နေနိုင်ခဲ့ကြပါသည်။
"အညို ... ကိုယ်မှားပါတယ်" ဟု အဖေက အမေ့လက်ပေါ် မျက်နှာမှောက်လျှက် မျက်ရည်တွေတွေ ကျခဲ့တာကို ကျွန်တော် မှတ်မိနေပါသည်။ အမေ အလုပ်လုပ်သော ကျောင်းမှာ ဖြစ်ခဲ့ခြင်း ဖြစ်သည်။
"အဲဒီတုန်းကတည်းက အမေ့ဆံပင်တွေ ဖြူဖွေးကုန်တာပါပဲ သားရယ်" ဟု အမေ ပြောခဲ့သည်ကိုလည်း ယနေ့တိုင် နားထဲက မထွက်နိုင်ပါ။
သူတို့သည် မချစ်ကြ၍ မဟုတ်ဘဲ မကြိုက်ကြတော့၍ လမ်းခွဲလိုက်ပုံ ရပါသည်။ သူတို့၏အတွင်းစိတ်ကို ခန့်မှန်းရ ခက်ပါသည်။ သို့သော် စောစောက ပြောသလို ၅၂၈ သွယ်သော မေတ္တာဖြင့်တော့ ချစ်ခင်မပျက် နေနိင်ကြလေသည်။ ဤသို့ နေထိုင်လာခဲ့ကြသည်မှာ ရှေ့ဆင့် နောက်ဆင့် ကွယ်လွန်ကြချိန်အထိ ဖြစ်ပါသည်။
ကျွန်တော် ယခု ပြောပြလိုနေသည်မှာ မှတ်မှတ်ရရ ၁၉၈၅ ခုနှစ်က အကြောင်းအရာ ဖြစ်ပါသည်။ ထိုစဉ်က အဖေနှင့် အမေတို့သည် အသက် ၇၀ ကျော်တွေ ဖြစ်နေကြပါပြီ။ အတူတော့ဖြင့် မနေကြပါ။ အဖေက ဝင်ဒါမီယာမှာ … အမေက သင်္ဃန်းကျွန်း မှာပါ။ ထိုကာလတွင် ကျွန်တော်သည် အဖေနှင့်အတူ အပေါ်ထပ် အောက်ထပ် နေခဲ့ကြပါသည်။ တစ်နေ့တွင် အဖေ့ထံမှ စာတစ်စောင်နှင့် ဆေးပုလင်း တစ်ပုလင်း အောက်ထပ်သို့ ရောက်လာပါသည်။ အဖေနှင့် ကျွန်တော်က စာဖြင့် စကားပြောကြသည်။
"ဗလကြီး ...
မင့် အမေအတွက် ပလူဗီမင် အားဆေး ပေးလိုက်တယ်။ ခက်ခက်ခဲခဲ ရှာတွေ့တာ။ ဆေးတောင့် နဲ့ ပုလင်းက အမျိုး မတူဘူး။ ရရာ ပုလင်းနဲ့ ထည့်ပေးလိုက်ရတယ်။ ဒီဆေးက ဟိုလွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ က မင့်အမေ အားနည်းလို့ ငါ ဝယ်ပေးနေကျ ဆေးပဲ၊ ခုလည်း သူ အားနည်းနေပြန်ပြီ ကြားလို့ ရှာဝယ်ခဲ့တာ၊ ငါက ပေးတယ်လို့ ပြောဖြစ်အောင် ပြော။
ဖေဖေ"
ထိုဆေးပုလင်းကို အမေ့ထံ လူကြုံဖြင့် ကျွန်တော် ပို့ပေးခဲ့ပြီးနောက် ချက်ချင်း ဆိုသလိုပင် အမေ့ထံမှ တယ်လီဖုန်း ဝင်လာပါသည်။
"သားလား"
"ဟုတ်ကဲ့ပါ"
"အမေပါ"
"ပြောပါ အမေ"
"မင့်အဖေ ပို့လိုက်တဲ့ဆေး အမေ ရတယ်၊ အဲဒါ ..."
"ဒါများ အမေရယ်၊ အထူးအဆန်း ပြောနေရသေးတယ်"
"ဟဲ့ ... ထူးတာရှိတယ် သားရဲ့"
"ဘာများလဲ အမေ"
"မင့်အဖေကို ပြောလိုက်စမ်းပါ သားရယ်၊ အမေ ဖုန်းဆက်တယ်လို့"
(ကျွန်တော်နှင့် အမေတို့၏ ရယ်သံများ ရောထွေးသွား၏။)
"အမေနဲ့ အဖေ ကင်းကွာ သွားပြီးပေမယ့် ဒီလိုပဲ ဖုန်း ဆက်ဆက်နေတာ ဘာထူးဆန်းလို့လဲ"
"ဆန်းပါသော်ကော သားရယ်၊ အဲဒီ ပလူဗီမင်ဆေးက မင့်ကို မမွေးခင် အကြီးဆုံးကောင် အာယု (ယခု အငယ်ဆုံး ဒါရိုက်တာ အာယု မဟုတ်ပါ။ ကွယ်လွန်သွားသူ ကျွန်တော့် အစ်ကို အကြီးဆုံးမှာလည်း အာယုပင် ဖြစ်၏။ အာယု၊ ဝဏ္ဏ၊ သုခ၊ ဗလ ဟူ၍ ရှိရာ အာယု နှင့် သုခ မှာ ကွယ်လွန်နှင့်ပါပြီ။) အေး ... အဲဒီ အာယု မွေးတုန်းက မင့်အဖေက အမေ့ကို ဝယ်တိုက်ခဲ့တာ ပလူဗီမင်ပဲ၊ ဒီဆေးမျိုးပဲ"
"အင်းလေ ... အမေရဲ့ ၊ အဲဒါက ဘာဖြစ်သလဲ"
"ဟဲ့ ဖြစ်ပါပြီကော သားရယ်၊ ဖြစ် ဖြစ် ဖြစ်ဖြစ် နဲ့တောင် မြည်နေသေးတယ် သားရဲ့"
"အမေ ပြောတာ ကျွန်တော် မရှင်းဘူး အမေ"
(အမေ၏ ရယ်မောသံများ)
"ဒီလိုသားရဲ့၊ အဲဒီဆေးကို လွန်ခဲ့တဲ့ နှစ် ၄၀ ကျော်က အမေ အားနည်းလို့ ဆိုပြီး မင့် အဖေက အမေ့ကို ပုလင်းလိုက် ဝယ်တိုက်ခဲ့ဖူးတယ်"
"ဟုတ်ကဲ့ အဖေလည်း ပြောပါတယ် အမေ"
"အေး ... အခုတော့ အလုံးလိုက်ပဲ ဝယ်လို့ရသလား မသိပါဘူးကွယ်၊ ဘားပလက် ပုလင်းကြီးနဲ့ ထည့်ပေးလိုက်တယ်"
"အဲဒါ ဘာဖြစ်လို့လဲ အမေ၊ ဆေးချင်း အတူတူပဲဟာ"
(အမေ၏ ရယ်သံမှာ ကြည်နူးဖွယ် ဖြစ်နေပါသည်။)
"ဒီလိုကွယ့်၊ အဲဒီတုန်းက မင်းအဖေ ဝယ်ပေးခဲ့တဲ့ ပုလင်းဟောင်းက ခုထိ အမေ သိမ်းထားတာ ရှိနေသေးတယ်၊ ဒီတော့ ခု မင့်အဖေ ပေးလိုက်တဲ့ ဘားပလက် ပုလင်းထဲက ဆေးတွေကို ပုလင်းဟောင်းထဲ ပြန်ပြောင်း ထည့်ပြီးပြီ။ မင့် အဖေကို ပြောလိုက်စမ်းပါ၊ လွန်ခဲ့တဲ့ နှစ် ၄၀ က ပုလင်း၊ အမေသိမ်းထားတာ ခုထိ ရှိသေးတယ် လို့။ အမေ ခုနကပဲ စပြီး သောက်တယ်လို့"
အမေ၏ ရယ်သံများ မကြားရတော့ပါ။ အမေကတော့ ကြည်နူးစွာ ရယ်နေဆဲ ဖြစ်ပါသည်။ ဒါပေမယ့် ကျွန်တော်က မကြားရပါ။ ရယ်မောရမည့်အစား မျက်ရည်များ လည်လာပါတော့သည်။
လွန်ခဲ့တဲ့ နှစ် ၄၀ က ပလူဗီမင်ဆေးနှင့် ယခု ပလူဗီမင်ဆေး အာနိသင် တူသေးရဲ့လားတော့ ကျွန်တော် မသိပါ။ ဆေးတော့ ဆေးပါပဲ။ ဓာတုဗေဒတွေ ကွာချင် ကွာနေပေလိမ့်မည်။ ဆေးပုံသဏ္ဍန် ပြောင်းချင် ပြောင်းသွားပေလိမ့်မည်။ အရောင်လည်း တူချင်မှ တူပေမည်။
သို့သော် ...
ဆေးကတော့ ဆေးပါပဲ။
ဒါပေမယ့် အားဆေး။
ဟုတ်ပါ့ ... ကျွန်တော့်အဖေပေးတဲ့ အားဆေး။
ကျွန်တော့်အမေအတွက် အားဆေး။
အဖေက နှစ် ၄၀ ကျော်က ဆေးကို မှတ်မိလို့ ဝယ်ပေးခြင်း ဖြစ်သည်။ အမေက ဟို နှစ် ၄၀ ကျော်က ဆေးပုလင်းလွတ်ကို သိမ်းထားသူ ဖြစ်သည်။
ဘယ်သူက အချစ်ပိုခဲ့ပါသလဲ ...။
ဘာပဲဖြစ်ဖြစ် အမေသည် အသက် ၈၇ နှစ် ၂၀၀၄ ခုနှစ် နိုဝင်ဘာလ ၁၉ ၇က်နေ့ကျမှ အေးချမ်းစွာ ပြုံးပြုံးကလေး ကွယ်လွန်ခဲ့တာကတော့ သေချာလှပါသည်။ ဆေးကောင်း တစ်လက်ကြောင့်ပင် ...။
(မူရင်းရေးသားသူအား လေးစားစွာ Credit ပေးပါတယ်)
0 Comments