ပွဲဈေးတန်း - ခင်ခင်ထူး (ဝတ္ထုတို)

 ဝတ္ထုတို အမည် - ပွဲဈေးတန်း

စာရေးသူ - ခင်ခင်ထူး

Short Story


-------------------------------------------------

ပွဲဈေးတန်း


#ခင်ခင်ထူး


“တစ်နှစ်တစ်ခါ ရွာဦးစေတီဘုရားပွဲပါနိုင်တဲ့ နှစ်မှပါတတ်တဲ့ ဇာတ်ပွဲ၊ အငြိမ့်ပွဲဆိုတာမျိုးကတော့ ကြုံတောင့်ကြုံခဲကိုး သည်တော့လည်း ဘယ်လိုမင်းသား ဘယ်လိုမင်းသမီးဖြစ်ဖြစ်၊ ငဖြူလာလာ ငမည်းလာလာ ကြည့်ရဖို့သာ ပဓာန ကြည့်လိုက်ရချေသေး ဆိုတဲ့ ကြိမ်းသံမောင်းသံတွေကလည်း နှစ်ဝက်လောက်ကတည်းက အားခဲထားကြရတာ မလား”


မနက်ဝေလီဝေလင်းကတည်းက ဘုရားပွဲဈေးခင်းကလေးက “စည်”နေပါပြီ။ တောဘုရားပွဲဆိုတော့ ရွာတွေရဲ့ ထုံးစံ ပွဲတော်ရက် မတိုင်ခင်နှစ်ရက်သုံးရက်လောက်ကတည်းက တဲကနားဖျင်းတွေ ထိုးပြီး ဆိုင်နေရာ မဲနှိုက်နှင့်ကြပြီးသားကိုး။မြေခင်းဈေးသည်တွေကတော့ ဟိုတိုးသည်တိုးပေါ့။ ပွဲနေ့ရောက်တာနဲ့ မီးခိုးတအူအူ၊ ဖုန်တလုံးလုံးနဲ့ ပွဲခင်းလေးကို စပြီးပုတ်နှိုးလိုက်ကြပြီ။


ဘာဖွင့်ပွဲမှမလိုဘူး။ သူ့ဟာသူ စည်လာတာပါ။

ပွဲဈေးတန်းဆိုပေမယ့် ပွဲကမယ့် ဇာတ်ခုံနေရာနဲ့ကတော့ အတော်ကလေး လှမ်းတယ်။ လှမ်းတယ်ဆိုတာက ပွဲဈေးတန်းနဲ့ ဇာတ်ခုံ ရောမနေအောင် တမင်ခွာထားတာပါ။ ဇာတ်ခုံရှေ့မှာက တစ်ဧကခွဲ လောက်ကျယ်တဲ့ ပွဲခင်းကွက်လပ်ကြီးရှိတယ်။ အဲ့သလောက် မရှိလို့လည်း မဖြစ်ဘူး။ ရွာပေါင်းစုံက ပွဲလာကြည့်မှာဆိုတော့ နေရာကျယ်ပါမှ။ ဖျာစုတ်တွေ၊ အိမ်ထရံစုတ်တွေ၊ဝါးကပ်ကြမ်း တွေ၊ နှမ်းရိုးတွေ၊ မြေဆီအိတ်ခွံ ညစ်စုတ်စုတ်တွေ စိုက်ထားတဲ့ ငုတ်တွေနဲ့ ပြည့်ကျပ်အောင် နေရာယူထားကြတယ်။


ပွဲခင်းရဲ့ ဘေးပတ်ပတ်လည်မှာ ဟိုရွာသည်ရွာက ပွဲကြည့်လာကြမယ့်လှည်းတွေ ချွတ်ဖို့နေရာဆိုတာကလည်း နေရာအတော်ကလေး ပေးထားရတယ်။ လှည်းလှည့်သာ နွားလှည့်သာပေါ့။ အဲသည်ပွဲခင်းနေရာကိုက စိုက်မြေလေးငါးကွက်စာလောက် ရှိတာပါ။ပွဲခင်းနဲ့ တည့်တည့် လောက်မှာမှ ပွဲဈေးတန်း ဆိုင်ခန်းကလေးတွေ ရှိတယ်။


ပွဲဈေးတန်းဆိုလို့ မြို့ဘုရားပွဲတွေလို အစီအတန်း

သပ်သပ်ခပ်ခပ် မဟုတ်ဘူး။ ရိတ်သိမ်းပြီးစ သစ်ခင်းတွေကြားထဲမှာ မိုးတိုးမတ်တတ် ပေါက်နေတတ်တဲ့ထန်းပင်ကြီးတွေ၊ ဆူးချုံတွေနဲ့လွတ်တဲ့ နေရာ။ ကန်သင်းရိုးပြေတဲ့နေရာ။ မြေပပ်ကြားအက်၊ချိုင့်ခွက်၊ အဖုအထစ်တွေ ညှိဖို့ပြုဖို့ အဆင်ပြေတဲ့နေရာမှာ ကြုံသလို ကျသလို ရှိသမျှပစ္စည်း ကလေးနဲ့ အဖြစ်ဆောက်ထားရတာပါ။


ပွဲခင်းဘက်ကို လှည့်ထားတဲ့ ပွဲဈေးတန်း ထိပ်နဖူးမှာက တောလက်ဖက်ရည်ချိုဆိုင်ကလေးတစ်ဆိုင် ရှိတယ်။ သည်ဆိုင်က ဆယ်ရက်လောက် ကတည်းကကြိုရောက်နှင့်တာ။ သူနဲ့ တစ်ဆက်တည်းမှာ ခေါက်ဆွဲသုပ်၊ မုန့်တီသုပ်ရောင်းတဲ့ ဆိုင်သုံးလေးဆိုင် ရှိတယ်။ ထန်းရည်နဲ့ တွဲရောင်းတဲ့ ဆယ့်နှစ်ပွဲကူး အကြော်ဆိုင်ကြီး တစ်ဆိုင်လည်းရှိရဲ့။ မရှိမဖြစ် အရက်ဆိုင်ကလေးတွေ ကတော့

မလွတ်ဘူး။


ပွဲဈေးတန်းအလယ်လောက်မှာ ဆံပင်ကောက်ဆိုင်နဲ့

ဓာတ်ပုံဆိုင်ကတွဲလျက် ရွက်ဖျင်ရုံကြီးထိုးထားပြီး မင်းသား၊မင်းသမီးပုံတွေ ချိတ်ထားတယ်။ တရုတ်စီဝိုင်စီ ပွင့်ရိုက်ထည်ကလေးတွေ အလျားလိုက် တွဲလောင်းချထားတဲ့ အထည်ဆိုင်နဲ့ အလှကုန်ရောင်းတဲ့ဆိုင်ကြီးကတော့ ရွာသူတွေ အကြိုက်ပေါ့။ မြိုင်လို့။ ကလေးကစားစရာ ပလတ်စတစ် ပစ္စည်းမျိုးစုံကလည်း ကလေးတွေကို မျက်စပစ်ရင်း ဝါးလုံးတန်းတွေမှာ တိုးလိုး

တွဲလောင်း။ ဝါးလုံးတွေ ထိုး၊ ထန်းလက်တွေမိုးပြီး ဆိုင်ပီပီသသဆောက်ထားတဲ့ သည်လိုဆိုင်တွေကြားမှာ ဖင်တစ်ထိုင် ခုံခင်းပြီး ရောင်းတဲ့ မုန့်ဆိုင်ကလေးတွေကလည်း ဝါးရုံတောထဲ မှိုပေါက် နေသလိုပါပဲ။


ဈေးဆိုင်၊ မုန့်ဆိုင်တွေရဲ့ ကြောဘက်မှာရှိတဲ့

အံစာဝိုင်းတွေဆီက ဂလုံးဂလုံးအသံတွေကလည်း တဒုန်းဒုန်းနဲ့။ကြက်၊ ဆင်၊ ကျား၊ ပုစွန်၊ လိပ်၊ ငါး ဆိုတာတွေကတော့ တိရစ္ဆာန်ရုံ ရောက်နေသလား မှတ်ရတယ်။


ကလေးတွေကတော့ အိမ်သေးသေး တစ်လုံးစာလောက်မြင့်တဲ့ ရဟတ်အိုကြီးဘေးမှာ ဝိုင်းလို့အုံလို့။ ပွဲတော်ရက်ရောက်မှ စီးရတာဆိုတော့ အလွတ်မခံချင်ကြဘူး။ ပွဲခင်းဆီက ဘာသံမှ မကြားရသေးပေမယ့် ဟိုဆိုင် သည်ဆိုင်ကဖွင့်တဲ့ ကက်ဆက်၊ဆောင်းဘောက်သံတွေကတော့ မဖြစ်ညစ်ကျယ် ကြားနေရပါပြီ။


မီးခိုး တအူအူ၊ ဖုန့်ငွေ့တလူလူကြားမှာ ရွာခံပွဲတော်လာ ဖြိုးတိုးဖျောက်တောက်ကလည်း ပွဲဈေးတန်းဘက် ပြေးမော့လိုက်၊ရွာထဲပြန်ပြေးလိုက်နဲ့ သွေးပူလေ့ကျင့်ခန်း ဆင်းကြလို့။


တစ်နှစ်တစ်ခါ ရွာဦးစေတီဘုရားပွဲပါနိုင်တဲ့ နှစ်မှပါ

တတ်တဲ့ ဇာတ်ပွဲ၊ အငြိမ့်ပွဲဆိုတာမျိုးကတော့ ကြုံတောင့်ကြုံခဲကိုး။သည်တော့လည်း ဘယ်လိုမင်းသား ဘယ်လိုမင်းသမီး ဖြစ်ဖြစ်၊ငဖြူလာလာ ငမည်းလာလာကြည့်ရဖို့သာ ပဓာန။ ကြည့်လိုက်ရချေသေး ဆိုတဲ့ကြိမ်းသံ မောင်းသံတွေကလည်း နှစ်ဝက်လောက်ကတည်းက အားခဲထားကြရတာကလား။ သည်နေ့သည်ရက် သည်ညခင်းကလေးကို ရောက်ရပါ့မယ့်အကြောင်း မျှော်လိုက်ရတာဆိုတာကလည်း “ကတော” ရွာထွက် ညောင်ရေအိုးကို ဖြစ်လို့။


“တွီ....တော်.... ဟုတ်ကဲ့ ကျွန်တော်များရဲ့ ရုံတော်

မင်္ဂလာ ကန့်လန့်ကာ အသာမလို့ လာသမျှ ရွှေပွဲလာများကို ကြိုဆိုလိုက်ပါပြီ”


ပွဲဈေးတန်းအစွန် ရွက်ဖျင်တဲကြီးဆီက တရွှီရွှီ တတော်တော် အသံချဲ့စက်သံ ဆူဆူညံညံ ဝေါခနဲ ထွက်ကျလာတယ်။ပွဲဈေးတန်းကြို၊ ပွဲဈေးတန်းကြား ကျွမ်းထိုးကြ၊ ဖျာနေရာစောင့်ကြ၊ခဲထုကြ၊ ပွက်ပွက်ရိုက်ဆော့နေကြတဲ့ ဖိုးထောင်တို့ ကလေးတစ်သိုက် အသံကြားရာ တစ်ပြိုင်တည်း ပြေးကြတော့တာပဲ။ ရွက်ဖျင်တဲပေါက်က သေတ္တာခွံကြီး ပေါ် တင်ပျဉ်ခွေထိုင်ရင်း မိုက်ခွက်ကို ဟန်ပါပါကိုင်ထားတဲ့ ရုံပိုင်လူကြီးက ကလေးအုပ်ကြီးကို အရင်ဆီးဟန့်လိုက်ရတယ်။ ပြီးတော့မှ ခပ်လှမ်းလှမ်းကနေ ပွဲခင်းထဲ သုတ်သုတ် သုတ်သုတ်နဲ့ လာနေတဲ့လူတွေဆီ လှမ်းကြည့်ပြီး ဆက်အော်တယ်။


အသံချဲ့စက်သံက ပွဲခင်းကိုပေးတာ မဟုတ်သေးဘူး။ရွာကိုပေးနှင့်တာ။ ဟွန်းက ရွာဘက်တစ်လုံး လှည့်ထားတာကိုး။ကောင်းလိုက်တဲ့စက်။ ရွာပေါက်ကြားရတာ ဟိန်းလို့။


“ဟုတ်ကဲ့... ကျွန်တော်များရဲ့ သားကလေးတိုးပွား

မောင်ဆိုတာ တကယ့်သနားစရာ ချစ်စရာနွား သတ္တဝါကလေးပါ အဟိတ် တိရစ္ဆာန်နွားဆိုပေမယ့် လူသားနဲ့မခြား မိဘကိုလုပ်ကျွေးသမှု ပြုနေတဲ့သားကလေး ပြောရရင်တော့ဗျာ ဟိုး လူ့ဘဝတုန်းက မိခင်ဝမ်းကနေ ကျွတ်ပြီးကျွေးမွေး သုတ်သင် လာတာ ခုနှစ်နှစ်သားအရောက် ကိုရင်ကလေး သင်္ကန်းစီးပြီးလို့ မကြာဘူး မရဏမင်းက လာလိုက်ခဲ့တော့ခေါ်လို့ ပါသွားရ မိဘများရင်ကျိုးပြီပေါ့ သားရေ အမေ့သား အမေ အားကိုးရမယ့်သား အခုတော့ အမေ့ကိုပစ်သွားပြီလား သားရဲ့ ထားရက်ခဲ့ ပြီလား

မိခင်ခမျာ မပဋာ မြေလူးပေါ့ခင်ဗျာ စဉ်းစားတော်မူကြည့် သိနိုင်ပါရဲ့.....”


ရုံရှေ့ကို ကလေးတွဲလောင်း သားတွဲလောင်းနဲ့ ရောက်လာကြတဲ့ ဒေါ်ဘုမ တို့တစ်တွေကတော့ မြင်တောင်မမြင်ရသေးတဲ့ နွားကလေးကို မျက်ရည် တွေကလယ်ကလယ် သနားနှင့်ကြပြီ။ရုံပိုင်က ပရိသတ်တွေကို တစ်ချက်လှမ်းအကဲခတ်ပြီးမှ ဆက်အော်တယ်။


“ဟုတ်ကဲ့ သားကလေး တိုးပွားမောင်ဆုံးလို့ တစ်လ

အကြာမှာ မိခင်ကြီးခမျာ အိပ်မက်များမြင်မက်သတဲ့

အမေရေ သားအမေတို့ကို ပစ်မသွားပါဘူး အမေ့ဆီ သားပြန်လာမယ် အမေ ... အမေတို့ အဖေတို့ကို သားလုပ်ကျွေးဖို့ ပြန်လာမှာအမေရဲ့ လို့ သုံးကြိမ် သုံးခါတောင် အိပ်မက်ပေးသတဲ့ အိပ်မက်မက်ပြီး မကြာပါဘူး အိမ်က နွားမကြီးမှာ ဇီးရှိ လာပါလေရော ကိုင်းဗျာ

မထူးဆန်းဘူးလား”


ပွဲဈေးတန်းဘက် ခေါက်ဆွဲသုပ် ကလေးတစ်ပွဲ

ထွက်စားရင်းက သည်ရုံဘက်ရောက်လာတဲ့ ဘကြီးမှုန်တစ်ယောက်ကတော့ မြေကြီးပေါ်ကို ထိုင်လိုက်ရင်း တောင်ဝှေးကို ထောင်လိုက်ရင်း တရားများနာသလို မျက်စိတွေ စုံမှိတ်လို့။ ငြိမ်ငြိမ်ကလေး နှလုံးသွင်းနေပုံရရဲ့။ တောသူ တောင်သားဆိုတော့နွားမွေးတယ် ကြားတာကိုပဲ အရသာရှိနေတာမျိုး။


“ဟုတ်ကဲ့ နွားမကြီးသားမွေးတော့ နွားကလေးမှာက

ခေါင်းက နှစ်လုံး၊ ခြေထောက်က ခြောက်ချောင်း၊ အံ့ဩစရာ ကောင်းလိုက်ပုံများ တော့လေ ဟဲ ဟဲ သေချာကြည့်ကြစမ်းပါဦးတဲ့အမှတ်ကလေးဘာလေး များမပါဘူးလား ကြည့်လိုက်တော့ လည်ပင်းမှာအမှတ်ကြီးက ထင်းခနဲ သားကလေးတိုးပွားမောင် လူ့ဘဝတုန်းက လည်ပင်းမှာ ဆင်ခူလည်ပြတ်နာကြီးပေါက်ပြီး သေသွားရှာတာကိုး သေချာပြီ ဒါ ငါ့သားကလေး တိုးပွားမောင် ဝင်စားတာပါပဲတဲ့။သားရယ် ဖြစ်ရလေ သားရယ် ဟယ်... ဟယ်....”


ပွဲခင်းဘက် က ဖျာနေရာကလေးပျောက်မှာစိုးလို့

တစ်ခေါက်လာ ကြည့်တဲ့ အေးမိတို့တစ်တွေကတော့ ရှေ့ကွယ် နေတဲ့ လူတွေကိုတိုးရင်း အသံလာရာမျှော်ကြည့်ရတာ လည်ကြောတွေများထောင်လို့။ လူတွေက စိတ်ဝင် စားလေ နွားဆရာက ဇာတ်ကြောဆွဲလေပဲ။ မင်းသားလေများ ဟဲနေလိုက်တာ ကမယ့်ဇာတ်တောင် အဲသလောက် အသံမအောင် လောက်ဘူး။


“မိခင်က မျက်ရည်ကျတော့. . . နွားကလေး တိုးပွား

မောင်က ခေါင်းနဲ့ဝင်ခွေ့ရှာတယ် ဟော ညကျ အိပ်မက်ပေးပြန်ရော့ အမေ မငိုပါနဲ့၊ အမေမျက်ရည်မကျပါနဲ့ သားဟာ လူဘဝကို ပြန်မရနိုင်တော့လို့ နွားမကြီးဗိုက်ထဲ ဝင်စားရတာပါ တိရစ္ဆာန်ဘဝကနေ အမေ့ကို လုပ်ကျွေးဖို့ သားပြန်လာတာပါ။ယ သားကိုရုံသွင်းပြီး

ပြစားပါအမေ ရတဲ့ငွေနဲ့ အမေစားပါ အလှူအတန်းပြု အမျှဝေပါ သားကုသိုလ် ယူပါရစေအမေလို့ အိပ်မက်ထဲမှာ တတွတ်တွတ် ဆိုရှာသတဲ့လေ ဟော အဲသဟာကြောင့် ကုသိုလ်ကလေး အကြောင်းဆက်ရင်း သားကလေး တိုးပွားမောင်ကို ရှုစားကြပါဦးလို့ ကျွန်တော်များ ဖိတ်ခေါ်ပါတယ် လို့နော်ခင်ဗျား”


သည်တော့မှ ရုံပေါက်ဝမှာ ကပ်ထားတဲ့ ပိတ်စပေါ် သင်္ဘောဆေးနဲ့ရေးထားတဲ့ ဈေးနှုန်းဆီကို လူတွေမျက်စိ ရောက်ကုန်ကြတယ်။ ကလေးသုံးဆယ်၊ လူကြီးငါးဆယ်။ အံမယ် သည်ငွေလောက်တော့ဆိုပြီး ရော့သုံးဆယ်၊ အင့် ငါးဆယ်နဲ့ ရွက်ဖျင်ရုံထဲ တိုးဝင်ကြသူတွေရှိသလိုပဲ ကြည့်ချင်စိတ်တွေရွ နေပေမယ့် ငွေငါးဆယ်တော့ ပေးနိုင်ပေါင်တော် ဆိုသူတွေကလည်း အများကြီး။နွားတော့ ငါးဆယ်ပေးမကြည့်သေးဘူး။ ဗီဒီယို သုံးကား ကြည့်လိုက်မှာပေါ့လို့ တွက်သူက တွက်တယ်။


ရွှေကြည်တို့ ကြင်သန်းတို့ ဆွဲမိတို့တစ်တွေ ကတော့

တိုးမောင် ထက်မြို့ကလာဖွင့်တဲ့ ဆံပင်ကောက်ဆိုင်နဲ့ ဓာတ်ပုံဆိုင်ကို ပိုပြီးစိတ်ဝင် စားကြတဲ့သူတွေပါ။ နွားစားကျင်းထဲ ရေနှစ်ခေါက် သုံးခေါက်လောက် ရွက်ထည့်ခဲ့ပြီး ပွဲဈေးတန်းဘက် လာကြတာ။ မနေ့ညနေကတည်းက ချိတ်ထားတဲ့ ဓာတ်ပုံတွေကို သူတို့ကြည့်ခဲ့ပြီးပြီလေ။ ကာလာဓာတ်ပုံ ရောင်စုံတွေထဲကလိုမိတ်ကပ်လိမ်း၊ ဆေးခြယ်ပြင်ဆင်ပြီး ရိုက်ပေးမယ် ဆိုလိုက်ကတည်းက ညဘက် အိပ်တောင်မပျော်ကြဘူး။ သည်ကနေ့လို ဘုရားပွဲအဝင်ရက်မှာ ဆံပင်ကလေးကောက်၊ ဓာတ်ပုံကလေး ရိုက်ထားမှ အဆင်ပြေမှာပေါ့။ ဒါကြောင့်လည်း အိမ်အလုပ်တွေမနည်းကြီးဖြတ်ချပြီး ဇွတ်ပြေးခဲ့ရတာမဟုတ်လား။ ဓာတ်ပုံကလေးရှိတော့ အိမ်ချိတ်နိုင်တယ်။ ရည်းစားပေးနိုင်တယ်။ပေးစရာ မရှိသေးရင်လည်း သိမ်းထားပေါ့။


“ညီမလေးက အသားညိုချောကလေးဆိုတော့ ရှေ့ရော နောက်ရော ကောက်ရင်လှမှာ ဖြန့်ချချ စည်းထားထားရတဲ့ ဆံပင်မျိုးလေ ဒီဓာတ်ပုံကလေးကိုကြည့်ဘယ်လောက် လှသလဲလို့”


ဓာတ်ပုံထဲက လှချင်တိုင်း လှနေတဲ့မော်ဒယ် မိန်းကလေးကို မြင်ကတည်းက ရွှေကြည်အဲသလို လှလာမယ်လို့ တွက်ပြီးပြီ။သည်လိုသာ လှလာလို့ကတော့ သောင်းတင်က မိသေးကိုဘယ်မြင်နေတော့မလဲ။ သူမှသူ မရရင်မနေဘူး သက်လျာတွေတောင် ဖြစ်သွားဦးမယ်။


“ရှေ့ရော နောက်ရောဆို ဘယ်လောက်လဲတော်”


“ခုနှစ်ရာထဲပါညီမရယ် ဒီခေတ်မှာ ဒါဈေးပေါတာနော်”


“ပလုတ်တုတ် ခုနှစ်ရာ ဟုတ်လား”


ကြင်သန်းက သူ့ရင်ဘတ်ကို သူဖိရင်း မျက်လုံးမျက်ဆံ ပြူးသွားရ တယ်။ သူတို့မှာက နေပူစပ်ခါး တစ်နေ့လုပ်တစ်နေ့စား တောလိုက်သမတွေ မှုတ်လား။ ငွေခုနှစ်ရာ လျှာထွက်အောင် လုပ်ရှာရသူတွေဆိုတော့ မဖြုန်းရက်နိုင်ပေါင်တော်။


“မြို့မှာဆို ထောင့်ငါးရာ နှစ်ထောင်ပေးရတာ ညီမရဲ့

ညီမလေးတို့မို့ အစ်မက လျှော့ပေးတာပါ ငယ်တုန်း လှပရတာကွယ် တောသူဆိုပြီး တစ်သက်လုံး သည်ဆံပင်ပုံကြီးနဲ့ နေသွားရတော့မှာတဲ့ လား ကိုယ်က နဂိုရှိပြီးသား ပြင်လိုက်မှ ရုပ်ထွက်လာမှာ”


အမျိုးသမီးက တစ်ဖက်လှည့်သွားတော့ ရွှေကြည်တို့တတွေ တစ်ယောက်မျက်နှာတစ်ယောက် လှမ်းကြည့်ရင်း မျက်လုံးချင်း တိုင်ပင်ကြတယ်။ ဓာတ်ပုံထဲက မော်ဒယ်မကလေးတွေကို အားကျနေတဲ့သူတို့ မျက်လုံးတွေက အရောင်တစ်လက်လက်နဲ့။ ငွေခုနှစ်ရာ နှမြောတဲ့ကြားက သဘောတူလိုက်ကြဖို့ခပ်ယိမ်းယိမ်းပုံမျိုး။ နောက်ဆုံးတော့လည်း သုံးယောက်စလုံး ဆံပင်ကောက်ဖြစ်သွားကြတယ်။ ဆံပင်ကောက်ပြီး ဓာတ်ပုံရိုက်ကြတယ်။

ဓာတ်ပုံဆိုင်က “တောက်လျှောက်” အင်္ကျီ၊စကပ်ကြီး

တွေ ကျပ်ကျပ်သပ်သပ် ဆင်ပေးတယ်။ ပင်လယ်ကမ်းခြေ နောက်ခံ ဆက်တင်ကားချပ်ရှေ့က ဆိုင်ကယ်ပုံညှပ်ထားတဲ့ သုံးထပ်သားကြီးကို ခွလိုက်လို့။ လည်ပင်းမှာလည်း ခရုပတီးတွေ သီးကြလို့။ပင်လယ် ဘယ်ဆီမှန်းမသိတဲ့ အညာသူတွေ ချောင်းသာ ရောက်ကုန်ကြပြီ။


“ဆိုင်ကယ်နောက်က ခုံပေါ်ကို တက်ထိုင်လိုက်လေညီမခြေထောက်ကို ခြေနင်းခွပေါ်တင် ဒါမှဆိုင်ကယ်စီးထားတဲ့ပုံဖြစ်မှာပေါ့ ဟုတ်ပြီ ပြုံးပြုံးလေး တောင့်မထားနဲ့လေ ခါးကလေးဖျော့ထား သိပ်မရယ်နဲ့ ညီမ”


ဓာတ်ပုံဆိုင်က မျက်နှာခြယ်အပေါစားတွေကို ပြာတောက်နေအောင်လိမ်းပြီး နှုတ်ခမ်းတွေ ရဲပဒေါင်းခတ်အောင် ဆိုးထားတဲ့ ဆွဲမိကရယ်လိုက်တော့ ခေါနေတဲ့သွားက ရှေ့ကိုငေါခနဲ ထွက်လာတာကိုး။ ပြုံးလိုက် ဆိုတော့ သွားကို နှုတ်ခမ်းနဲ့ အုပ်ပြီးစေ့ထားလိုက်တယ်။ သည်တော့မှ ဂဠုန် သွားကိုက်တာနဲ့ တူသွားတော့တာပါ။


“ကဲ ပြီးပြီ၊ တစ်ပုံတော်ပြီလား နှစ်ပုံလောက်ရိုက်ပါ့လားတစ်ပုံမှ တစ်ရာ့ငါးဆယ်တည်းဥစ္စာ နောက်တစ်မျိုးက ဟောသည် ဒန်းပိုက်ကလေး ပေါ်ထိုင်ရိုက်ပေါ့ညီမရဲ့ အဝတ်အစား နောက်တစ်မျိုး လဲပေးမယ်လေ”


သည်လိုနဲ့ တစ်ယောက်နှစ်ပုံစီ ရိုက်ဖြစ်သွားကြတယ်။တစ်ယောက်ငွေတစ်ထောင်စီထွက်သွားလို့ အသည်းခိုက် နှမြောပေမယ့် သည်အစ်မလေးပြောသလို ပျိုတုန်းလုပ်ကြရတာကိုး။ မနှစ်တုန်းက ဆံပင်ကောက်ပြီး ဓာတ်ပုံမရိုက်လိုက်ရတဲ့ ကြင်သန်းအစ်မ ကြင်စန်းတစ်ယောက် သားသည်အမေဘဝရောက်မှ တောက်တခေါက်ခေါက် ယူကျုံးမရဖြစ်ရတာမျိုး ကလည်း သာဓကရှိတာကိုး။


ပွဲဈေးတန်းကလေးကတော့ နေမြင့်လေ စည်လေပဲ။

အထည်နဲ့ အလှကုန်ရောင်းတဲ့ စတိုးဆိုင်ရှေ့မှာ လူတွေဆိုတာ ထန်းလျက်ခဲ ပရွတ်ဆိတ် ဝိုင်းအုံနေသလိုပဲ။ အထည်စဝယ်တဲ့သူ၊အိမ်သုံးပစ္စည်း ကလေးတွေဝယ်တဲ့ သူ၊ ကျွတ် ဘူးကလေး၊မျက်ခုံမွှေးဆွဲတံကလေး၊ ကြိုးဆွဲ နှုတ်ခမ်းနီခဲတံကလေး ဝယ်တဲ့သူ အစုံပဲ။သည်ကြားထဲမှာ ပလတ်စတစ် ကစားစရာအရုပ် ဝယ်တဲ့သားသည်

အမေတွေက အဆိုးဆုံးပေါ့။ ပလတ်စတစ်ခြောက်လုံး ပြူးက အရောင်းရဆုံး။


“သည် ဖော့သေနတ်ကလေးက ဘယ်လောက်တုံးတော့်”


“နှစ်ရာ”


“ပစ်ပြစမ်းပါ တော့်ဥစ္စာ”


ဈေးသည်က သေနတ်ကလေးထိပ်က ဖော့ဆို့ကိုဖွင့်ပြီး ပလတ်စတစ် လုံးကလေးထည့်တယ်။ ပြန်ပိတ်တယ်။ ခပ်လှမ်းလှမ်းက ဝါးလုံးတန်းကိုချိန်ပြီးပစ်ပြတယ်။ ထိုင်းခနဲ မှန်သွားတာကိုကြည့်ပြီး ကလေးက သဘောကျသွားပုံရရဲ့။ မအေကို ဝယ်ပေးဖို့ ဇွတ်ပူဆာတော့ တာပဲ။


“လျော့ဦး... နှစ်ရာများတယ်”


“မများပါဘူးဗျာ။ ဟိုဘက်ရွာတွေမှာဆိုရင် နှစ်ရာ့ငါးဆယ်တောင် ရောင်းခဲ့တာပါ သိပ်မကျန်တော့ဘူးဗျ”


သိပ်မကျန်တော့ဘူးဆိုလေ သားက မအေခါးတို့လေ။


“ကိုင်း သည်ဘက်ရွာတော့ တစ်ရာငါးဆယ်ထားလိုက်”


“မရလို့ပါ အစ်မရယ် ကျွန်တော်တို့က ရောင်းဈေးတစ်ခါတည်း ပြောရောင်းတာပါ”


“မရလည်း နေတော်”


မအေက သေနတ်ကို အပုံထဲဝုန်းခနဲပစ်ချပြီး ချာခနဲ

လှည့်ထွက်ခဲ့တယ်။ ငိုယိုနေတဲ့ ကလေးလက်ကိုလည်း စောင့်ခနဲ ဆောင့်ဆွဲလိုက်လို့။ ဈေးသည်ကိုမူကြည့်လိုက်တာပါ။ ဒါပေမယ့် ဈေးသည်က လှမ်းမခေါ်တော့ ငိုနေတဲ့ ကိုယ့်ကလေးကို မဲရိုက်တော့တာပဲ။ ဘယ့်နှယ် သေနတ်ကလေးတစ်လက်နဲ့ အတော်ကလေး အလုပ်ဖြစ်လာတယ်။


တဒုန်းဒုန်း အံစာကျသံတွေနဲ့ လူအော်သံတွေက အုန်းအုန်းလိုက်လို့။ အိမ်းခနဲ ဆူလိုက်ကြ၊ ရှီးခနဲ ဆဲလိုက်ဆိုလိုက်ကြ။ ကြက်တွေ၊ ပုစွန်တွေ၊ ငါးတွေဆိုတာ ဖုန်တောထဲမှာ နစ်လို့။ အရောင်အဆင်းကလည်း ပျက်ချင်တိုင်း ပျက်နေပြီကိုး။ ကြိုးကလေးတစ်ချက် ဆောင့်ဆွဲလိုက်တိုင်း ခါးကြားက ပိုက်ဆံ ထားခဲ့ရတာ ချည်းပါ။ ဒါပေမယ့် သည်ကြိုးကိုပဲ လုနေကြတာကလည်း အံ့သြစရာ။


ညနေစောင်းမှာတော့ ဟိုရွာသည်ရွာက ပွဲကြည့်လှည်းတွေ အသံတဆူဆူနဲ့ ရောက်လာကြပါပြီ။ ဘုရားပွဲလာတဲ့ လှည်းတွေက ရွာထဲ တန်းမမောင်းကြဘူး။ ပွဲခင်းဘက်ဆီ အရင်မောင်း၊နေရာကောင်းကလေးမှာလှည်းထိုး၊ နွားတွေ အရိပ်ကောင်းကောင်းကလေးမှာဆွဲလာပြီး နှမ်းရိုး တစ်စည်းနဲ့ချွတ်ကြလှန်ကြ။ပြီးမှရွာထဲကို ခင်ရာမင်ရာသွားတယ်။


ဘုန်းကြီးကျောင်းနဲ့ တစ်ဆက်တည်းမှာရှိတဲ့ ရွာဦး ဆုတောင်းပြည့်စေတီ ဘုရားကုန်း ကျဉ်းကျဉ်းကလေးပေါ်မှာ လူတွေ စည်လာပါပြီ။ ရပ်နီး ရပ်ဝေးက ဆွမ်းတော်ကြီးပွဲပို့တဲ့ သူတွေကလည်း တဖွဲဖွဲ၊ ရွာထဲမှာလည်း အဝေးဧည့်တွေ တရုန်းရုန်း။ ကိုယ့်ရွာလာတုန်း ဧည့်ခံကြရတာကိုး။ထမင်းကျွေးရတဲ့ ဧည့်ရှိသလို ဘုရားပွဲမုန့်လောက်နဲ့ပြီး ရတဲ့ဧည့်လည်းရှိတယ်။ ဘုရားပွဲမုန့်ဆိုတာ မုန့်ဆီကြော်၊ မုန့်ဖက် ထုပ်၊မုန့်ခဲဖွယ်စတဲ့ တောမုန့်တွေပါ။ တစ်အိမ်က နှစ်အိမ်ဝင်လိုက်မိရင်တော့ တိုးမစား နိုင်တော့ဘူး။ ကောက်ညှင်းနဲ့ ထန်းလျက် မြန်မာ့သရေစာမုန့်ဆိုတာမျိုးက ဝရုံအပြင် အီလန်သွားတတ်တာမျိုးမှုတ်လား။ တချို့ကလည်း ကျွေးရရုံမကဘူး၊ လက်ဆောင်ပေးရတာတွေလည်း ရှိတယ်။ ကိုယ့်ဆွေမျိုး၊ သူ့ဆွေမျိုး သူ့ရွာ ဘုရားပွဲတုန်းက ကိုယ်ကသည်လို လက်ဆောင်

မုန့်ရထားခဲ့ဖူးရင် မုန့်လက်ဆောင် ပြန်ရတာမျိုးကလည်း ဓလေ့ထုံးစံပါပဲ။


နေရောင်မပြယ့်တပြယ် အချိန်လောက်ရောက်တော့

ရွာထဲက ဧည့်တွေ ပွဲဈေးတန်းကလေးဘက်ဆီ ပြန်ရောက်လာကြပြီး ဝယ်စရာရှိ ဝယ်ကြ၊ ခြမ်းစရာရှိခြမ်းကြ။ သည်အချိန်မှာတော့ ကြိတ်ကြိတ်တိုးပေါ့။ ပွဲဈေးတန်းကလေးထဲမှာ လူတွေပွစာကြဲနေသလို ပွဲခင်းကလေးထဲမှာလည်း လူတွေခဲလို့ပါ။နှစ်လုံးပေါက် ငတ်နေတဲ့ပွဲ ကန့်လန့်ကာအမ စောင့်နေကြတာ။ရွာပေါင်းစုံ ပွဲကြည့်ပရိသတ်ကသာ အားခဲနေကြပေမယ့် ဇာတ်ခုံပေါ်မှာတော့ ဗလာနဲ့ ဟောင်းလောင်း ဇာတ်ကားက ခုထိရောက်မလာသေးဘူး။ သည်အချိန်ဆို ရောက်ဖို့ ကောင်းပြီလေ။တောပွဲရွာပွဲတွေ ဆိုတာ ပွဲစောစောထွက်မှ ကြိုက်တာပါ။ အခုထိ ဇာတ်ကားကရောက် မလာတော့ ရွာဆော်ကိုဩက ဘုန်းကြီးပြေးလျှောက်ရတယ်။ ဘုန်းကြီးကလည်း တပည့်တပန်းထဲက လည်လည်ပတ်ပတ်ရှိတဲ့သူ လေးငါးယောက်ကို ခေါ်ပြီးဇာတ်ကားကြို လွှတ်ရတယ်။ သတင်းယူခိုင်းရတယ်။


မှောင်လာတော့ ဘုရားကုန်းပေါ်က ဒီဇယ်မီးစက်ကြီးကို တဝုန်းဝုန်းနှိုးပြီး ပွဲဈေးတန်းကလေးဘက်ဆီကို မီးပေးလို့ မီးကလေး ဖျောက်ဖျောက်လင်းပါပြီ။ တစ်မနက်လုံး ဆင်ထားရတဲ့ ဘုရားစေတီ ကလေးပေါ်က တန်းဆက်မီးပွင့်ကလေးတွေ မှိတ်ချည်လင်းချည်။ တစ်ဆိုင်ကို မီးချောင်းတစ်ချောင်းကျနှုန်း ဆင်ပေးထားတဲ့ မီးချောင်းရောင် အောက်မှာ လူတွေကတော့ အုံကြီးမဲကြီး။ဇာတ်ပွဲကိုမျှော်ရင်း ပွဲဈေးတန်း ကလေးထဲ တိုးတိုး‌ခွေ့ခွေ့။ တိုးပွားမောင် ရုံရှေ့မှာ၊ ဓာတ်ပုံဆိုင်ရှေ့မှာ၊ စတိုးဆိုင်ရှေ့မှာ၊ အကြော်ဆိုင်၊မုန့်ဆိုင်၊ လက်ဖက်ရည်ဆိုင်တွေမှာ လူတွေ ပျားအုံတုတ်နဲ့ထိုး ပွစာကြဲလို့။ စားကြလို့ သောက်ကြလို့။ ပွဲမရောက်သေးတော့လတ်လျားလတ်လျားပေါ့။ ဇာတ်ခုံကြီး ကတော့ဘာအဆင်တန်ဆာမှ မရှိသေးဘူး။ ဇာတ်ကား အချိန်မီ မရောက်လာလို့ပွဲမှကြည့်ရပါတော့ မလားဆိုပြီး မြည်တွန် တောက်တီးတဲ့သူက တီးပေါ့။

တော်တော်ကြီးနေ တော့မှ ဇာတ်ကြို အဖွဲ့ပြန်ရောက်လာတယ်။ဘုန်းကြီးကို လျှောက်ကြတာပေမယ့် သတင်းက

ပွဲခင်းထဲရောက်လာတယ်။


“ဇာတ်ကားကြီးက တောင်ဘက်ရွာသဲချောင်းထဲ သဲနစ်နေလို့တဲ့ ဇာတ်ပစ္စည်းတွေ လှည်းတွေနဲ့ ကဲ့ရမှာတဲ့”


ဇာတ်ခုံပေါ်မှာ ဘာမှမရှိသေးပေမယ့် ပွဲဈေးတန်း

ကလေးထဲက လူတွေကတော့ ဇာတ်လှည်းတွေ အလာကို စောင့်ရဦးမှာပါ။ အဝေးရွာက လှည်းတွေကလည်း ရောက်မှတော့ မထူးပါဘူးဆိုပြီး ရွာထဲမှာ ထမင်းတလော ဝင်စားကြပြန်တယ်။ ဘုန်းကြီးရဲ့လှည်းဆင့်သံအသံချဲ့စက်က ထွက်လာတော့ ရွာလှည်းတွေ အသင့်ဖြစ်ပါပြီ။ သဲချောင်းဘက် ဒုန်းစိုင်းကြလေရဲ့။

ညသန်းခေါင်လောက်တော့ ကဖြစ်မယ်ထင်ပါရဲ့။ ပွဲဈေးတန်းကတော့ ဇာတ်မလာလေ ရောင်းရလေ။ မုန့်ပေါင်းသည်တောင် လက်မလည်ဘူး။

Post a Comment

0 Comments