သဲခိုင်ဦး - ရောင်နီသက်လွင် (ဝတ္ထုတို)

 ဝတ္ထုတို အမည် - သဲခိုင်ဦး

စာရေးသူ - ရောင်နီသက်လွင်

Short Story


-------------------------------------------------


''သဲခိုင်ဦး''

(ဝတ္ထုတို)

အစ...

ရာသီဥတုက မိုးတစ်လုံး လေတစ်လုံးလို့ပြောရမလို။ အုံ့မဲလာလိုက်တဲ့တိမ်၊ လန်ပျံနေအောင် တိုက်သွားတဲ့ လေ၊ ရင်တောင်ထိတ်တယ်။ ဒီနေ့က သတင်းကောင်းတာမဟုတ်။ တစ်နာရီ မိုင်ငါးဆယ်ဝန်းကျင်ဆိုလား။ onlineရဲ့ သေချာတဲ့ မုန်တိုင်းအရွေ့နူန်းတွေနောက်ကို အပလီကေးရှင်းတစ်ခုနဲ့ လိုက်ကြည့်ရတာ ဝယ်ထားတဲ့ဒေတာလေးတောင် ပြောင်တယ်။ ဟော... အခုတော့ ပူသလင်းခါနေရော။ စောစောက ဝယ်ထားတဲ့ ခဲနေတဲ့ ရေသန့်ဘူးလေး ပြန်အားကိုးမိပြန်ပေါ့။ ဘယ်လိုရာသီကြီးလဲ သဲခိုင်ဦးရယ်။ ငါကလည်း တစ်ခုခုဆို သဲခိုင်ဦးလိုက်ရမှ သဲခိုင်ဦးရယ်။ ငါ နင့်ကို အဲဒီလောက်ချစ်ပါတယ်။ မာယာများတဲ့ ရာသီဥတုရယ်၊ သာရာနားတဲ့ လူသားတွေကြား ငါကအရောင်ကင်းကင်းနဲ့ နင့်ကိုချစ်တယ်။

ဟာ...ဘယ်လိုကြီးလဲကွာ။

မိုးက ညို့လာပြန်ပေါ့...။ ငါသတိရတယ် သဲခိုင်ဦးရေ။ ဆိုင်လား။

(တစ်)

မနက်ခင်းဆို ဆင်အော်တောင်မနိုးတဲ့ငါက သဲခိုင်ဦးလာအော်မှ အလူးအလဲထတဲ့ကောင်လေ။ နင်က ငါ့မနက်ခင်း။ ကျောင်းမှာ ထမင်းဗူးမပါတဲ့ငါက အောင်ကြီးတို့ ဇော်လင်းတို့လို့ အသုတ်တစ်ပွဲနဲ့ ဘယ်တော့မှ မ​ပြေလည်တတ်ဘူး။ သဲခိုင်ဦးရဲ့ထမင်းချိုင့်နဲ့ ​ြငိမ့်နေတဲ့ကောင်လေ။ သဲခိုင်ဦးက ငါ့နေ့လယ်ခင်းလေး။ 

''နင်က ဘာလို့ ငါ့လို ဒီဇင်ဘာမှာ မမွေးဘဲ မေလမှာ မွေးတာလဲ''

''ဪ ငါက အမေ့ကို သွားပြောရမလား အမေရယ် သမီးကို ဒီဇင်ဘာမှ ညစ်ပါလို့ ခစ် ခစ် ခစ်''

အဲဒီရယ်သံကို ကြွေတာ။ ကျောင်း​နောက်ခြမ်းက မလေးရှားပိတောက်ပင်က သစ်ရွက်တွေလိုပေါ့။ အပင်ပေါ်မှာလည်းဝေတယ် မြေပြင်မှာလည်း ကြွေတယ်။  ဘယ်နေရာဖြစ်ဖြစ်ဝေဝေဆာဆာနဲ့မဟုတ်လား။ နောက်ပြီး ကျောင်းဘေးက ကြည့်လဲ့နေတဲ့ သောက်ရေကန် ရေပြင်ကိုကြည့်တိုင်း သဲခိုင်ဦးမျက်နှာကိုပဲ မြင်တယ်။ ငါ တကယ်ရင်အေးရတယ် သဲခိုင်ဦးရယ်။

''အသားက မဲမဲ''

''ညိုတာပါကွ''

''နူတ်ခမ်းက လန်လန်''

''ထူတာပါဟ''

''လူက ဘုတ်ထိုင်းကြီးကိုကွာ''

''ဟ ပြည့်တာပါကွာ''

''လိုက်ပါတယ် မင်းနဲ့ ဟားဟားဟား''

ပြောမနာကောင်တွေရဲ့စကားကို နင့်ကြောင့် ငါနာရတယ်။ အဲဒီနေ့ကျောင်းဆင်းတဲ့အထိ ဒီကောင်တွေကို စကားမပြောဘူး။ ညနေကျောင်းဆင်းတော့ ဒီကောင်တွေ မနေနိုင်ဘူး။ ​ေကျာပုတ်ခေါင်းပုတ်နဲ့ လာပတ်သတ်ပြန်ရော။ 

''ထ ၁ က ကောင်တွေနဲ့ ထိုးရင် မင်းသဲခိုင်ဦးက ဝိုင်းမထိုးပါဘူးကွာ ငါတို့ပဲ ကျောချင်းကပ်ကြတာပါ နောက် မင်းမ​ကြိုက်ရင် မ စ ဘူးကွာ သူငယ်ချင်းဟီးဟီး''

(နှစ်)...

အဲဒီ​နေ့က နတ်ချောင်းတံတားပေါ်မှာ လေကြမ်းနေတယ်။ ဒီတံတား ဒီပတ်ဝန်းကျင်က ရေလာကူးနေကျနေရာမို့ တစ်ခုခုဆို ပေငါးဆယ်ကျော်တဲ့တံတားပေါ်က ရေထဲခုန်ချလိုက်ဖို့ တစ်ဖွဲ့လုံးဝန်မလေးကြဘူး။ အဓိက မရှုံးဖို့။ ရှုံးရင် ကျောင်းသားလောကမှာ သောက်ရှက်ဗြန်းဗြန်းကွဲရော။ မင်းတို့ ထ(၂ )ကကောင်တွေဆိုပြီး ချိုးချိုးနှိမ်နှိမ်ပြောကြတာ။ အရင်က ကျောင်းသားဟောင်းဆိုပေမယ့် လက်ရှိဆိုက္ကားနင်း စျေးထဲကြက်ဘဲကောက်နေတဲ့ကောင်တွေရဲ့ သရော်အကြည့်တွေနဲ့တင် သေလို့ရတယ်။

လာပါပြီ ထ(၁)က ငပျော့တွေ။ ပိုက်ဆံရှိတဲ့ကောင်တွေများတဲ့ကျောင်းမို့ လက်ထဲမှာ နိုင်ငံခြားကားထဲက ရာဘာတုတ်လိုမျိုး ဘေ့ဘောရိုက်တံလိုမျိုးတုတ်တွေက သူတို့လက်ထဲ တဆဆနဲ့။ ကိုယ့်အဖွဲ့က ကောင်တွေလက်ထဲမှာ ဝါးလုံးတို၊ သစ်မောင်းသားတိုတွေနဲ့ပဲ စစ်ပြင်ထားတာ။ နောက်ပြီး ရှုံးပွဲနည်းတဲ့ ထ (၂) ဆိုတဲ့ဂုဏ်နဲ့ ခေါင်းကိုမော့ထားနိုင်သလို ရင်ကိုကော့ထားနိုင်ကြတာ။

''တောသားတို့က ရောက်နေသားဟ''

ထ (၁)က ကောင်ပျော့တွေရဲ့စကားထေ့ထေ့နဲ့ တံတားပေါ်တက်လာကြတာ။

''ဒါပေါ့ ကြောင်ချေးလေးတို့ရ ဟားဟားဟား''

မခံချင်စိတ်တွေနဲ့ ရင်ဘတ်ထဲက ဒေါသတွေက မို့မောက်နေပြီ။ လက်တွေက ယားနေပြီ။ မြို့သားချင်းအတူတူ နယ်ကကျောင်းသားတွေအတက်များတဲ့ကျောင်းမို့ တောသားလို့ အခေါ်ခံရတာ မှန်တယ်ဆိုပေမယ့် နာတယ်။ ကိုယ်တွေက မြုိ့သားစစ်စစ်တွေမို့လား။

''ထုံးစံအတိုင်း မော်တော်တစ်စင်းဟေ့''

ဒါက တံတားအောက်မော်တော်တစ်စင်းဖြတ်ပြီးချိန် ချိန်းပွဲစဖို့ အထာပါ။ 

''အိုး...ခေ''

ဇော်လင်းရဲ့ ဇောင်းကြွနေတဲ့အသံ။ 

မကြာပါဘူး။ ချောင်းကွေ့ကနေ ခေါင်းထွက်လာတဲ့ စက်လှေတစ်စီး။ အင်ဂျင်သံ တဒိုင်းဒိုင်းနဲ့ကို ေမာင်းလာတာ၊ စက်လှေဦးက ရေတဖွားဖွားနဲ့ ရေပြင်ကို ထိုးခွဲမောင်းလာတာ အားလုံးသတိထားမိကြတဲ့ပုံ။ မကြာခင် စက်လှေက တံတားအောက်ကို ရောက်လာတော့မယ်။ လက်ထဲကိုင်ထားတဲ့တုတ်တွေနဲ့  တံတားသံဘောင်ကို ထိရိုက်သံက ပိုကျယ်လာတယ်။ ထ (၁)က အစဥ်အဆက် သိက္ခာတရားနဲ့ လက်ဆနဲ့နေလာ ဒီကောင်တွေသိချိန်ရောက်တော့မယ်။ တစ်ဘက်ငါးယောက်စီ သတ်မှတ်ထားလို့ လူကလည်းမျှတယ်။ တစ်ခုပဲလိုတယ်။ အဲဒါ လက်မြန်ဖို့ပဲ မဟုတ်လား။

''ဖောင်း ဖောင်း''

''အ အား''

အမှတ်တမဲ့နောက်ကနေ လူရိပ်တစ်ခု ထွက်လာပြီး ထ (၁)ကကောင်တွေကို ဝင်ကြိတ်တာ။ လက်နက်က ချာလီထီးကြီးနဲ့။

''ကဲဟယ် ကဲဟယ်''

မြန်လိုက်တဲ့လက်။ ဟိုဘက်က ငါးကောင် ဘာမှ ပြန်မလုပ်နိုင်ပဲ ကြောင်နေကြတယ်။ ဒီကောင်တွေ သတိဝင်လာတော့လည်းပြန်မလုပ်ပါဘူး။ သူက ကျွန်တော့်ရဲ့ သဲခိုင်ဦးပေါ့။ ကျွန်တော်တို့မှာ သူ့ကိုဆွဲရင် အဲဒီနေ့ပွဲကို ဖျက်ခဲ့ရတယ်။ ထ (၁)ကကောင်တွေ မိန်းကလေးမို်ကွာဆိုပြီး တောက်တစ်ခေါက် ခေါက်နဲ့။ ''အံမယ် လုပ်ကြည့်ပါလား''

သဲခိုင်ဦးက စွာတုန်း။ အဲဒီနေ့က ရန်ပွဲမှာ ကျေနပ်စရာက သူငယ်ချင်းတွေ​ပြောစကားနဲ့ ထ (၁)ကကောင်တွေ ပြောစကားပဲ။

''မင်းသဲခိုင်ဦးကြီးကကွာ'' တဲ့

''သက်လွင်ဦး မင်းဟာကြီးက ဆော်တယ်ဟ'' တဲ့။

အောက်ပါစာသားကိုပြောသွားတဲ့ ထ(၁)ကကောင်တွေကို ဘဝမှာ ပထမဆုံးကြည့်လို့ရခြင်းပါပဲ။

တစ်ခုပဲ။ အဲဒီက အပြန် ကျွန်တော့်နားလေးခမျာ သိပ်သနားစရာကောင်းခဲ့ပါတယ်။ တရစပ်ပွားတာဆိုတာ၊ ဒါပေမယ့်

''နင်ဘာဖြစ်ဖြစ် ချစ်တယ် သဲခိုင်ဦးရယ်''...

ဒီစကားလေးကတော့ ကျွန်တော့်ရင်ထဲက တီးတိုးလေးပေါ့။

ကျွန်တော့်ရဲ့သဲခိုင်ဦးက တစ်ခါတရံ အဲဒီလို ကျားကျားလျားလျားပါဆို။ ဟိုကောင်တွေကိုတော့ ပြောရမယ်။ သဲခိုင်ဦးနဲ့ငါကလည်း ကျောချင်းကပ်ပါပဲလို့...။

ေနာက်ပိုင်း ရန်ပွဲတွေ သိပ်မချိန်းဖြစ်တော့။ ထ (၁)က ကောင်တွေလည်း လာမငြိတော့။ ထ (၂) က မိန်းကလေးတွေပါ စွာတယ်ဆိုပြီး စံချိန်ထပ်တင်လိုက်လို့လားမသိ။ အဲဒီနောက်ပိုင်း သဲခိုင်းဦးနဲ့ ကျွန်တော် စာသင်ခြင်း၊ ထမင်းကပ်စားခြင်း၊ ရယ်စရာပြောခြင်းနဲ့ ပိုနီးကပ်နေခဲ့ကြသလိုပဲ။ 

''မင်းဘဝကလည်း ကျေးဇူးရှင်တွေများတာ''

''ဘာလို့လဲဟ''

သူငယ်ချင်းဇော်လင်းရဲ့စကားကြောင့် ဘဝထဲ ဘယ်သူ့တွေများ ဦးတိုက်စရာထပ်တိုးလည်းပေါ့။

''အိမ်မှာဆို ေကျွးမွေးသုတ်သင် သက်ဆုံးပင် ချစ်ခင်ရှာပေ တို့မေမေ တို့ဖေဖေပေါ့ကွာ ကျောင်းမှကျ သဲခိုင်းဦးပေါ့''

''ဟားဟားဟား အေးဟ သူက ကျွေးမွေးတာတင်မဟုတ်ဘူး ငါ့ရဲ့ရင်ခွင်လွှာရူး သဲခိုင်ဦးကွ''

(သုံး)

တစ်နေ့ ကျောင်းနှစ်ဝက်လောက်မှာ အခန်းထဲကို သီရိလွင်ဆိုတဲ့ ခပ်ဖြူဖြုူခပ်သွယ်သွယ်ကောင်မလေးတစ်ယောက် ရောက်လာတယ်။ အဖေက အစိုးရဝန်ထမ်းအကောင်ကြီးကြီးထဲကဆိုတော့ သူ့ခမျာ ကျောင်းသားဘဝကို ခွေးနေရာမရသလို ကျောင်းပြောင်းရကြောင်း၊ နောက်ပိုင်းရင်းနှီးတော့ ပြောရှာပါတယ်။ အစပိုင်း ရှိန်းတိန်းဖိန်းတိန်းနဲ့မခေါ်ကြပေမယ့် သဲခိုင်းဦးရဲ့ ဖော်ရွေမှုကြောင့် မကြာဘူး၊ အဖွဲ့ထဲ တသားတည်းကျသွားတယ်ဆိုပါတော့။ သီရိလွင်ကလည်း ခင်စရာကောင်းတယ်။ အထူးသဖြင့် သူ့တို့ပြောင်းလာတဲ့ အိမ်က လမ်းထိပ်မှာဆိုတော့ ကျောင်းသွားကျောင်းပြန် သူ့ခေါ်ကိုယ့်ခေါ်နဲ့ ပိုရင်းနှီးရတယ်။ အဖွဲ့ထဲ ကျောင်းနဲ့အဝေးဆုံးက ကျွန်တော်။ အခုတော့ အဖော်ရခဲ့ပြီ။ နောက်ပိုင်း သီရိလွင်ရဲ့သိသာတဲ့ ရင်းနှီးတဲ့ဆက်ဆံမှုက အားလုံးသတိထားစရာဖြစ်ခဲ့တယ်။ 

ဥပမာ ကျောင်းမှာ သဲခိုင်ဦးထမင်းကပ်စားတဲ့ကျွန်တော့်ကို သနားလို့တဲ့ သူက ထမင်းဟင်းပိုထည့်လာတာမျိုး။ ပြီးတော့ အဖွဲ့လိုက်သွားစရာရှိတဲ့နေရာဆို ကျွန်တော်မပါရင် မလိုက်တာမျိုးပေါ့။ ကျွန်တော်က သဲခိုင်ဦးမပါရင် မလိုက်၊ သီရိလွင်က ကျွန်တော်မပါရင် မလိုက်၊ ခြောက်ယောက်ရှိတဲ့ အဖွဲ့ထဲ သုံးယောက်မပါရင် ကျန်တဲ့သူတွေကပါ ဘယ်မှ မသွားဖြစ်တော့။ နောက်ပိုင်း သီရိလွင်က အိမ်ဘက်ကို အကြောင်းရှိရှိမရှိရှိ လာလည်နေတာများတယ်။ ဒီအကြောင်းကို သဲခိုင်ဦးက မသိတာလား မသိသလိုနေတာလား မပြောတတ်ပေမယ့် သူဘက်က ဘာအရိပ်အရောင်မှ မတွေ့ရ။ ကျွန်တော်နဲ့သဲခိုင်ဦးဆို အရင်က ပက်ခနဲ့စတတ်တဲ့ကောင်တွေတောင် သီရိလွင်နဲ့ကျွန်တော့်ကို မစကြဘူး။

ပြဿနာဆိုတာ ငါပဲလို့ နာမည်တပ်မလာတတ်တော့ ကျွန်တော်လည်း ဘယ်သိမလဲ။ အဲဒီနေ့က ကျောင်းမှာ ဗိုက်မကောင်းတဲ့ကျွန်တော်နဲ့ ကျောင်းအိမ်သာ ချောင်းပေါက်တဲ့နေ့ပေါ့။ ဆရာမဆို 

'' ကျောင်းအိမ်သာ မင်းအနားကို ရွှေ့ပေးရမလား အိမ်သာနားမှာပဲ ငါစာလိုက်သင်ပေးရမလား တစ်ခုခုတော့ ပြော''

ဆရာမရဲ့ ခပ်ထေ့ထေ့အပြောကို လူကအားနာပေးမယ့် ဖင်က အားမနာဘူး။ သူ့အလုပ်သူ နာရီဝက်တစ်ခါလောက် အိန္ဒြေရရလုပ်နေတာ။ ကျွန်တော့်မှာ အပေါ်ထပ်စာသင်ခန်းနဲ့ အိမ်သာကို အတက်မဆင်းလုပ်ရတာနဲ့ ဒူးတွေကို တုန်လို့။ အဲဒီအချိန် လူဆိုတာ အရှက်နဲ့လူလုပ်တာလို့ ဘယ်ကလေကဝက ပြောခဲ့တယ်မသိ။ ကျွန်တော်လေ အသက်နဲ့ပဲ လူလုပ်ချင်တော့တယ်။ တကယ် စာသင်ခန်းနဲ့ ေလှကားထပ်မှာပဲ ကိစ္စဖြတ်ချင်နေတော့တယ်။ ကျွန်တော့်ဖြစ်ပုံကို ဟိုကောင်တွေက ရယ်နေကြပေမယ့် သီရိလွင်မျက်နှာပျက်နေတာ သတိထားမိတယ်။ သဲခိုင်ဦးကတော့ ကျောင်းရုံးခန်းကနေ ဝမ်းပိတ်ဆေးတစ်လုံးအပြေးယူပေးလိုက် အိမ်သာသွားခါနီး ဟိုကောင်တွေကို အဖော်ထည့်ပေးလိုက်နဲ့ ပြာယာခပ်နေတယ်။ မသက်သာရင် ပြန်ဖို့ ဆရာမဆီမှာလည်း ခွင့်တောင်းပေးထားပြီးပြီတဲ့။

ဒီလိုနဲ့ ထုံးစံအတိုင်း​ စာသင်ခန်းနဲ့ အိမ်သာကို ေချာင်းပေါက်နေတဲ့ ကျွန်တော့်ချောင်းထဲ သီရိလွင်နဲ့ဆုံတယ်။ သူက အဲဒီချောင်းထဲမှာ သူ့ရေတွေကိုပါ တစ်ခါတည်း ပေါင်းစီးစေတယ်။ လှေကားကို ခေါင်းငုံ့ တက်လာတဲ့ကျွန်တော် လှေကားထိပ်အရောက် မော့အကြည့် ကျွန်တော့်နှာဖူးအပေါ် အနမ်းတစ်ပွင့်ပြုတ်ကျလာပါတော့တယ်။ ပြီးတော့ ပြောသွားသေးတာ။

''ငါစိုးရိမ်တယ်နော် ဂရုစိုက်ဟာ'' တဲ့

ဒီအဖြစ်အပျက်ကို အခန်းထိပ်မှာရပ်နေတဲ့ ကျွန်တော့်ရဲ့သဲခိုင်ဦးက လှမ်းကြည့်နေတယ်။ ဘုရားစူး အဲဒီနေ့ကို ကျွန်တော်ရင်မခုန်ပါဘူး။  ကျွန်တော့်ခေါင်းထဲ ဘယ်အချိန်ကိစ္စပြီးရမလဲဘဲ တွေးနေတာပါ။ ဒါပေမယ့် သိတဲ့အတိုင်းပဲ ယောက်ျားလေးတွေနဲ့တောင် ဝင်ပြီး လက်သံပြောင်ရဲတဲ့စိတ်ဓာတ်ပိုင်ရှင် သဲခိုင်ဦးလေ။ နောက်ပိုင်း စကားမပြောတော့။ ကျွန်တော်သိ်ပ်ချစ်ရတဲ့ မဲမဲသဲသဲ သဲခိုင်ဦးကို သဲသဲမဲမဲ လိုက်စကားပြောရပေမယ့် ဆယ်ခွန်းတစ်ခွန်းတောင် မသေချာတော့။ အဲဒီအချိန် သီရိလွင်က မသိတာလား မသိချင်ယောင်ဆောင်ထားလား။ အဲဒီမိန်းမနှစ​်ယောက်ကြားမှာ ကျွန်တော်က အရူးလား...။

(လေး)...

ဒီတစ်ခါခွေးနေရာမရတာက ကျွန်တော်။ နောက်နှစ်အိမ်က ရန်ကုန်ကို တစ်မိသားစုလုံးပြောင်းဖြစ်ကြတယ်။ ကျွန်တော်လည်း ဆယ်တန်းအောင်ဘဝနဲ့ ကျောင်းပြီးသွားခဲ့သလို သဲခိုင်ဦးနဲ့လည်း အဆက်အသွယ်မရတော့။ ဖုန်းတွေမပေါတဲ့ ကာလမို့ သတင်းသဲ့သဲ့ကိုပဲ အားကိုးရပါတယ်။ အထူးသဖ​ြင် ့ကျွန်တော့်ရဲ့ သဲခိုင်ဦးပေါ့။ သတင်းအစအနတောင် မရတော့...။

(ငါး)...

ကိုယ့်မြိုဆိုပေမယ့် လုံးဝပြန်မရောက်တာ ဆယ်နှစ်ကျော်ပြီ။ ကြီးပွားရေးစီးပွားရေးမှာ လုံးလည်လိုက်ရင်း လူဖြစ်ရတာ ဒါပဲလားလို့ ကိုယ့်ကိုယ်ကိုယ်တရားသဘောသေးသေးလေးနဲ့ အခါခါတီးခေါက်ဖြစ်တယ်။ မိုးလင်းအလုပ် မိုးခ​ျုပ်အလုပ်နဲ့ ကြာတော့ ကိုယ်က အရုပ်တစ်ရုပ်နဲ့မခြားပါဘူး။ နောက်ပြီးအချစ်။ ဒီနယ်က ကိုယ်ကျရှုံးကောင်းတဲ့နေရာ။ သဲခိုင်ဦးနဲ့ ေစျးဦးကျိုးခဲ့တဲ့ နှလုံးသားက အခုထိ နလန်မထူတော့။ ထားသွားလိုက် ထားခဲ့လိုက်နဲ့ အချစ်အရည်ဖုံးထားတဲ့ တဏှာကြား၊ ကြာတော့ လူပါးဝလာပါရော။

 မိန်းမဆိုတာ အချစ်ရဲ့အဓိပ္ပါယ်ကို သိပ်ထွေပြားစေတဲ့ နတ်ဆိုးရဲ့ ယစ်မျိုးတစ်ခုလို့ ထင်တယ်။ သဲခိုင်ဦးနဲ့ စ၊ သဲခိုင်ဦးနဲ့ဆုံးဖို့ ဘဝကို ပါးပါးလေးမျှော်လင့်ထားတာ ဝန်ခံပါတယ်။ နောက်ဆုံးတော့ နင်က ငါ့ရဲ့ဘူတာကြီးပါပဲ။ မြို့အဝင်ဆိုင်းဘုတ်ကိုဝင်တာနဲ့ တိတ်တိတ်ကလေး မျှော်လင့်လိုက်မိပါရဲ့ သဲခိုင်ဦးရေ။ 

ဒီမြုိ့အဝင်တံတားပေါ်က ချာလီထီးတစ်လက်နဲ့ကောင်မလေးပုံရိပ်က မေ့မရဘူး။ ရန်ကုန်မှာ အရုပ်ဘဝနဲ့ အားလုံးအသားကျခဲ့ပြီထင်ခဲ့တာ။ သဲခိုင်ဦးရောဂါက ဒီမြို့ကို ခဏပြန်မယ်လို့ စိတ်ကူးရကတည်းက ပြန်ထလာသလို။ အနာရှိတဲ့ငါက ဆေးရှိမယ့်နင့်ဆီရောက်မှ သက်သာမလားပဲ။ မြုိ့ရဲ့အရိပ်ကိုခိုလိုက်ကတည်းက ငါ ေရာဂါသည်းတယ်ဟ။ အခန့်မသင့်ရင် ငယ်ဘဝဆိုတဲ့အတိတ်က ဒဏ်ရာဖြစ်တတ်လေသလား။ မေ့မေ့ပျောက်ပျောက်ရှိမယ် ထင်ထားတာ။ အခုတော့ ငါက တကယ့် ရောဂါသည်ကြီးလိုပဲ သဲခိုင်ဦးရယ်။

သူငယ်ချင်းဇော်လင်းဆို့အိမ်က အရင်အတိုင်းပဲ။ ဆေးအရောင်နွမ်းသွားပေမယ့် အရင်လို သန်သန်မာမာနဲ့ ထူမတ်ထားဆဲ။ ဒီအိမ်ကို အရင်ဝင်တာ အကြောင်းရှိတယ်။ သဲခိုင်ဦးသတင်း အရင်စုံစမ်းရမယ် မဟုတ်လား။

ကျွန်တော့်ကိုတွေ့တော့ ဒီကောင် သူ့ရင်ခွင်ထဲက ခလေးတစ်ဘက်နဲ့ကို ထိုးတာဆိုတာ။ 

''မင်းက ကားတွေဘာတွေနဲ့နော်''

''ငါ ဒလီဘာရီလုပ်နေတာ သူငယ်ချင်း ကားက မရှိမဖြစ်လေ''

''ငါ့လိုနောက်ထပ်မရှိမဖြစ် အကောင်သေးသေးေလးတွေရော ရှိသေးလား''

''ငါ အိမ်ထောင်မကျသေးပါဘူးကွာ ဟင်းဟင်းဟင်း''

''ဟင်း ဟင်း ဟင်း''

ဒီစကားကြားတော့ ဒီကောင်ရယ်တာမိန့်မိန့်ကြီးနဲ့။

''မင်းက သဲခိုင်ဦးလောက်တောင် မစွံပါဘူး''

''ဟေ ဗုဒ္ဓေါ သူအိမ်ထောင်ကျသွားပြီပေါ့''

လူက ေလထိုးထားတဲ့အရုပ်ကို လေဖောက်ထုတ်လိုက်သလိုပါပဲ။ 

''ဟူးးး''

ကားပေါ်မှာ ခဏတော့ တိတ်ဆိတ်သွားခဲ့တယ်။ ဘာရယ်မဟုတ် မရောက်တာကြာတဲ့ မြို့လေးကို လိုက်ကြည့်နေလိုက်သေးတယ်။ ပြီးမှ

''ဘယ်သူနဲ့လဲကွ''

''ဟိုရောက်မှ ကြည့်ပေါ့ကွာ''

တကယ်ဆို ကားကို ဆက်မမောင်းချင်တော့တာပါ။ ဒါပေမယ့်လည်း သဲခိုင်ဦးကို တွေ့ချင်နေသေးတဲ့စိတ်ကြောင့်ပေါ့။ ထွက်သွားကတည်းက ပြန်လှည့်မကြည့်ဖြစ်တဲ့ ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်နေမိပြန်တယ်။ 

''ဟေ့ကောင် ကားခဏရပ်ဟ မင်း သဲခိုင်ဦးတို့ိကို ကျော်လာခဲ့တယ်ကွ''

''ဟေ ဟုတ်လား''

ဇော်လင်းရဲ့စကားကြောင့် ကားဘတ်မှန်ကို လှန်းကြည့်လိုက်တော့ သူတို့။ 

''ဟင် ''

မြင်ရတဲ့မြင်ကွင်းက ထူးဆန်းတာထက်ပိုတယ်။ ကြည့်လေ။ ကျွန်တော်ရဲ့သဲခိုင်ဦးက အရင်လို ညိုတဲ့အသားအရည်နဲ့ ကြည့်ကောင်းနေတုန်းပါပဲ။ ကြည့်မကောင်းတာက သူဝတ်ထားတဲ့ပုဆိုးပဲ။ ဆိုင်မှမဆိုင်တာကြီး။ ေနာက်ပြီး သူ့ဘေးက ဗိုက်ကြီးတကားကားနဲ့သီရင်လွင်ကို တွဲထားတယ်။ ဒါက ထူးဆန်းနေတာ။ သီရိလွင်က ဘာလို့ သဲခို်င်ဦးအနားမှာ ရှိနေတာလဲ...။

(ခြောက်)...

အတိတ်ဆိုတာ အဟောင်းသက်သက်ပဲ မဟုတ်လား။ ဒါပေမယ့် အဲဒီအဟောင်းက မနေတတ်ရင် ပစ္စုပ္ပန်ကိုနှိပ်စက်တတ်တယ်။ အချစ်ဦးကိုပဲ ချစ်တတ်နေတဲ့ ငါ့ကိုယ့်ငါ အတိတ်မေ့တဲ့ လူနာတွေကို အားကျချင်လာတယ်။ ကြည့်လေ။ 

''မဖြစ်နိုင်ပါဘူး ဟယ်''

''ဘာမဖြစ်နိုင်ရမှာလဲ ငါ့တို့က ငယ်သံယောဇဥ်တွေပါ သဲခိုင်ဦးရယ် ငါ့ရဲ့ လက်ကျန်အချိန်လေးမှာ နင့်ကိုယုယရင်းဖြတ်သန်းချင်တာဟ''

တကယ်ပါ၊ သဲခိုင်ဦးလက်ခံဖို် ငိုပြီးတော့ကို ပြောပြချင်တာ။ 

''ငါ့မှာ ဆိုင်သူရှိနေပြီလေ''

''ဟာ...ဒီ သီရိလွင်ကြီးနဲ့ဟာ''

ကျွန်တော့်စကားကြောင့် သဲခိုင်ဦးမျက်မှောင်ကုတ်သွားပြီး ဆက်ခနဲ့ မော့ကြည့်တယ်။ ချာလီထီးအစွမ်းအံ့မခန်းထားတဲ့ သူ့ကို ကျွန်တော်ရှိန်တာပေါ့။ ဒါပေမယ့် ကိုယ့်ရင်ဘတ်အနာကိုယ်ပဲသိတယ်မဟုတ်လား။ သဲခိုင်ဦးကိုရရင် ဒီဘဝ ဘာတရားမှ ရမသွားဘဲ ဘဝကူရင်တောင် တန်ပါတယ်။ ချစ်တာကိုး။ အခုအချိန် သဲခိုင်ဦးကိုချစ်တဲ့အချစ်က နှလုံးသားရော ဦးနှောက်ရော ေထာင့်စေ့နေတဲ့အချစ်မျိုးဗျ။ လူက မကြီးမငယ်ကြီးနဲ့ ငိုချင်လာပြီ။

''ငါပြောမယ် သက်လွင်ဦး နင်က ငါ့ကိုယူရင် ငါ့အားကိုးနဲ့ ရောက်လာတဲ့ သီရိလွင်ကို ဘယ်သူစောင့်ရှောက်မလဲ သူ့ဒုက္ခရောက်သွားမှာပေါ့''

''ဟာ နင်တို့က ယူလို့မှ မရတာ နင်ဟာ...ငါ''

ဆက်မပြောချင်တော့။ ပြောရင် ပိုစိုးတော့မှာသိတယ်။ သီရိလွင်ဆိုတာကလဲ ဘယ်ကဘယ်လို ဗိုက်တစ်လုံးနဲ့ ပြန်ရောက်လာတယ် မသိဘူး။ တကယ်ဆို ကိုယ်မိဘတွေဆီကိုယ်ပြန်နေပေါ့။ သီရီလွင်ရဲ့မိဘတွေလည်း တခြားနေရာကို ပြောင်းသွားတယ်လို့ ဟိုကောင်တွေပြောလို့ သိထားတယ်။ သီရိလွင်က ကျွန်တော်မရောက်ခင်လေး လပိုင်းလေးခြားပြီး မြုိ့ကိုပြန်ရောက်လာတာတဲ့။ သူရောက်လာကတည်းက ကျွန်တော့်ရဲ့သဲခိုင်ဦးက ပုဆိုးတွေဘာတွေနဲ့ ယောက်ျားလေးလိုကြီး ဝတ်တော့တာပါတဲ့။ ဘာတွေဖြစ်မှန်းကို မသိတော့ဘူး။ တကယ်ဆို သီရီလွင်ဆိုတာ ကျွန်တော်တို့ကျောင်းကို ပြောင်းမလာသင့်တာ။  ကိုယ့်ချစ်သူ အိမ်ထောင်မကျသေးလို့ ပျော်ရမလား မှတ်တယ်။ အခုတော့...။

''သွားတော့မယ်ဟာ'' 

လွှတ်ချလိုက်ဖို့ တွေးပြီး လှည့်ထွက်လိုက်တော့တယ်။

''နေအုံး သက်လွင်ဦး နင်စိတ်ရှင်းအောင်ငါပြောလိုက်အုံးမယ် ငါက သီရိလွင်ကို ကျောင်းခန်းထဲ စရောက်ကတည်းက ချစ်ခဲ့တာဟ''

''ဟေ''

အဆုံး...

ဘဝမှာ မမြင်ချင်၊ မပတ်သတ်ချင်တဲ့ လူဆိုတာ လူတိုင်းမှာ ရှိပါတယ်။ သိပ်ဒုက္ခပေးတဲ့လူဆို ကျွန်တော်တို့ပြောနေကြစကားရှိတယ်။'' အသေလေးမွေးရမှာ'' ဆိုတာ...

ကျွန်တော်အတွက် သီရိလွင်ဟာ အဲဒီလိုဖြစ်ရမှာ မဟုတ်လား။

''တောက်...''

ဝမ်း နည်း လိုက် တာ သဲခိုင်ဦးရာ...။

ရောင်နီသက်လွင်

Post a Comment

0 Comments