ဝတ္ထုတို အမည် - သားတို့ရုပ်ရည်
စာရေးသူ - သော်တာဆွေ
Short Story
-------------------------------------------------
သားတို့ရုပ်ရည်
#သော်တာဆွေ
အရုဏ်မကျင်း အလင်းမသန်းသေး။ ညဉ့်၏လေးပုံတစ်ပုံမျှ ကျန်သေးသည့် ကြက်ဦးတွန် ၃ နာရီခန့် အချိန်တွင် ဘကြီးဖြိုးတို့ နွားတင်းကုပ်မှာ မီးရောင်လင်းလေပြီ။
ရန်ကုန်မြို့ ဆင်ခြေဖုံးရှိ နွားနို့ဖြင့် အသက်မွေးသူတို့သည် ထိုအချိန်ထ၍ နို့ညှစ်ကာ မြို့လည်ကောင်နေ နွားနို့စားသုံးသူတို့ နံနက်အိပ်ရာထတွင် အဆင်သင့်ဖြစ်စိမ့်ငှါ လင်းလုရောင်ခြည်နှင့်အပြိုင် ဘိုင်စကယ်ဖြင့် ပြေးကြသော နို့ပို့သမားများကို ပါးလိုက်ကြရပေမည်။
ဘကြီးဖြိုးသည် နို့ပုံးကိုဆွဲကာ သားကလေးသံချောင်းသည် ရေနံဆီမီးခွက်ကြီးကို ကိုင်လျက် တင်းကုပ်ထဲသို့ ဝင်လာပြီဆိုလျှင် အလေ့အကျင့်ရနေပြီဖြစ်ကြသော နွားမကြီးများသည် အိပ်ရာမှထကြ၏။ ကျောကုန်း၌ အညောင်းဆန့်ကြ၏။ အမြီးတန်း၍ သေးဖြန်းဖြန်းပါကြ၏။ ပူနွေး၍ အငွေ့တထောင်းထောင်းထသော နွားချေးများကို စွန့်ကြ၏။ နွားပိုင်ရှင်တို့သည် ထိုနွားတို့၏ ဆီးဝမ်းရွှင်ခြင်းကိုကြည့်၍ ဝမ်းသာကြ၏။ ယင်းသို့မရွှင်မူ စိတ်ပူရ၏။ ဆေးဝါးကျွေးဖို့ စီစဉ်ရ၏။ အသက်ချင်းရင်း၍ အသက်မွေးမြူရသော သူတို့မှာ သူ့အသက်နှင့် ကိုယ့်အသက် မှီတွဲနေရပေသည်။
ဘကြီးဖြိုးတို့တွင် နို့စားနွားမကြီး ၅ ကောင် ရှိ၏။ ယင်း၌ တစ်ကောင်လျှင် ၅ ပိဿ ထွက်ခဲ့သော် ၂၅ ပိဿ ၊ တစ်ပိဿ ၂ ကျပ်ဖြင့် ရောင်းတော့ ငွေ ၅၀ ကျပ်၊ နွားစာဖိုး ၂၀ ကျပ်ပဲ ကုန်တယ်ထား၊ ဘကြီးဖြိုးတို့မှာ တစ်နေ့လျှင် အသားတင်ဝင်ငွေ ၃၀ ကျပ်မျှရှိနေ၍ ချမ်းသာလှပေရော့ပေါ့ဟု တွေးထင်ကြပေမည်။ စင်စစ် နို့စားနွားမမွေးမြူသူတို့ကို ဤကဲ့သို့ မတွက်ရပေ။ နွားမရှိသမျှကို တစ်နှစ်လုံး နေ့စဉ် ညှစ်နေရသည်မဟုတ်ပေ။
နွား၏ ပဋိသန္ဓေသည် လူကဲ့သို့ပင် ကိုးလလွယ် ဆယ်လမှာမွေး၏။ နွားကလေးမွေးပြီး ၁၅ ရက်ကျော်မှ နို့စ၍ညှစ်ရ၏။ နှစ်လသုံးလအတွင်း၌(နွားမက ဆန္ဒပြလာသောအခါ) တစ်ဖန် သားတင်ရ၏။ ဤပဋိသန္ဓေ ရင့်လာသောအခါ နို့ညှစ်ရပ်ရ၏။ အထွက်လည်း နည်းလာလို့ဖြစ်၏။ နောက်သားအတွက် နွားမကို အားမွေးစေဖို့လည်း ဖြစ်၏။ ထို့ကြောင့် နွားမတစ်ကောင်ကို တစ်နှစ်လျှင် ၇ လ၊ ၈ လမျှသာ နို့ညှစ်ရ၏။ သို့အတွက် ပဋိသန္ဓေရင့်၍ နားထားရသော နွားမနှင့် ညှစ်နေသော နွားမတို့မှာ တစ်လှည့်စီဖြစ်ပေရာ ဘကြီးဖြို့တို့အိမ်မှာ ၂ ကောင်ညှစ်၍ ၃ ကောင်နား၊ ၃ ကောင်ညှစ်၍ ၂ ကောင်နား၊ ယင်းသို့ဖြစ်သောကြောင့် နွားမကြီး ၅ ကောင်၊ နွားငယ်ကလေး ၁၉ ကောင်နှင့် ဘကြီးဖြို့တို့ မိသားစုမှာ နေ့စဉ်စားလောက်ရုံမျှ ရှိပေ၏။
အဲ... လုံးခနဲ့ငွေအသုံးလို၍ ရချင်လျှင်ကာယ ပေါက်ဖွားထားသော နွားငယ်များကို ထုတ်ရောင်းခြင်းပင်ဖြစ်သည်။ ဘကြီးဖြိုးမှာ နေ့စဉ်(ည၊ မနက်) နွား ၂ ကောင်၊ ၃ ကောင်မျှသာ ကျွေးမွေးပြုစုခြင်း၊ နို့ညှစ်ခြင်း ပြုနိုင်သောကြောင့် နွားကလေးများ နှစ်ခါလည် သုံးခါလည်၌ ရောင်းခြင်းဖြင့် သားသမီးတို့၏ ဝတ်စားတန်ဆာကို ဆင်ယင်နိုင်ပေသည်။
ယခု ဤဝတ္ထုရေးသားရာ၌ ဘကြီးဖြိုးတို့အိမ်မှာ နွားမကြီး ၃ ကောင်နား၍ နွားမ ၂ ကောင် နို့ညှစ်နေရချိန်ဖြစ်သည်။
* * *
မျောက်သားစာချင်ရင် မျောက်မျက်နှာမကြည့်နှင့်' ဆိုဘိသို့ စင်စစ်အားဖြင့် နွားနို့သောက်သုံးသူသည် နွားနို့ညှစ်ရာ သွားမကြည့်ပါနှင့်ဟု ဆိုသင့်သည်။ အကြောင်းမှာ နို့ညှစ်ချိန်၌ နွားမကြီးများနှင့် နွားကလေးများမှာ လွန်စွာသနားဖွယ်ကောင်း၏။ အသို့ဟူမူ နွားမကြီးများနှင့် နွားသားငယ်များသည် နေ့ရောညပါ နီးကပ်စွာအတူမနေရပေ။ တခြားစီ ချည်နှောင်၍ထားကြသည်။ နို့ညစ်မည်ပြုတော့မှ နွားကလေးကို နွားမကြီးဆီ ချဉ်းကပ်စေ၍ နွားမကြီးက သားအား နို့တိုက်စိမ့်ငှါ နွားလေးကို ဗိုက်အောက် ဝင်စို့စေ၏။ နွားမကြီးက သားအားနို့ချပေး၍ နွားကလေးက လေးငါးစုပ်မျှ စုပ်ပြီးသောအခါ နွားကလေးကို နွားမကြီးဗိုက်အောက်မှ အတင်းပြန်ထုတ်ပြီး လူက တရကြမ်း တရွှမ်းရွှမ်းညှစ်ယူတော့၏။
စင်စစ်အားဖြင့် သားနှင့်မိခင်ကြားမှာ လူက ဝင်လုယူခြင်းပင်။ ဘကြီးဖြိုးသည် ဤအလုပ်က မကောင်းမှန်းသိပါလျက် မလွှဲမရှောင်သာသဖြင့် ယင်းသည့်နည်းဖြင့် အသက်မွေးခဲ့ရသည်မှာ အသက် ၆၀ ကျော်ပြီ။
(ငါအကုန်ညှစ်မယူပါဘူး၊ နွားကလေးသောက်ဖို့ ချန်ထားပါသေးတယ်၊ နို့ပြီး သူတို့သားအမိတွေလည်း ငါ အစာရေစာဝအောင် ကောင်းကောင်းမွန်မွန် ကျွေးထားတာပဲ) ဟုသာ စိတ်မှာဖြေ၏။
ယင်းသို့လျှင် ဘကြီးဖြိုးတို့သားအဖသည် မနက်တစ်ခါ ညနေတစ်ခါ နေ့စဉ်နို့ညှစ်ရသည်။ ယခု သူတို့လက်ရှိညှစ်နေသည်မှာ 'စပယ်' မည်သော နွားဖြူမကြီးနှင့် 'မိမဲ' မည်သော နွားနက်မကြီး တစ်ကောင်။ ထို့ကြောင့် ဘကြီးဖြိုးသည် ပထမနွားဖြူမကြီးနံဘေးတွင် ထိုင်ချလိုက်ကာ-
"သံချောင်း...တိုးလေးကို ဖြေခဲ့ဟေ့"
တိုးလေးသည် နွားဖြူမကြီး စပယ်၏သားဖြစ်၏။
တိုးလေးသည် ချည်တိုင်မှ သူ့ကို ကြိုးဖြေလိုက်သည်နှင့် တစ်ပြိုင်နက် မိခင်နို့အုံဆီသို့ ပြေးလာကာ တအားဆောင့်၍စို့လေသည်။ မိခင်က သားအတွက် အားရပါးရ နို့ချပေးလိုက်၏။ သို့သော် တစ်ညလုံး ဆာလောင်မွတ်သိပ်နေသော တိုးလေးမှာ လေးငါးငုံမျှ စုပ်ရသေးသည်။ ဘကြီးဖြိုးက-
"ဟေ့ သံချောင်း ပြန်ဆွဲတော့ဟေ့"
သံချောင်းသည် နို့ခဲနေသော တိုးလေးကို တအားဆောင့်ဆွဲယူလိုက်ကာ သူ့ချည်တိုင်မှာ ပြန်ချည်လိုက်တော့၏။ တိုးလေးသည် ရုန်းကန်ရင်း မကျေမနပ်သံနှင့် တဘဲဘဲအော်လေ၏။ ယင်းအချိန်၌ ဘကြီးဖြိုးကား ဘာဘီပုံးကြီးကို ဒူးနှစ်လုံးကြားညှပ်ကာ နွားမကြီးနို့ကို တရှဲရှဲညှစ်လေ၏။ နွားမကြီးသည် သားလေးအတွက် ချပေးလိုက်သော နို့ကို ပြန်မတင်တော့ပါ။(မထွက်အောင် အောင့်ထားလိုက်လျှင်လည်းဖြစ်၏။ သို့သော် ဤသို့ပြုက အကျင့်ယုတ်သော နွားမ ဟု ဆဲရေးကာ နွားချေးတွန်းခုံနှင့် အခုတ်ခံရတော့မည်ကို နို့စားနွားမများက သိပြီး ဖြစ်ကြပါ၏။)
ဘကြီးဖြိုးသည် ဤနွားမဆီမှ နို့ထွက် တွက်ခြေကိုက်ညှစ်ပြီးသောအခါ နို့ပုံးကိုယူ၍ နွားနက်မကြီး နံဘေးကို ရွှေ့ထိုင်လိုက်ကာ...
"သံချောင်း မိညိုလေး ဖြုတ်ခဲ့ဟေ့"
မိညိုလေးမှာ မိမဲကြီး၏ သမီးဖြစ်ပါသည်။ သို့သော် ဤနေရာ၌ ဘကြီးဖြိုးသည် သံချောင်းအား ပထမဦးစွာ စပယ်၏သားတုန်းက "တိုးလေးကို ဖြေခဲ့ဟေ့" ပြောပြီး ယခု မိညိုလေးကျတော့ "ဖြုတ်ခဲ့" ဟု ပြောသည်။
ဖြေနှင့်ဖြုတ်မှာ အဓိပ္ပါယ်ချင်း ကွဲပြားခြားနားပါသည်။
အဘယ်ကြောင့်နည်း။
အကြောင်းက ဤသို့ပါ။
ဘကြီးဖြိုးအိမ်ဆောက်၍နေသော ခြံကြီးမှာ ရွာထဲတွင် အနံ ပေ ၇၅၊ အလျားပေ ၁၀၀ မျှ ရှိသော်လည်း ဤမြေနှင့် တစ်ဆက်တည်းရွာ၏ နောက်ဖေးဘက်မှာမူ ၄ ဧကမျှ ကျယ်ပါသည်။ ကုန်းခပ်မြင့်မြင့်မှာ ကံ့ကော်၊ မရန်း၊ သရက်၊ ကနစိုပင်တွေနှင့် အရိပ်အာဝါသကောင်း၍ သက်တောင့်သက်သာရှိလှပါသည်။ ယင်းမှာ မြို့ထဲက သူဌေးတစ်ယောက်၏မြေဖြစ်၍ ယခုခေတ်တွင် 'ပိုင်ရှင်ရှိသည်။ ဤခြံထဲ အိမ်မဆောက်ရ' ဟု စာရေးထားရုံနှင့် ရသည်မဟုတ်သဖြင့် ဤအရပ်တွင် အသက်လည်းကြီး၍ လူရိုသေလည်းခံရသော ဘကြီးဖြိုးအား မြေရှင်က ခြံစောင့်ထားခြင်းဖြစ်သည်။
မြေရှင်အိမ်ထောင်စုက ရာသီအလိုက်ပေါ်သော အသီးအပွင့်များကို တစ်ခါတစ်ရံလာ၍ ခူးဆွတ်တတ်သည်။ မိတ်ဆွေတစ်စုနှင့် ပစ်ကနစ်ခေါ် ပျော်ပွဲစားလာတတ်ကြသည်။
တစ်ကြိမ်သော် ဆယ်နှစ်ပတ်လည်ရွယ် ယောက်ျားကလေးတွေ တော်တော်များများပါသော လူတစ်အုပ်သည် ဤခြံထဲသို့ မော်တော်ကားကြီး သုံးစီးနှင့် ရောက်လာကြသည်။ သူတို့ကားများပေါ်တွင် ငါးရာတစ်ထောင်ပေး၍ လူချမ်းသာများမှ မွေးနိုင်သော အယ်လ်ဇေးရှင်းခွေးကြီးများလည်း ပါလာသေးသည်။
နံနက်စာ စားသောက်ပြီးကြ၍ နေ့လယ်နေ့ခင်းမှာ ဤအေးရိပ်သာယာသော ခြံကြီးထဲ သစ်ပင်များအောက်တွင် ကော်ဇောခင်း၍ လူကြီးများက ပိုကာကစားကြသည်။ ဆယ်နှစ်ပတ်လည်ရွယ် မျောက်လောင်းကလေးများက အစွမ်းကုန်ဆော့ကြသည်။ သူတို့သည် ကောင်းဘွိုင်းသေနတ်ပစ်ခန်းများ၊ တောတွင်းတာဇံဇာတ်လမ်းများ ကစားကြပြီးနောက် သူတို့နှင့်အတူပါလာသော ခွေးကြီးများကို သတိရကြ၍ အမဲလိုက်ကစားကြရန် စိတ်ကူးရကြသည်။
ကဲ...သည်တော့ လိုက်ဖို့အမဲက ဘယ်မလဲတဲ့ သိပ်မရှာရပါ၊ အဆင်သင့်ပဲ။ ဘကြီးဖြိုးအိမ် နောက်ဖေးမှာချည်ထားသော စပယ်၏သားလေး 'တိုးလေး'နှင့် မိမဲ၏သမီး 'မိညိုလေး' တို့ကို တွေ့ရသည်။ သူတို့မိခင်များနှင့် အခြားနွားများတော့ အိမ်တွင် တစ်ကောင်မျှမရှိဲ။ အပြင်စားကျက်မှာ သံချောင်းက နွားကျောင်းနေသည်။ နို့စို့ကလေးများကိုသာ မအေ့နို့ ဆွဲမည်စိုး၍ ထုံးစံအတိုင်း ထားပစ်ခဲ့ခြင်းဖြစ်သည်။
ဟာ...သည်တော့ ဘာပြောကောင်းမလဲ။ ခြံပိုင်ရှင်သား အမှူးပြုသည့် ချာတိတ်တစ်စုသည် နွားကလေးတွေ လာဖြေပြီး သူတို့ခွေးများနှင့် ခြံကျယ်ကြီးထဲမှာ အမဲလိုက်ကြကုန်သပေါ့။ ကလေးသံ၊ ခွေးသံ၊ နွားကလေးသံ တညံညံကြားရတော့မှ မနက် ၃ နာရီလောက်ထရ၍ နေ့လယ်တစ်မှေးစက်နေသော ဘကြီးဖြိုး အိပ်ရာမှ နိုးလာကာ သိရလေသည်။
သို့သော် နောက်ကျခဲ့လေပြီ။
ခြံထဲပြေးလာပြီး လူကြီးတွေကို တိုင်၊ လူကြီးတွေက ဖဲဝိုင်းမှ မထချင် ထချင်နှင့် ထကြပြီး ကလေးတွေကို အော်ပြေ၊ ခွေးတွေကို အမိန့်ထုတ်။ ဤနေရာမျိုး၌ အယ်လ်ဇေးရှင်းခွေးကြီးမျိုးကို ချီးမွမ်းရပါမည်။ လူသား ကလေးတို့သည် ချက်ချင်းကြီး တားဆီးမရသော်လည်း ခွေးကြီးများမူ သခင့်အသံကြားသည်နှင့် တစ်ပြိုင်နက် နွားကလေးများနောက် လိုက်နေရာမှ ရပ်တန့်ပြီး သခင့်ဆီ ပြန်လာကြသည်။
သို့ရာတွင် တိုးလေးတစ်ကောင်သာ ချမ်းသာရာရ၍ မိညိုလေးမှာ ကြောက်အားလန့်အားနှင့် ပြေးရင်း ခြံစပ်ရိုးထဲရှိ ရေတွင်းအိုထဲကျ၍ လည်ဆစ်ကျိုးပြီး သေရှာသည်။ ဘကြီးဖြိုးတို့ လှေကားနှင့်ဆင်းပြီး ဆယ်ယူတော့ အသက်မရှိတော့။ ခြံပိုင်ရှင်က ဘကြီးဖြိုးအား "ခင်ဗျားနွားကလေးက ဘယ်လောက်တန်မှာလဲ" ဟု မေးသည်။ ဘကြီးဖြိုးက "ဟာ... ကိစ္စမရှိပါဘူး ဆရာကြီးရယ်" ဟု ပြောသည်ကို သူဌေးက ငွေငါးဆယ် ပစ်ပေးခဲ့သည်။ စင်စစ် နွားကလေး ဤအရွယ်သည် ငါးဆယ်တစ်ရာထက် ပိုမတန်သော်လည်း ၃ နှစ်လောက်အကြာ နွားပေါက်မတမ်းဖြစ်ခဲ့သော် မိညိုလေးတို့အမျိုးမှာ နို့စားနွားကောင်းမျိုးဖြစ်၍ အဖိုးတစ်ထောင်ကျော်ပေမည်။
သူဌေးတို့လူစု ထွက်ခွာသွားပြီးနောက် မျက်ရည်စို့နေသော ဘကြီးဖြိုးသည် နွားသေလေးကို ပွေ့ချီယူကာ ဤရွာထဲတွင် ဤမှာဘက်၌ကျွမ်းကျင်သော ကိုပြားကြီးကို အမြန်သွားခေါ်ခိုင်းရသည်။ ကိုပြားကြီးသည် နွားသေကို အမဲဖျက်နေကျ။ ထုံးစံအားဖြင့် နွားခေါင်းနှင့် ခြေဆစ်လက်ဆစ်တွေကို အားလုံးဖြတ်ပြီးတော့မှ ပက်လက်လှန်၍ ဝမ်းဗိုက်အလယ်တည့်တည့်မှ အရှည်လိုက်ခွဲပြီး သားရေကို လွှာရမည်။ ယခု ဤနွားကလေးကျတော့ ကိုပြားကြီးသည် နွားကလေးဦးခေါင်းကို မဖြတ်၊ ခြေလက်တို့ကိုလည်း ဒူးဆစ်မှမဟုတ်ဘဲ အောက်ခွာဆစ်သာ ဖြတ်ပြီး ခြေချောင်း၊ လက်ချောင်း သားရေကိုပါ ရအောင်လွှာသည်။ ဦးခေါင်းမှာလည်း မေးအောက်ကခွဲပြီး မျက်နှာကို ပုံစံမပျက်အောင် အတွင်းသားကို ထုတ်ယူသည်။
ယင်းသည်တို့ပြီးသည့်နောက် ဘကြီးဖြိုးသည် နွားကလေးသားရေ ကိုယ်ထဲသို့ ကောက်ရိုးအပြည့်သိပ်ကာ မူလနွားလေးပုံစံအတိုင်းဖြစ်အောင် ဂုန်နီအိတ်ချုပ်သော အပ်နှင့် ခွဲထားသည်ကို သေချာစွာလျှောက်ချုပ်လေသည်။ ဤတွင် ခြေလေးချောင်းထဲမှ တုတ်လေးချောင်းနှင့် ကျောရိုးမှာ တုတ်တစ်ချောင်းထည့်ထားခြင်းဖြင့် နွားရုပ်ကလေးသည် လေးဖက်ထောက်၍ မတ်တတ်ရပ်နိုင်လေ၏။
ယင်းကား နို့စားနွားမ မွေးမြူသူတို့ နွားကလေး မတော်တဆသေခဲ့သော် လုပ်ရိုးလုပ်စဉ်ပါတည်း။ အကြောင်းမှာ နွားမကြီးများသည် သူတို့သားကလေးများ ရှိနေပါမှ၊ သူတို့သားကလေးများကို မြင်ရပါမှ နို့ထွက်သည်။ နို့ညှစ်၍ရပါသည်။ ဤသို့ အရုပ်မလုပ်ထားပါက နွားမကြီးသည် သားကိုတမ်းတလျက် တဘဲဘဲအော်နေပြီး အစာရေစာ ကောင်းစွာ မစားသောက်တော့မူ၍ နို့ကန်းသွားလေ၏။
ထို့ကြောင့် မိညိုလေးမှာ နွားစစ်စစ်မဟုတ်။ သူ့သားရေပြားနှင့် နွားရုပ်မျှသာဖြစ်နေသောကြောင့် ညအချိန်မှာ ခွေးလွတ်ရာ တိုင်မြင့်တွင် ချိတ်ထားရသဖြင့် ဘကြီးဖြိုးက သံချောင်းအား " မိညိုလေးကို ဖြုတ်ခဲ့ဟေ့" ဟု ပြောခြင်းပတည်း။ နွားမမိမဲကြီးသည် ဤအရုပ်(သူ့သမီးလေး) ရှေ့သို့မရောက်လျှင် နို့ချပေးလေ့မရှိ၊ သံချောင်းဖြုတ်ယူလာကာ သူ့ရှေ့တွင် ချထားလိုက်ပါမှ ဘကြီးဖြိုးက အားရပါးရညှစ်ရပေတော့သည်။
ဤသို့ ဘကြီးဖြိုးညှစ်နေစဉ်တွင် နွားမကြီးသည် သူ့ရင်သွေးကလေးကို တစ်ကိုယ်လုံးအနှံ့အပြား နှုတ်သီးဖြင့် ထိုးလိုက်၊ နှာခေါင်းဖြင့်နှမ်းလိုက်၊ လျှာဖြင့်လျက်လိုက်၊ တယုတယလုပ်နေပုံမှာ တစ်နေ့မှ နှစ်ခါသာ)နို့ညှစ်စဉ် မြင်တွေ့ရသော သူ့သမီးလေးကို ချစ်၍အားမရ မတင်းတိမ်နိုင်အောင်ရှိလှပါသည်။
ထိုစဉ် နွားမကြီးသည် သူ့ကလေးရုပ်ကလေးမှာ အသက်မရှိတော့ပြီကို သိလေသလော၊ မသိလေသလေ။
0 Comments